မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ဖွဲ့စည်းမှုကို မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့များက ကန့်ကွက်
ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မတူပီမြို့နယ်ရှိ ချင်းညီနောင်တပ်ဖွဲ့ဝင် CDF-Matupi, Brigade-1 က ဖွဲ့စည်းထားသည့် မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO) ကို ပြည်တွင်း/ ပြည်ပရှိ မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့ ရှစ်ဖွဲ့မှ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်ကို သိရသည်။
Matupi Revolutionary Organization(MRO) ကို ဖွဲ့စည်းလိုက်ခြင်းသည် တော်လှန်ရေးရည်မှန်းချက်ဖြစ်သည့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီရရှိရေးမှ လွဲချော်ကာ လက်နက်ကိုင်အဖွဲ့အစည်းက အလုံးစုံချုပ်ကိုင်သည့် လက်သစ်အာဏာရှင်စနစ် ဖြစ်ပေါ်နိုင်သည့် လုပ်ဆောင်မှုဖြစ်သောကြောင့် အပြင်းအထန် ကန့်ကွက်ပြီး သဘောမတူ မထောက်ခံကြောင်း မတူပီတော်လှန်ရေးအစုအဖွဲ့များက ဆိုသည်။
မတူပီတော်လှန်ရေးအဖွဲ့ချုပ်(MRO)ကို ဧပြီလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်အပေါ် မတူပီတော်လှန်ရေးအဖွဲ့များအနေဖြင့် သိရမှု၊ ပါဝင်မှုမရှိဘဲ Defense တစ်ခုတည်း၏ သဘောထားဖြစ်သာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ရည်ရွယ်ချက်နှင့် လုပ်ငန်းကဏ္ဍများသည် အရပ်ဘက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအား ပါဝင်စွတ်ဖက်ရုံမက ချုပ်ကိုင်လိုကြောင်း တွေ့ရှိရသည်ဟု ပြောသည်။
ထို့ကြောင့် မတူပီတော်လှန်ရေးအစုအဖွဲ့များအကြား ကွဲပြားမှုမဖြစ်စေရန် MRO နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားနိုင်ရန်နှင့် တော်လှန်ရေးလုပ်ငန်းစဉ်များ ညှိနှိုင်ဆောင်ရွက်နိုင်ရန် MRO/ CDF -Matupi ကို အစည်းအဝေး (၄) ကြိမ် ခေါ်ဆိုခဲ့သော်လည်း တစ်ကြိမ်သာ တက်ရောက်ခဲ့ပြီး ရှင်းလင်းပြောကြားခြင်းနှင့် ထိရောက်သော ဆုံးဖြတ်ချက်များပေးခြင်းကို ပြုလုပ်နိုင်မှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။
MRO /CDF -Matupi သည် MRO နှင့် မတူပီတော်လှန်ရေးအစုအဖွဲ့များအကြား ရှင်းလင်းမှုမရှိပဲ MRO ဖွဲ့စည်းကြောင်း ထုတ်ပြန်ခြင်း၊ စစ်ဘက်အဖွဲ့ဝင်များအား MRO လုပ်ငန်းဆောင်ရွက်ရန် တာဝန်ပေးခြင်း၊ Chin Liberation Fund ၏ talk show များတွင် MRO အမည်ဖြင့် ပါဝင်သည်ကို တွေ့ရသည်။
မတူပီမြို့အုပ်ချုပ်ရေးအဖွဲ့နှင့် GMSC အကြောင်း ပြန်ကြားစာများတွင် MRO အဖွဲ့အမည်ဖြင့် အသုံးပြုသည်ကို တွေ့ရှိခြင်းအားဖြင့် Defenses အနေဖြင့် ဆွေးနွေးတိုင်ပင်ရန် ရည်ရွယ်ချက်မရှိဘဲ တဇွတ်ထိုး ဆောက်ရွက်နေသည်ကို တွေ့ရှိရကြောင်း မတူပီတော်လှန်ရေးထောက်ပို့အဖွဲ့ ၈ဖွဲ့မှ ထုတ်ပြန်ထားသည်။
ကန့်ကွက်စာထုတ်ပြန်ချက်ကို မတူပီမြို့မိမြို့ဖ (Town Elders)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (မတူပီမြို့နယ်) ၊ Senai Region Supporting Committee (USA) ၊ Global Aidaak Supporting Group ၊ Thaipum Pui Ramsa Supporting Committee ၊ Global Matu Supporting Committee ၊ Matupi Township CDMer Committee နှင့် Matupi Civil Society Organization တို့က ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe
