ပလက်ဝမြို့နယ်မှ ချင်းလူမျိုးတစ်ဦးကို အေအေတပ်ဖွဲ့က ဖမ်းဆီးထားပြီး ယနေ့အထိ အဆက်အသွယ်မရ
သြဂုတ်လ ၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒေသ ၂ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာမှ ချင်းအမျိုးသားတစ်ဦးကို အေအေတပ်ဖွဲ့မှ ဖမ်းဆီးထိမ်းသိမ်းထားပြီး လက်ရှိတွင် မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိပဲဖြစ်နေကြောင်း နီးစပ်သူများထံများမှ ယနေ့ ဩဂုတ်လ ၅ ရက်နေ့တွင် သိရသည်။
ရခိုင်ပြည်နယ်ဘက်မှ ရန်ကုန်ဘက်သို့ သွားမည့် ရခိုင်လူငယ်များသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် သူ၏စက်လှေဖြင့် လိုက်ပါစီးနင်းခဲ့ရာ သံထောင်ကျေးရွာရှိ အေအေတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် သူနှင့်အတူ စက်လှေပေါ်လာသည့် ရခိုင်လူငယ်များလည်း ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဖမ်းခံတဲ့သူက ရခိုင်ကုန်သည်တွေရဲ့ ရခိုင်ပြည်ဘက်ကိုပို့မယ့် ကုန်ပစ္စည်းတွေအငှားပို့ပေးတာပါ။ အဲဒီကုန်ပစ္စည်းတွေပို့ပြီးတော့ ပြန်လာတဲ့အခါ ရခိုင်လူငယ်တွေက ရန်ကုန်သွားဖို့အတွက် သူ့ရဲ့စက်လှေမှာ စီးဖို့အတွက် အကူအညီတောင်းတော့ ပေးစီးလိုက်တာ။ အဲဒါနဲ့ သံထောင်ရွာရောက်တော့ အေအေရဲ့ဂိတ်မှာ သူအပါအဝင် အားလုံးအဖမ်းခံလိုက်ရတာပဲ…” ဟု နီးစပ်သူတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ထိုချင်းအမျိုးသားကို အေအေတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သို့ ပို့ဆောင်ထားပြီး ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်သွယ်မရကြောင်းနှင့် မိသားစုဝင်များသည် စားဝတ်နေရေး အခက်အခဲဖြစ်ရသည့်အပြင် စိုးရိမ်ပူပန်သောက ရောက်နေကြရသည်။
အေအေတပ်ဖွဲ့မှ ဖမ်းဆီးထားသူမှာဒေသ ၂ဒိုင်ရ်ဒေသ၊ ခိုက်ခါအုပ်စု၊ ဘူးချောင်းဝကျေးရွာမှ အသက် ၃၅ နှစ်ခန့်အရွယ် ဦးလုံးမားဖြစ်ပြီး ရခိုင်ပြည်သို့ပို့ဆောင်သည့် ကုန်ပစ္စည်းများကို ဟွန်ဒါစက်လှေဖြင့် အငှား သယ်ယူပို့ပေးနေသူတစ်ဦး ဖြစ်သည်။
အေအေတပ်ဖွဲ့သည် ရခိုင်ပြည်နယ်မှ လူငယ်များအား ပြည်ပထွက်ခွာခွင့် ထားမြစ်ပိတ်ပင်ထားသောကြောင့် စားဝတ်နေရေးအခက်အခဲကြောင့် ရခိုင်လူငယ်များသည် ရရာလမ်းကြောင်းဖြင့် ပြည်မဘက်သို့ အသီးသီး ထွက်ခွာနေမှုများ ရှိနေကြကြောင်း သိရသည်။
သတင်း – James Roe
