ပလက်ဝ‌ဒေသခံများ သွားလာရေး တင်းကြပ်စွာ စစ်ဆေးခံရ စက် ၃၀၊ ၂၀၂၄။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ULA/AA က ထိန်းချုပ်ထားပြီးသည့် ၆ လ ကျော် ကာလအတွင်း ယခုရက်ပိုင်းတွင် ဒေသခံများ ဒေသတွင်းသွားလာရာတွင် တင်းကြပ်စွာ စစ်ဆေးခံရကြောင်း သိရသည်။
ULA/AA က ပလက်ဝမြို့နယ်အတွင်းရှိ စကစတပ်စခန်းများကို တိုက်ခိုက်ဖယ်ရှားနိုင်ပြီးသည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ပိုင်းတွင် နယ်တွင်းအုပ်ချုပ်ရေး အစီအမံများ ဖော်ဆောင်လာကတည်းက ဒေသခံများ၏ သွားလာရေးကို နည်းပေါင်းစုံဖြင့် ကန့်သတ်ခြင်းနှင့် လက်ကိုင်ဖုန်များကို တင်းကြပ်စွာ စစ်ဆေးခြင်းများရှိခဲ့ပြီး ယခုရက်ပိုင်းတွင် ပိုမိုတင်းကြပ်လာကြောင်း အမည်မဖော်လိုသည့် ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
“ပလက်ဝမြို့နယ်က အစိုးရယန္တရားပျက်စီးသွားတော့ အခြားဟာတွေက လောလောဆယ်မစဉ်းစားလို့ ရသေးပေမယ့် အဓိကကျန်းမာရေးကိစ္စက တအားခက်ခဲတာတွေရှိတယ်၊ ပလက်ဝဆေးရုံမှာ ဆေးမစုံဘူး၊ ပြီးတော့ဆရာဝန် တွေ သူနာပြုတွေမရှိတော့ နီးစပ်ရာဘက်သွားပြီး ဆေးကုရတာတွေရှိတယ်၊ အဲဒီအခါ ဘယ်သွားမလဲ… ဘာလုပ်မလဲ… ကအစ တင်းတင်းကြပ်ကြပ် စစ်ဆေးတာပေါ့၊ အခုရက်ပိုင်းမှာ ပိုဆိုးလာတယ်…” ဟု ဒေသခံ တစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ULA/AA ၏ အုပ်ချုပ်ရေးအစီအမံတွင် ဆန္ဒမပါဘဲ အတင်းအကြပ်ပါဝင်စေခြင်းများရှိနေသည့်အပြင် လတ်တလောတွင် CDF(Paletwa)ကို ငွေကြေးထောက်ပံ့မှုနှင့် ဒေသခံဆယ်ဦးထက်မနည်းကို ULA/AA က ဖမ်းဆီး ထားပြီးနောက်ပိုင်း ဒေသခံများသွားလာရေးကို ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း သိရသည်။

Khumi Media Group – KMG
ကုလားတန်မြစ်ကြောင်းတစ်နေရာ
(Photo: Salai Benjamin)

Leave a Reply

Your email address will not be published. Required fields are marked *