
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၃ ရက်။
ဒီနေ့က ကိုယ်လက်မအီမသာဖြစ်နေတဲ့အတွက် အားဆေးတစ်လုံးသွင်းပါတယ်။ ဆွေးနွေးပွဲမရှိတော့ဘဲ လူကြီးတွေဆီ ဖုန်းဆက်ရမဲ့နေ့ ဖြစ်ပါတယ်။
ကျွန်တော် နေထိုင်မကောင်း ဖြစ်နေတာကြောင့် ထင်ပါရဲ့။ မုန့်ထုပ်နဲ့ သစ်သီးအနည်းငယ် ပေးလာပါတယ်။ ထုံးစံအတိုင်း အကျဉ်းသားတွေနဲ့အတူ ဝေစားဖြစ်ပါတယ်။ အားဆေးသွင်းပြီး နည်းနည်းအနားယူလိုက်ပါတယ်။
နေ့လယ်သုံးနာရီလောက်မှာ ဗိုလ်မှူးခိုင်ယက္ခနေတဲ့ အဆောင်နား ဖုန်းလိုင်းကောင်းတဲ့နေရာဆီ ဖုန်းဆက်ရအောင် သွားကြပါတယ်။ ကျွန်တော်နဲ့အတူ ဦးအောင်နိုင်၊ ဦးအောင်မြတ်၊ ဆေးမှူးတပ်ကြပ်ကြီး၊ ကွန်ပြူတာတပ်ကြပ်ကြီးတို့ လိုက်လာပါတယ်။
အေအေအဖွဲ့ကသိမ်းထားတဲ့ ကျွန်တော့်ဖုန်းကို ကွန်ပြူတာတပ်ကြပ်ကြီးက ပေးလာပါတယ်။ ဖုန်းကိုပါဝါဖွင့်ပြီး ဆရာကြီးဦးစနီအောင် ဖုန်းနံပါတ်ရှာပြီး ဖုန်းနံပတ်တွေ့ပြီး မှတ်ထားလိုက်တယ်။
နောက် ခူမီးလူငယ်များအသင်း အတွင်းရေးမှူးဦးကျော်အောင်ရဲ့ ဖုန်းကိုရှာပြီးစာရွက်ပေါ်မှတ်ထားတယ်။ ပြီးတော့ အေအေအဖွဲ့ ဖုန်းနဲ့ ဆရာကြီးဦးစနီအောင်ဆီ ဖုန်းခေါ်ကြည့်တယ်။ ဖုန်းမဝင်ပါ။ တူ…တူ…လို့ပဲမြည်ပါတယ်။ သုံး လေးကြိမ် ဆက်ပေမဲ့ မထူးခြားပါ။
ခူမီးလူငယ်အတွင်းရေးမှူး ဆလိုင်းကျော်အောင်ဖုန်းကို ဆက်ပြန်ပါတယ်။ အခြေအနေ မထူးခြားပါ။ နောက်တော့ ခူမီးလူငယ်ဥက္ကဋ္ဌ ကိုညီထွေးဖုန်းပဲ ရှိပါတော့တယ်။ ဒါပေမဲ့ သူလည်း ထူးမခြားနားပါ။
နောက်တော့ အကြံတစ်ခုရပါတယ်။ အဲဒါနဲ့ ဦးအောင်နိုင်ကို…
“ကျွန်တော့်အမျိုးသမီးရဲ့ဖခင် ပူးဦးအောင်ကြီးကို ဖုန်းခေါ်ကြည့်ချင်တယ်…”
ဦးဆောင်နိုင်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်ပြပါတယ်။
ပူးအောင်ကြီးရဲ့ ဖုန်းနံပတ် ကျွန်တော့်ဖုန်းထဲရှာကြည့်တော့ တွေ့ပါတယ်။ ပူးဦးအောင်ကြီးကို ဖုန်းခေါ်တယ်။ ဖုန်း ကိုင်ပါပြီ။ ကျွန်တော်အတတ်နိုင်ဆုံး စိတ်လှုပ်ရှားမှုမရှိအောင် အသံကိုထိန်းပြီး ဖြေးဖြေးနဲ့တစ်လုံးချင်း ပြောလိုက်ပါတယ်။
