ကန်ပက်လက်မြို့နယ်အတွင်းကျူးကျော်ဝင်ရောက် တပ်စွဲထားသော လက်နက်ကိုင် အဖွဲ့အစည်းများ ရှိပါက ချက်ချင်းပြန်လည်ရုပ်သိမ်းပေးရန် CDF-Kanpetle ထုတ်ပြန်
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက် တပ်စွဲထားသော လက်နက်ကိုင် အဖွဲ့အစည်းများ ရှိပါက ချက်ချင်းပြန်လည်ရုပ်သိမ်းပေးရန် CDF-Kanpetlet က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်း မရှိစေရ ဟူသောမူဝါဒကို အခိုင်အမာချမှတ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲများစွာဆင်နွှဲခဲ့ပြီး ကျင်ဒွေးမြို့အပါအဝင် ကန်ပက်လက်မြို့နယ် တစ်ခုလုံးကို ၂၀၂၄ ခုနှစ်အတွင်း ချင်းညီနောင်စစ်ဆင်ရေးဖြင့် အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို တခြားသော ချင်းညီနောင်စစ်ဆင်ရေးတွင်လည်း ပါဝင်တိုက်ပွဲဝင်လျက်ရှိကြောင်း CDF-Kanpetlet က ဆိုသည်။
ကန်ပက်လက်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးလိုအပ်ချက်အရ တာဝန်ဖြင့် ခရီးသွာလာသော CDF-Kanpetlet တပ်ဖွဲ့ဝင်များကို CDF-Daai ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်စစ်ကြောင်းထိုးနေသည်ဟု Daai Regional Council (DRC) က ဇူလိုင်လ ၁၅ ရက်နေ့တွင် မဟုတ်မမှန် ထုတ်ပြန်ခဲ့သည်ဟု CDF-Kanpetlet က ပြောသည်။
CDF-Kanpetlet တပ်ဖွဲ့ဝင်များသည် ကန်ပက်လက်မြို့နယ်အတွင်း၌သာ သွားလာလှုပ်ရှားနေခြင်း ဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိန်းချုပ်နယ်မြေသို့ ကျူးကျော်ဝင်ရောက်ခြင်းမရှိကြောင်း CDF-Kanpetlet က တုန့်ပြန်ထားသည်။
CDF Kanpetlet သည် ကန်ပက်လက်မြို့နယ်တခုလုံးအား အပြည့်အဝကိုယ်စားပြုသော တပ်ဖွဲ့ဖြစ်သောကြောင့် မြို့နယ်အတွင်းရှိ မည်သည့်နေရာတွင်မဆို ဆက်လက်လှုပ်ရှားမည်ဖြစ်ပြီး အခြားသော လက်နက်ကိုင်အဖွဲ့စည်း တစ်ခုခုမှ ကျူးကျော်ဝင်ရောက်နှောက်ယှက်လာပါက ကျူးကျော်ဝင်ရောက်နှောက်ယှက်သော အဖွဲ့အစည်းမှ အပြည့်အဝ တာဝန်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်း – James Roe
