မီဇိုရမ်ပြည်နယ်တွင် ဇီဝအချက်အလက်ကို စတင်ကောက်ယူနေ
သြဂုတ်လ ၄ ရက်၊ ၂၀၂၅။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီးတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များ၏ Biometric ဇီဝအချက်အလက် ကောက်ယူခြင်းကို ဇူလိုင်လ နောက်ဆုံးပတ်တွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်ရှိ Serchhip, Lunglei, Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နှင့် Hnahthial စသည့် ခရိုင် ၁၁ ခုတွင် နေထိုင်ကြသည့် မြန်မာစစ်ဘေးရှောင်များ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များ၏ ဇီဝအချက်အလက်များကို အစိုးရတာဝန်ရှိသူများက ဇူလိုင်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့မှစ၍ ကောက်ယူနေခြင်းဖြစ်ကြောင်း အိန္ဒိယအခြေစိုက် မီဒီယာများတွင်လည်း ဖော်ပြထားသည်။
“ဇီဝအချက်အလက် စာရင်းကောက်ယူတာက နာမည်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်(အသက်)၊ မိဘနာမည်၊ အလုပ်အကိုင်၊ မီဇိုရမ်ရောက်တဲ့ နေ့ရက် ပြောရတယ်။ Refugee ကဒ်(ယာယီကဒ်) လုပ်ထားတာတွေ ပြရပြီးတော့ မလုပ်ထားတဲ့သူက မြန်မာမှတ်ပုံတင် ပြရတယ်။ ပြီးတော့ လက်ဗွေနှိပ်တယ်၊ ထင်ရှားအမှတ်အသား ပြောရတယ်။ ဓါတ်ပုံရိုက်တယ်။ အသက် ၂ နှစ် အထက်တွေကို စာရင်းကောက်ယူတာပါ…” ဟု အိုက်ဇောမြို့တွင်နေထိုင်နေသည့် ချင်းလူမျိုး စစ်ရှောင်အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ဇီဝအချက်အလက်ကောက်ယူရာတွင် အသက် ၂ နှစ်အထက်ရှိသူများကို ကောက်ယူခြင်းဖြစ်ပြီး နာမည်၊ မိဘအမည်၊ အလုပ်အကိုင်၊ မြန်မာမှတ်ပုံတင်ကဒ်၊ လက်ဗွေ၊ မျက်ကြည်လွှာ၊ ခန္ဓာကိုယ်အမှတ်အသားနှင့် ဓာတ်ပုံများရိုက်ယူ၍ ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့တွေ ရောက်လာတဲ့အခါ ဇီဝအချက်အလက် ဘာကြောင့်ကောက်တယ် ဆိုတာ အရင်ဦးဆုံး ရှင်းပြပေးတယ်။ သူတို့ပြောတာက ပြည်နယ်အစိုးရကလုပ်တဲ့ စီမံကိန်းဖြစ်တယ်၊ အချက်အလက်တွေကိုလည်း တခြားကို မပို့ဘူး၊ ဘာမှထွေထွေထူးမဟုတ်ဘူး၊ မီဇိုရမ်ကိုရောက်ရှိ နေထိုင်ကြတဲ့ သူတွေအတွက် လုံခြုံမှုပေးဖို့၊ Safety ဖြစ်ဖို့အတွက် ကောက်ယူတာဖြစ်တယ်၊ စိတ်ထဲမှာ စိုးရိမ်ကြောင်းကြမှုတွေ မရှိနဲ့၊ ဒီဇီဝအချက်အလက်တွေလည်း လျှို့ဝှတ်ထားမှာ ဖြစ်တယ်… လို့ တာဝန်ရှိသူတွေက ရှင်းပြပေးတယ်။ ဒီလိုကောက်ယူတာလဲ ရပ်ကွက်အလိုက် ကောက်ယူသွားမယ်လို့ ပြောတယ်။ YMA, CID နဲ့ အစိုးရဘက်ကတွေ လာကောက်တာ…” ဟု ချင်းဒုက္ခသည်အရေး ဆောင်ရွက်နေသူတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
Champhai ခရိုင်ထဲတွင် မြန်မာစစ်ဘေးရှောင် ၁၃၅၈၆ ဦးရှိသည်ဟု သိရပြီး ဇီဝအချက်အလက် ကောက်ယူရာတွင် နည်းပညာပိုင်းနှင့် စက်ကိရိယာအခက်အခဲတချို့ကြောင့် အနည်းအကျဉ်းသာ ကောက်ယူနိုင်သေးကြောင်းနှင့် Lawngtlai ခရိုင်တွင် Kannan Refugee Camp မှစတင်ခဲ့ကြပြီး လက်ရှိအချိန်ထိ လူဦးရေ ၁၅၂ ဦး ကောက်ယူပြီးစီးကြောင်း သိရသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၃၂၅၀၄ ဦးရှိပြီး Champhai ခရိုင်တွင်အများဆုံးဖြစ်ကာ Lawngtlai နှင့် Siaha ခရိုင်တို့တွင် ဒုတိယအများဆုံး နေထိုင်ကြကြောင်း အိန္ဒိယအခြေစိုက် မီဒီယာများက ဖော်ပြထားသည်။
သတင်း – James Roe