ခူမီးစကားနဲ့ “ပူး… ကျွန်တော်ဝှေ့တင်းပါ…”
“အခုကျွန်တော် ပြောနေတာ အေအေတောတွင်းတစ်နေရာကပါ…”
ကျွန်တော့်အသံကြားတာနဲ့ ပူးအောင်ကြီးဘက်က အသံတိတ်ဆိတ်သွားပြီး အံသြနေပုံရပါတယ်။ ကျွန်တော့်အသံမှန်း သေချာသိပါလိမ့်မယ်။ ဒါပေမဲ့ ထင်မှတ်မထားတာကြောင့် မယုံရဲတာလဲ ဖြစ်ပါလိမ့်မယ်။
ကျွန်တော်ကပဲ ဆက်ပြီး
“ကျွန်တော် ကျန်းမာရေးကောင်းပါတယ်…”
“ပူးတို့လည်း ကျန်းမာရေးကောင်းတယ် မဟုတ်လား၊ အခုအေအေအဖွဲ့ တာဝန်ရှိ လူကြီးတွေနဲ့အတူ စကားပြောနေတာပါ၊ အေအေလူကြီးတွေက ပလက်ဝဘက်က လူကြီးတွေနဲ့ စကား ပြောချင်တယ်လို့ ပြောပါတယ်…”
ဦးအောင်နိုင်က ကျွန်တော်ပြောသမျှကို သူ့ဖုန်းနဲ့ အသံဖမ်းပါတယ်။ ကျွန်တော်က ခူမီးလိုပြောလိုက်၊ ရခိုင်လိုပြောလိုက်ပါပဲ။
ခူမီးလိုနဲ့ ဆက်တိုက်ပြောရင် တစ်မျိုးထင်နေမှာကြောင့်ပါ။ ကိုယ်ဘက်ကရိုးရိုးပြောနေရင်တောင်မှ တစ်ဘက်က အကောက်မြင်သွားရင် ကျွန်တော့်အတွက် မကောင်းဘူးမဟုတ်လား။
“အေအေဘက်က တွေ့ချင်တာ လူမှုအဖွဲ့အစည်းမှာ လုပ်ကိုင်နေတဲ့လူကြီး နှစ်ယောက်လောက်၊ ခူမီးလူငယ်အသင်းက နှစ်ယောက်လောက်၊ ပြီးတော့ ဘာသာရေးအဖွဲ့အစည်းက ဘုန်းကြီးနှစ်ပါးလောက် တွေ့ချင်တယ်လို့ ပြောတယ်…”
ပူးအောင်ကြီး ဘာမှပြန်မပြောပါ။ နားထောင်ရုံသက်သက် နားထောင်နေပါတယ်။
“ကျွန်တော်ထင်တာက အေအေအဖွဲ့နဲ့တွေ့ဖို့ ဦးစနီအောင်၊ ဦးပြည်ယိုး၊ ကိုညီထွေး၊ ကိုကျော်အောင်နဲ့ ဘာသာရေးဘက်က ပါစတာနှစ်ပါးလောက်ဆို အဆင်ပြေမယ် ထင်ပါတယ်…”
ပူးအောင်ကြီးဘက်က ဘာသံမှထွက်မလာ။
“ဦးစနီအောင်နဲ့ ကိုကျော်အောင်ကို ဖုန်းခေါ်လို့ မရဘူး…”
“အခုကျွန်တော်ပြောတဲ့ လူကြီးတွေက အခုကျွန်တော်ရှိနေတဲ့ နေရာအရောက်လာပြီး သူတို့နဲ့ဆွေးနွေးချင်တယ်လို့ ပြောတယ်…”
“အေး… ငါပြောကြည့်ဦးမယ်…”
ပူးအောင်ကြီးက စကားနည်းနည်းနဲ့ တုံးတိတိပြန်ပြောပါတယ်။ သူ့အနေနဲ့ အဘက်ဘက်က စဉ်းစားစရာတွေ အများကြီးရှိနေမှာ အလိုလိုသိနေပါတယ်။ ပြီးတော့ ရုတ်တရက်မို့ ယုံကြည်ရခက်နေဟန်လည်း ရှိပုံရပါတယ်။ ဒါလည်း ဖြစ်သင့်ပါတယ်။ သူပုန်လက်ထဲရောက်သွားတဲ့ သမက်ဖြစ်သူက မျှော်လင့်မထားတဲ့ အချိန်မှာ ရုတ်တရက် ဆက်သွယ်လာတယ် ဆိုတော့။
