ပလက်ဝမြို့နယ်ကို မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းအုပ်ချုပ်ကြောင်းနှင့် တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်းလာကြောင်း ဦးခိုင်သုခ ပြော
ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၅။
အေအေ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပလက်ဝမြို့နယ်ကို မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ဖွဲ့စည်းအုပ်ချုပ် လိုက်ကြောင်းနှင့် ပလက်ဝမြို့နယ်အတွင်း အေအေထိန်းချုပ်ပြီးသည့်နောက်တွင် တရားဥပဒေစိုးမိုးမှု ပိုမိုအားကောင်းလာသည်ဟု အေအေပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ဩဂုတ်လ ၁၁ ရက်နေ့တွင် ဖြေကြားခဲ့ကြောင်း သိရသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်ကို အေအေက ရခိုင်ပြည်နယ်၏ ၈ ခုမြောက် ခရိုင်အဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ကြောင်း မေလအတွင်း သတင်းထွက်ပေါ်ခဲ့ပြီး ယခု အေအေ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ခရိုင်အဖြစ် ဖွဲ့စည်းသတ်မှတ်ကြောင်းနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပလက်ဝဒေသကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ အရင်က မြို့နယ်အဆင့်နဲ့ ရှိခဲ့တာကို အခု ခရိုင်အဆင့်ဖွဲ့စည်းပြီး စနစ်တကျ စီမံအုပ်ချုပ်လို့ ရှိပါတယ်။ ပလက်ဝကို စစ်ကောင်စီလက်ထဲကနေ သိမ်းပြီးရင် ခရိုင်အဆင့်တိုးမြင့်ဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ပလက်ဝဒေသကို ကျွန်တော်တို့ သိမ်းပိုက်ပြီးတဲ့ နောက်ပိုင်းမှာ ဒေသတစ်ခုကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒေသတစ်ခုကို ဒီအတိုင်း ထားဖို့ကအဆင်မပြေပါ။ အဲဒီဒေသကို စနစ်တကျ သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အဲဒီဒေသရဲ့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်သူဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကျနော်တို့ လုပ်စရာရှိတာတွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ဖြေကြားလိုပါတယ်…” ဟု ဦးခိုင်သုခက ပြောသည်။
ထို့အပြင် အေအေတပ်ဖွဲ့သည် ပလက်ဝမြို့နယ်ကို ထိန်းချုပ်ပြီးသည့်နောက်ပိုင်းတွင် အဓမ္မပြုကျင့်ခံရမှုများ၊ လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားမှုများရှိသည့်အပေါ်တွင် ကျူးလွန်သူများကို လက်ရှိတွင် မည်သည့် အရေးယူ ဆောက်ရွက်မှုများ လုပ်ဆောင်ထားကြောင်းနှင့် ရာဇဝတ်မှုများ ပိုမိုများလာခြင်းအပေါ်တွင် ဦးခိုင်သုခ က မုဒိမ်းမှုတစ်ခုတည်းသာရှိကြောင်းနှင့် တရားဥပဒေစိုးမိုးမှုရှိကြောင်း ဖြေဆိုထားသည်။
“ပလက်ဝမြို့နယ်ကို ULA/AA က ထိန်းချုပ်ပြီးတဲ့နောက်မှာ တရားစီရင်ရေး ၊ အုပ်ချုပ်ရေး၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေကို ကျနော်တို့လုပ်ဆောင်ဖို့ ရှိပါတယ်။ ဒီနောက်ပိုင်းမှာ တရားဥပဒေစိုးမိုးမှု ပိုအားကောင်းလာတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း ဇွန်လအထိဆိုရင် အဓမ္မပြုကျင့်ခံရမှု(၁) ခုသာရှိပါတယ်။ အခြားရာဇဝတ်မှုတွေလည်း ကျွန်တော်တို့ သေးသေးမွှားမွှားကိစ္စမျိုးတွေ မတွေ့ရပါဘူး။ ဒါ့ကြောင့် ရာဇဝတ်မှုတွေ ပိုတိုးလာတယ်ဆိုတာ မှန်ကန်မှုမရှိဘူးလို့ ပြောလို့ရပါတယ်။ ဒေသခံပြည်သူတွေဆိုတာ ကျွန်တော်တို့အစိုးရအုပ်ချုပ်တဲ့အောက်ကပင် ဒီတရားရေး ယန္တရားတွေကို ပိုပြီးအားကိုးလာတာဖြစ်တယ်။ လမ်းပမ်းဆက်သွယ်ရေးတွေ အဆင်ပြေလာတာနဲ့အမျှ၊ တရားမျှတမှု ရရှိဖို့အတွက် ပိုပြီး ပြည်သူတွေဘက်က ပူးပေါင်းဆောင်ရွက်လာတယ်ဆိုတာတွေကို တွေ့ရပါတယ်။ တရားဥပဒေစိုးမိုးရေးခိုင်မာလာဖို့ ဒီထက်ပိုကောင်းတဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်ဖို့အတွက် တဆင့်ချင်း ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်။ ဒီအချက်တွေအပြင် ကျွန်တော်တို့ပလက်ဝဒေသမှာ ULA/AA အစိုးရက ကျန်းမာရေးအခမဲ့ဆေးကုသပေးနေတာတွေ ရှိပါတယ်။ ပညာရေးကိစ္စတွေကိုလည်း တဆင့်ချင်း အကောင်ထည်ဖော်နေပါတယ်။ ပလက်ဝအခြေနေကို ခြုံပြီးပြောဖို့ဆိုရင် အရင်စစ်ကောင်စီအုပ်ချုပ်ထားတဲ့ အခြေအနေထက် ကျွန်တော်တို့ ULA/AA ကထိန်းချုပ်တဲ့ အုပ်ချုပ်ရေးယန္တရားချပြီးတဲ့နောက်မှာ တရားဥပဒေ စိုးမိုးရေး ပိုပြီးတော့အားကောင်းလာတဲ့အပြင် မှုခင်းတွေလည်း ကျဆင်းလာတယ်၊ ပြည်သူတွေလည်း ယခုထက်ပိုပြီး အေးအေးချမ်းချမ်းနဲ့ သွားလာလှုပ်ရှားနေထိုင်နေကြတာကို တွေ့ရပါတယ်…” ဟု ဦးခိုင်သု က ပြောသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အေအေထိန်းချုပ်ပြီးနောက် သုံးလောင်ပြိုင် လူသတ်မှုအပါအဝင် လူသတ်မှု ၆ မှု၊ မုဒိမ်းမှု ၅ မှု၊ ဖမ်းဆီးရိုက်နှက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်ခဲ့သည့် တရားခံများနှင့်ပတ်သက်၍ ယနေ့အထိဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အပြင် အေအေ၏ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ က ဖြေကြားလိုက်ခြင်းဖြစ်သည်။
အေအေတပ်ဖွဲ့မှ ဖွဲ့စည်းသတ်မှတ်လိုက်သည့် ခရိုင် ၈ ခုမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွေခရိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝခရိုင်တို့ ဖြစ်ကြောင်း သိရသည်။
သတင်း – James Roe
