ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ M.B.,B.S ဆေးပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူနေ
ဩဂုတ်လ ၆ ရက်၊ ၂၀၂၅။
ချင်းပြည်(Chinland) အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Interim University Council, Univeristy of Medicine 1 နှင့် Ministry of Health and Sports တို့နှင့် ပူးပေါင်း၍ Bachelor of Medicine, Bachelor of Surgery (M.B.,B.S) ဆေးပညာသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်(Chinland) အတွင်း ကြုံတွေ့နေရသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်းကို ကျော်လွှားနိုင်ရန် ချင်းပြည်(Chinland) ၏ ပိုမိုလိုအပ်သောနေရာအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ လွှမ်းခြုံမှု ပိုမိုကောင်းမွန်စေရန် M.B.,B.S ဆေးပညာသင်တန်းကို ၂၀၂၆ ခုနှစ်မှ စတင်ဖွင့်လှစ်မည် ဖြစ်သည်။
သင်တန်းတက်ရောက်မည့်သူများသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ ညနေပိုင်း ၄နာရီအထိ နောက်ဆုံးလျှောက်ထားရမည်ဖြစ်ပြီး သင်တန်းသား/သူ ၃၀ ဦးလက်ခံသွားမည်ဖြစ်ကာ စာသင်နှစ် ၆ နှစ်နှင့် အလုပ်သင်ကာလ ၁ နှစ် အဖြစ် သတ်မှတ်ထားကြောင်းနှင့် ချင်းပြည်အတွင်းရှိ ဆေးကျောင်းတွင် တက်ရောက်ရမည် ဖြစ်သည်။
လျှောက်ထားသူများ၏ အရည်အချင်းများမှာ ၂၀၂၁ ခုနှစ် မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်များနှင့် ၂၀၂၁ နောက်ပိုင်း NUG ၁၀ တန်း (စနစ်ဟောင်း)၊ (၁၂) တန်းအောင် သို့မဟုတ် ချင်းပြည်(Chinland) အစိုးရ၊ ပညာရေး ဝန်ကြီးဌာန အောက်ရှိ Pre college တက်နေသူ သို့မဟုတ် ပြီးစီးသူ ဖြစ်ရမည်ဖြစ်ပြီး အနည်းဆုံး BECA Grade C အဆင့်ရရှိသူ၊ အသက် ၂၅နှစ်အောက်ဖြစ်ရမည်။
သိပ္ပံဘာသာတွဲ(Maths၊ Chemistry နှင့် Biology) တို့တွင် ရမှတ် ၇၀ မှတ် အထက်နှင့် English ရမှတ် ၆၀ မှတ် အထက်ရရှိသူ၊ GED (General Education Development) စာမေးပွဲကို ဖြေဆိုထားသူများမှ လျှောက်ထားလိုပါက စုစုပေါင်းရမှတ် ၆၈၀ နှင့်အထက်ရရှိသူ ဖြစ်ရမည်။
ထို့အပြင် GCSE (International General Certificate of Secondary Education) စာမေးပွဲကို ဖြေဆိုထား သူများမှ လျှောက်ထားလိုပါက Human biology or Biology တွင် Grade 7 နှင့်အထက်၊ Chemistry, Physics, Maths တွင် Grade 6 နှင့်အထက် ရရှိသူ ဖြစ်ရမည်ဖြစ်ပြီး သင်တန်းကို ပြီးဆုံးသည့်အထိ တက်ရောက်နိုင်သူ ဖြစ်ရမည်ဖြစ်ကာ သင်တန်းပြီးမြောက်ပါက ချင်းပြည်အတွင်း အနည်းဆုံး ၅ နှစ် တာဝန် ထမ်းဆောင် နိုင်သူ ဖြစ်ရမည်။
ပညာရေးအထောက်အထား တင်ပြနိုင်ရမည်ဖြစ်ကာ ပြည်ပနိုင်ငံမှ အောင်မြင်ထားသူဖြစ်လျှင် အောင်လက် မှတ်အပြင် ကျောင်းအုပ်ထောက်ခံစာ တင်ပြနိုင်ရမည်ဖြစ်ကြောင်း၊ လူတွေ့စစ်ဆေးခြင်းတွင် လာရောက် ဖြေဆိုနိုင်သူ၊ ယာယီဆေးကျောင်းသို့ လူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်ပြီး တော်လှန်ရေး အလွန်ကာလတွင် သတ်မှတ်ထားသည့် ဆေးကျောင်းများသို့ တက်ရောက်နိုင်မည့်သူ ဖြစ်ရမည်။
လျှောက်လွှာများကို သက်ဆိုင်ရာ ဒေသန္တာရ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးကိုယ်စားလှယ်ထံတွင်ရယူ၍ ဖြစ်စေ၊ Ministry of Health and Sports, Government of Chinland ၏ Facebook Messenger တွင် Google link ကိုတောင်းခံ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။
သတင်း – James Roe