“အခုလို ကျွန်တော်ဆက်သွယ်တဲ့ကိစ္စကိုလည်း လောလောဆယ် အခြားလူတွေတွေ မသိပါစေနဲ့ဦး…”
အမှန်တော့ အဲဒီစကားကို ကျွန်တော်မပြောချင်ပါ။ ပူးအောင်ကြီးဘက်က သံသယဝင်စရာ ပိုတွန်းအားပေးသလို ဖြစ်သွားမယ် မဟုတ်လား။
ဒီနေ့အဖို့ ဖုန်းပြောတဲ့ အစီအစဉ်ကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။
ဒေသတွင်းအတူနေတဲ့ ခူမီးလူမှုအသိုက်အဝန်းနဲ့ ရခိုင်လူမှုအသိုက်အဝန်းကြား ယုံကြည်မှုတည်ဆောက်ရ ခက်ခဲ နေတာ ဟိုအရင်ကတည်းက ဆိုပေမဲ့ ဆိုးဆိုးဝါးဝါးပျက်စီးသွားတာက လွန်ခဲ့တဲ့ လေးငါးနှစ် အေအေတွေ ပလက်ဝနယ်ထဲ လှုပ်ရှားကတည်းကပါ။ အခုဆိုရင် တစ်ဦးနဲ့တစ်ဦး ဆဲဆိုရလောက်တဲ့အထိ ရင်းနှီးသူတွေ ကြားမှာတောင် စကားကိုထိန်းပြောရတဲ့အဆင့် ရောက်နေခဲ့ပါပြီ။
ဒါဟာ ပေါ်ပေါ်တင်တင်မမြင်ရတဲ့ အသိုက်အဝန်းနှစ်ကြားက တမြေ့မြေ့လောင်ကျွမ်းနေတဲ့ ဖွဲမီးလိုပါပဲ။ အဲဒီမီးကို ငြိမ်းသတ်နိုင်ဖို့က ကြာရှည်ကြာညောင်းတဲ့ အချိန်တစ်ခုလိုအပ်မှာ ကျိန်းသေပါတယ်။
ဘာပဲပြောပြော သူပုန်အကျဉ်းသား ၇၁ ရက်မြောက်မှာ လွတ်မြောက်နိုင်တဲ့ လမ်းစပေါ်ရောက်နေပြီလို့ ပြောရမှာပါ။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်။
ဒီနေ့လည်း ဆွေးနွေးပွဲ မရှိပါ။ ကျွန်တော်လည်း အေးအေးလူလူပဲ နားနေလိုက်ပါတယ်။
နေ့လည်နှစ်နာရီမှာ ပလက်ဝက လူကြီးတွေနဲ့ ဖုန်းဆက်သွယ်စကားပြောဖို့ သွားရပြန်ပါတယ်။
ဆရာကြီးဦးစနီအောင်ကို ဖုန်းခေါ်တယ်။ ဦးကျော်အောင်ကို ဖုန်းခေါ်တယ်။ ဖုန်းကစက်ပိတ်ထားတယ်လို့ပဲ တုန့်ပြန်ပါတယ်။ ဦးပြည်ယိုးကိုတော့ ဖုန်းနံပါတ်မရှိလို့ မဆက်ဖြစ်။ ဦးညီထွေးဖုန်းနံပါတ်က ရှိပါတယ်။ ဒါပေမဲ့ မဆက်ဖြစ်တော့ပါ။
ဒါနဲ့ပဲ ပူးဦးအောင်ကြီးကို ဖုန်းဆက်ရပြန်တယ်။ စကားပြောလို့ရပါတယ်။ အနားမှာထိုင်နေတဲ့ ဦးအောင်နိုင်က အသံဖမ်းပါတယ်။ ကျွန်တော်စကားကို ခူမီးလိုတစ်လှည့်၊ ရခိုင်လိုတစ်လှည့် ရောပြီးပြောပါတယ်။ ကျွန်တော်ဘာ ပြောတယ်ဆိုတာ ဦးအောင်နိုင်တို့ကို နားလည်စေချင်လို့ပါ။
