စစ်ဘေးရှောင်များ လိုက်နာရမည့် စည်းကမ်းချက်အသစ်များကို Champhai Sub-Headquarter YMA က ထုတ်ပြန်
ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်တွင် မြန်မာစစ်ဘေးရှောင်များလိုက်နာရမည့် စည်းကမ်းချက်အသစ်များကို Champhai Sub-Headquarter YMA က ထုတ်ပြန်ထားသည်ကို သိရသည်။
အဆိုပါ စည်းမျဉ်းသစ်ထဲတွင် စစ်ဘေးရှောင်များအနေဖြင့် သီးခြားအသင်းတော် တည်ထောင်ခွင့်မရှိဘဲ နဂိုရှိနှင့်ပြီးသား အသင်းတော်များသို့ ဝင်ရောက်ကြရမည်ဖြစ်ပြီး မျိုးနွယ်စုကိုအခြေခံသော အသင်းအဖွဲ့များ ဖွဲ့စည်း၍လည်း မရကြောင်း ဖော်ပြထားသည်။
စစ်ဘေးရှောင်များသည် မိမိတို့နေထိုင်သည့် ကျေးရွာ၊ ရပ်ကွက်တိုင်းမှ တာဝန်ရှိသူများထံ အမည်စာရင်း ပေးသွင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်ပြားများကို တာဝန်ရှိသူများထံ အပ်နှံရမည်ဖြစ်သည်။
နိုင်ငံ့တော်ဥပဒေနှင့် ရပ်ကွက်၊ ကျေးရွာစည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရမယ်ဖြစ်ပြီး မလိုက်နာသူများကို အရေးယူခံရမည်ဖြစ်ကာ မည်သည့်ပြောဆိုပိုင်ခွင့်မရှိကြောင်း ဆိုသည်။
စစ်ဘေးရှောင်များသည် တခြား ရပ်ကွက်၊ ကျေးရွာများသို့ ပြောင်းရွှေ့မည်ဆိုလျှင် သက်ဆိုင်ရာ YMA တာဝန်ရှိသူများထံ ကြိုတင်အသိပေးကာ YMA တာဝန်ရှိသူ၏ ထောက်ခံစာဖြင့်သာ ပြောင်းရွှေ့ရမည်ဟု အသိပေးထားသည်။
မူးယစ်ဆေးဝါး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်းမပြုလုပ်ရန်နှင့် အကယ်၍ ပါဝင်ပတ်သက်သူများသည် တရားဥပဒေအတိုင်း ထောင်ဒဏ်ကျခံရမည်ဖြစ်ပြီး ထောင်မှ ပြန်လည်လွတ်မြောက်လာသည့်နောက်တွင်လည်း မိမိတို့နေရပ်သို့ ပြန်ရမည်ဖြစ်သည့်အပြင် ကျူးလွန်သူများ၏ ဓါတ်ပုံနှင့် နာမည်များကို လူမှုကွန်ယက်ပေါ် တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ဘေးရှောင်များအနေဖြင့် အစိုးရထံ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သော မည်သည့်စီးပွားရေးလုပ်ငန်းမှန်သမျှ လုပ်ခွင့်မရှိကြောင်း၊ အိမ်/ခြံ/မြေများ ပိုင်ဆိုင်ခွင့်မရှိကြောင်း၊ တောင်ယာများလည်း လုပ်ခွင့်မရှိကြောင်းနှင့် အရေးကြီးကိစ္စ မရှိပါက ညအချိန် အပြင်မထွက်ကြရန် သတိပေးထားသည်။
စစ်ရှောင်များတွင် သေဆုံးသူများရှိသာသည့်အခါတွင် ရပ်ကွက်၊ ကျေးရွာအတွင်း သင်္ဂြိုလ်မည်ဆိုပါက ဧည့်သည်အဖြစ်နှင့်သာ သဂြိုလ်ရမည်ဖြစ်ပြီး နာရေးရံပုံငွေများကိုမူ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း Champhai Sub-Headquarter YMA က ထုတ်ပြန်ထားသည်။
Sub-Headquaters YMA, Champhai Co-ordination Committee ( SCC) ၏ ၂၂ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ကျန်ဖိုင်ခရိုင်ထဲရှိ YMA ဌာနခွဲများအားလုံးအနေဖြင့် စစ်ဘေးရှောင်များအရေးတွင် တူညီသည့်လုပ်ဆောင်ချက်များ လုပ်နိုင်ရန် စည်းကမ်းချမှတ်သင့်ကြောင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး စစ်ဘေးရှောင်များအတွက် စည်းကမ်းအသစ်ကိုလည်း ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
သတင်း – James Roe
