ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ULA/AA ၏ အုပ်ချုပ်ရေးဖော်ဆောင်မှုနှင့် ပတ်သက်၍ Chin Civic Movement-CCM က သဘောထားထုတ်ပြန်
သြဂုတ်လ ၁၂ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်ကို အေအေဘက်က ခရိုင်တစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ကြောင်း ဩဂုတ်လ ၁၁ ရက်နေ့တွင် အေအေ၏ (၁၀) ကြမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို အသိအမှတ် မပြုကြောင်း Chin Civic Movement-CCM က ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်ထဲတွင် CCM သည် တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ပြည်သူ့လွတ်မြောက် ရေးအတွက်အပြည့်အဝရပ်တည်နေသော အစုအဖွဲ့ဖြစ်သည့်နည်းတူ အာဏာရှင်စနစ်မှန်သမျှ ဖြုတ်ချရေးနှင့် ဖိနှိပ်ခံတိုင်းရင်းသားများ အတူလွတ်မြောက်ရေးအတွက် မိမိတို့ချင်းကိုယ်စား ပြုတော်လှန်ရေး အင်အားစုများအနေဖြင့် ဘဝတူတိုင်းရင်းသားများနှင့်အတူ လက်တွဲတိုက်ပွဲဝင်မှုများ အပါအဝင် အခြား ဘဝတူ ညီနောင်တိုင်းရင်းသားများ အနေဖြင့် မိမိလူမျိုး လွတ်မြောက်ရေးအတွက် ချင်းပြည်နယ်တွင် စစ်ရေးအရလှုပ်ရှားကာ တိုက်ပွဲဝင်နေမှုများကိုလည်း အပြုသဘောဖြင့် ရှုမြင်ကြောင်း ဆိုသည်။
၂၀၂၁ ခုနှစ် ပြည်သူ့တော်လှန်ရေးမှ စတင်ပြီး ပြည်သူတရပ်လုံးဆင်နွဲနေသည့် အာဏာရှင် တော်လှန်ရေး လမ်းခုလတ်တွင် ဒေသခံချင်းပြည်သူများ၏ဆန္ဒမပါသည့် ULA/AA ၏ အဆိုပါဆောင်ရွက်မှုကို သိရှိရသည်မှာ ချင်းပြည်သူများအပေါ် ကိုလိုနီပြုသည့် လုပ်ရပ်ဖြစ်ပြီး များစွာ စိတ်ပျက်မိကြောင်း CCM ကပြောသည်။
ချင်းအမျိုးသားရေးနှင့် ချင်းပြည်တည်ဆောက်ရေးအား ကိုယ်စားပြုမဟုတ်သော မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်စေ၊ လူမျိုးကိုယ်စားပြု အဖွဲ့အစည်းဖြစ်စေ ဖက်ဒရယ်ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် သွေဖီနေသော အုပ်ချုပ်ရေးဖော်ဆောင်မှုများကို CCM အနေဖြင့် လက်ခံ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
လက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့နယ်အရေးကိစ္စ အပါအဝင် ချင်းပြည်နယ်၏ Nation Building နှင့် State Building ဆိုင်ရာများတွင် ကြုံတွေ့ရမည့် စိန်ခေါ်ချက်များ ကျော်လွှားနိုင်ရေးအတွက် ချင်းတော်လှန်ရေး အစုအဖွဲ့ အချင်းချင်းများကြား ညီညွတ်မှုဖြင့် လက်တွဲပူးပေါင်းနိုင်ခြင်းကသာ ရေရှည်တည်တံ့သော အဖြေတစ်ခုဟု ရှုမြင်သည်။
ထို့အပြင် ချင်းပြည်နယ် ပလက်ဝ အရေးနှင့်ပတ်သက်၍ ပြည်သူ့တော်လှန်ရေးအလွန်တွင် သက်ဆိုင်သူများအားလုံးအကြား ဖက်ဒက်ရယ် ဒီမိုကရေစီနည်းကျ ပြန်လည်ဆွေးနွေးနိုင်မည်ဟု အတိအလင်းယုံကြည် မျှော်လင့်ပါကြောင်း Chin Civic Movement-CCM က ထုတ်ပြန်ထားသည်။
သတင်း – James Roe