“ဆရာကြီး စနီအောင်နဲ့ ကိုကျော်အောင်ကို ဖုန်းခေါ်တာ မရဘူး…”
“အေး…သူတို့ ပလက်ဝမှာ မရှိဘူး။ ခရီးလွန်နေကြတယ်…”
ပူးအောင်ကြီးက လေသံအေးအေးနဲ့ ဆက်ပြောပါတယ်။
“ဘာသာရေးဘက်က ဆရာတော်တွေ မင်းရှိတဲ့နေရာအထိ လိုက်လာဖို့က ဖြစ်နိုင်မှာမဟုတ်ဘူး၊ သူတို့က ကိုယ့်အဖွဲ့အစည်း လူကြီးတွေရဲ့ ခွင့်ပြုချက်တွေလိုတယ်၊ မင်းလည်း သိပါတယ်၊ ပြီးတော့…”
ကျွန်တော် သိလိုက်ပါပြီ။ အထက်လူကြီးတွေဆိုတဲ့နေရာမှာ ဘာသာရေးအဖွဲ့အစည်းလူကြီးတွေကို ပြောတာဖြစ်သလို အစိုးရတာဝန်ရှိလူကြီးတွေကို ပြောတာလဲဖြစ်ပါလိမ့်မယ်။ တရားဝင်ခွင့်ပြုချက်မရရင် တွေ့ဆုံဖို့ဆိုတာ သူ တို့အတွက် ကြီးမားတဲ့ စွန့်စားမှုကြီးတစ်ခုဆိုတာ ဧကန်ပါပဲ။
ကျွန်တော် တစ်ချက်စဉ်းစားလိုက်ပါတယ်။ ပြီးတော့
“ပူးအပါအဝင် ကျွန်တော့်ဆွေမျိုးထဲက ဦးကံပ၊ ဦးပန်ထိုက်တို့နဲ့တွေ့ပြီး ဆွေးနွေးကြည့်ပါ၊ အဓိက ကျွန်တော့်ကို လာခေါ်မဲ့ လူကြီးတွေရောက်လာဖို့ပဲ…”
အေအေလူကြီးတွေလည်း လက်ရှိအခြေအနေကို နားလည်သွားပုံရပါတယ်။ အရင်နာမည်ပေးထားတဲ့လူကြီးတွေ ပလက်ဝမှာမရှိရင် ရပ်မိရပ်ဖတွေအနေနဲ့ ကျွန်တော့်ဆွေမျိုးတွေကိုပဲ ပလက်ဝရပ်မိရပ်ဖလူကြီးတွေအဖြစ် ခေါ် မယ်လို့ပြောပါတယ်။
နောက် အမျိုးသမီးနဲ့ စကားပြောခွင့်ရပါတယ်။
“ဆင့်ဆင့်ရေ… မိသားစုနေကောင်းကျန်းမာရဲ့လား…”
ကျွန်တော့်အမျိုးသမီး စကားပြန်မပြောပါ။ သူ့ရဲ့ တိုးတိုးညှင်းညှင်း ငိုသံကိုပဲ ကြားရပါတယ်။ ကျွန်တော်စိတ်မကောင်းပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့လို့ပြောရင်း ကျန်းကျန်းမာမာရှိတဲ့အကြောင်းလည်း ပြောဖြစ်တယ်။ အခုကျောက်တော်မြို့နယ်ထဲ တောတွင်းတစ်နေရာမှာရှိတဲ့အကြောင်း၊ မကြာခင်လွတ်တော့မှာဖြစ်တဲ့ကြောင်း နှစ်သိမ့်စကား ပြောနေခဲ့ပါတယ်။
စတင်ဖမ်းဆီးခံရတဲ့နေ့က ရက်ပေါင်း ၇၂ ရက်အကြာမှာ အိမ်သူအမျိုးသမီးနဲ့ ပထမဆုံး စကားပြောခွင့်ရတာပါ။ အရင်က အခွင့်အရေးတစ်ခါရဖူးခဲ့ပေမဲ့ အကြောင်းကြောင်းကြောင့် စွန့်လွှတ်ခဲ့ပါတယ်။
အမျိုးသမီးက နည်းနည်းစိတ်ငြိမ်လာတော့မှ…
“ပြီးခဲ့တဲ့ရက်က ဆီးဖလောင်းရွာက ဆရာဦးအာဗေလ အသက်ခံရတယ်၊ အားလုံးက ကြောက်နေကြတယ်…”
ပြောပြီးတော့ အမျိုးသမီးအသံ တိမ်ဝင်သွားပါတယ်။
“အော်…” ကျွန်တော် တော်တော်ယူကြုံးမရ ဖြစ်သွားပါတယ်။
သူဘာကို ဆိုလိုတယ်ဆိုတာ ကျွန်တော်အလိုလို သိနေပါတယ်။ အဝန်းအဝိုင်းကျဉ်းကျဉ်းလေးနဲ့ လူမှုအသိုက်အဝန်းတစ်ခုမှာ အကြောက်တရားတွေ နက်နက်ရှိုင်းရှိုင်းစိမ့်ဝင်နေပြီပဲ။
“အခုပလက်ဝက လူကြီးတွေလည်း အစ်ကိုရှိတဲ့နေရာ လာရဲမှာမဟုတ်ဘူး၊ လာရဲကြတယ်ဆိုရင်တောင် တကယ်လို့များ သူတို့တစ်ခုခုဖြစ်ရင် အားလုံးက ပိုပြီးရင်ကျိုးနေရဦးမယ်၊၊ လူကြီးတွေပါ ဒုက္ခရောက်မဲ့ အတူတူတော့ အစ်ကိုတစ်ယောက်တည်းပဲ ဖြစ်ချင်ရာဖြစ် ရင်စည်းခံလိုက်ပါ…”
အမျိုးသမီးက ပြောရင်းငိုနေပြန်ပါတယ်။
“အဲလောက်ထိလည်း မပူပါနဲ့၊ အခုတွေ့မယ်ဆိုတာလည်း အကောင်းဖြစ်လာဖို့ပါ၊ ဆိုးကျိုးဖြစ်စရာ မရှိဘူး…”
ဖုန်းစကားပြောတာ ရပ်လိုက်ပါတယ်။ လေးလံတဲ့ခြေလှမ်းတွေနဲ့ တဲဆီပြန်လာပါတယ်။ ပြီးတော့ ခြေပစ်လက်ပစ် နားနေလိုက်ပါတယ်။ ကျွန်တော် စတင်အဖမ်းဆီးခံရတဲ့ နေ့ရဲ့ခံစားချက်မျိုး ဝင်လာပါတယ်။
အဲဒီတုန်းကတော့ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဘဝအတက်အကျ၊ ခက်ခဲပင်ပန်းမှု၊ စိတ်ကျဉ်းကြပ်မှု၊ အစားဆင်းရဲ အနေဆင်းရဲမှု၊ ဝေခွဲမရမှု…စတာတွေကို တစ်ရက်တည်းမှာ ခံစားခဲ့ရတာပါ။ ဒီနေ့လည်း ဝမ်းသာပျော်ရွှင်မှု၊ ယုံကြည်မျှော်လင့်မှု၊ ယူကြုံးမရမှု၊ ဝေခွဲမရမှု၊ အားကိုးရာမဲ့မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု…စတာတွေကို တစ်ပြိုင်တည်း ခံစားခဲ့ရပြန်ပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပါတယ်။ အတတ်နိုင်ဆုံး စိတ်ကိုတည်ငြိမ်အောင်ထားမယ်။ တကယ်လည်း ကျွန်တော်စိတ်ခိုင်နေပါပြီ။ ပလက်ဝကလူကြီးတွေ မလာရဲရင်လည်းနေပါစေ၊ ကျွန်တော့်ဆွေမျိုးတွေကဖြင့် လာဖြစ်အောင် လာပါလိမ့်မယ်။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်။
ဒီနေ့ကတော့ အရင်ရက်တွေထက် ဖုန်းလွတ်လွတ်လပ်လပ် ပြောခွင့်ရပါတယ်။ ပြောသမျှကို လိုက်မှတ်တဲ့သူလည်း မရှိတော့ပါဘူး။
ညီဝမ်းကွဲ ထွန်းလင်း(မောင်နီ)နဲ့ စကားပြောခွင့်ရပါတယ်။ သူလည်းအံ့သြပြီး ငိုသံထွက်နေပါတယ်။
“အစ်ကိုယ့်အတွက် စိတ်ပူနေကြတယ်၊ အစ်ကို့ကို လာခေါ်နိုင်ဖို့ အခုဆွေမျိုးတွေစုပြီး လူကြီးတွေနဲ့ ဆွေးနွေးတိုင် ပင်နေကြတယ်…”
နောက် အဖိုးဦးကံပနဲ့ စကားပြောပါတယ်။ သူကတော့ သူ့ဝသီအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောပါပဲ။
ပြီးတော့ ကျွန်တော့်အမျိုးသမီးနဲ့ စကားပြောပါတယ်။
“အဖေ(ပူးအောင်ကြီး) အခုတလော သွေးတိုးနေတယ်၊ အသက်လည်းကြီးနေပြီဆိုတော့ မာမာချာချာမရှိဘူး…”
ဒီနေ့တော့ လူစုံအောင် စကားပြောခွင့်ရတဲ့ နေ့ပါပဲ။ အမေ့ကိုလည်း စိတ်ပူမနေဖို့နဲ့ မကြာခင်လွတ်ဖို့ သေချာပြီ ဆိုတဲ့အကြောင်း ပြောဖြစ်ခဲ့ပါတယ်။
အမေနဲ့ စကားပြောနေတုန်း ကလေးငိုသံသဲ့သဲ့ ကြားရပါတယ်။ အဲဒီငိုသံက ကျွန်တ်ေ့ကို အရာအားလုံး မေ့သွားစေပါတယ်။ ကိုယ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆိုတာရော၊ အေအေဖမ်းထားတဲ့ အကျဉ်းသားတစ်ဦး ဆိုတာရော၊ လွတ်မြောက်ရေးအတွက် လုံးပန်းနေသူတစ်ဦးဆိုတာရော အကုန်မေ့သွားပါတယ်။ အခုငိုနေတဲ့ ကလေးရဲ့ အဖေဖြစ်တယ်ဆိုတာကလွဲရင် အကုန်မေ့သွားပါတယ်။
ပြီးတော့ ရင်ထဲလှိုက်ကနဲ ဖြစ်သွားပါတယ်။ အဲဒီအခိုက်အတန့်မှာ ကြေကွဲစိတ်၊ နာကျင်စိတ်၊ မုန်းတီးစိတ်၊ တုန့် ပြန်လိုစိတ်၊ မခံချင်စိတ် ဘာဆိုဘာမှမရှိ ဖြစ်နေပါတယ်။ စိတ်ဟာရှင်းလင်းနေပြီး ကလေးတွေရဲ့ ဖခင်တစ်ယောက်ဖြစ်တယ်၊ ကလေးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ စိတ်ကလွဲရင် ဘာမှမရှိ။
ကလေးတွေနဲ့ ခွဲရတာ နှစ်လကျော်ပြီ မဟုတ်လား။ မိသားစုကိုလည်း လွမ်းလှပါပြီ။
တိတိကျကျပြောရရင် ရက်ပေါင်း ၇၃ ရက်ဆိုတာက မေ့စရာတွေမေ့ပြီး သတိရသင့်တဲ့သူတွေကို သတိရနေဖို့၊ လွမ်းစရာတွေကိုလွမ်းဖို့ လုံလောက်တဲ့ ကာလအတိုင်းအတာတစ်ခုပဲကိုး။ ဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် စိတ်ဖြေလိုက် ပါတယ်။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်။
ဒီနေ့တော့ ဘယ်သူနဲ့မှ ဖုန်းမပြောဖြစ်။
ပလက်၀က ကျွန်တော့်ဆွေမျိုးလူကြီးတွေ ဘယ်တော့လာမလဲလို့တွေးရင်း စိတ်စောနေခဲ့ပါတယ်။ စိတ်ထဲမှာလည်း မကြာခင်လွတ်လာတော့မယ်ဆိုတာကို တစ်ထစ်ချယုံကြည်လိုက်ပါပြီ။
ကျွန်တော်ပြန်လွတ်လာတော့ရော အရင်လုပ်ဖော်ကိုင်ဖက်တွေ ကိုယ့်အပေါ်ဘယ်လိုမြင်ကြမလဲ။ ပါတီကရော လှိုက်လှိုက်လှဲလှဲကြိုဆိုမလား။ ဒါမှမဟုတ် ရန်သူ့လက်ရောက်သွားလို့ ရန်သူကပြန်လွှတ်လိုက်တဲ့ သူလျှိုဒလန်လို့ မြင်မလား။
အစိုးရဖက်ကရော။ ရန်သူ့လက်ထဲ ရောက်သွားတဲ့သူမို့ လုံခြုံရေးအကြောင်းပြပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းတာမျိုး လုပ်လေမလား။ အစိုးရတပ်ကရော စုံစမ်းစစ်ဆေးတာမျိုး လုပ်လေဦးမလား။
မတတ်နိုင်ပါ။ ကျွန်တော်အဖို့ သန်းခေါင်ထက်ညဉ့်မနက်တော့ပြီ။ အရာရာကြုံလာသမျှ ရင်ဆိုဖို့ပဲ ရှိတော့တာပါ။ အခုနေစိတ်ပူပန်နေလည်း နောင်မှာဖြစ်လာမဲ့အရာတွေ ပြောင်းလဲသွားတာမျိုး မရှိနိုင်။ အဆိုးထဲကအကောင်း သေကံမရောက် သက်မပျောက်ဘဲ ကျန်းကျန်းမာမာ ပြန်လွတ်လာတာကိုပဲ အနန္တောအနန္ဒငါးပါးရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ရမှာပဲ။
ဦးတောင်ပန်းလည်း ကျွန်တော်နဲ့အတူ ရှိနေပါတယ်။ အခုလို လွတ်မြောက်ရေးအစီအစဉ်မှာ သူမပါလို့ဆိုပြီး စိတ်မကောင်းဖြစ်နေရှာပါတယ်။ သူလည်း သူ့ဒုက္ခနဲ့သူပါ။ သူပုန်သူကန်ကြီးစိုးတဲ့ ပစ္စန္တရပ်မှာ လူဖြစ်လာရခြင်းရဲ့ သားကောင်ပေါ့။
စုံလင်ကွဲပြားတဲ့ လူမှုအသိုက်အဝန်းကြားမှာ အချင်းချင်းအပြန်အလှန် အကျိုးပြုနေတာပဲဆိုတဲ့ အမြင်သဘောထားတွေ မရှိတော့တဲ့အခါ၊ လူမှုစီးပွားအကျိုးအမြတ်တွေ တစ်ဘက်နဲ့တစ်ဘက် လုနေကြတဲ့အခါ အခုမြင်ရသလိုပဲ ကိုတောင်ပန်းလို၊ ကျွန်တော့်လို မြေစာပင်တွေ ရှိလာတာပါပဲ။ ဒီပဋိပက္ခမပြီးမချင်း နောင်လည်းမြေစာပင်တွေ ရှိနေအုံးမှာ အသေအချာပဲ။
ကိုတောင်ပန်းကို အားမငယ်ဖို့၊ စိတ်ဓာတ်မကျဖို့ ပြောပေးရုံမှတစ်ပါး ဘာမှမတတ်နိုင်။ သူက သူပုန်အကျဉ်းသား ဖြစ်ရတာ ကိုယ့်ထက် ၁၀ ရက်လောက် စောတယ်ဆိုတော့ ပုထုဇဉ်ပီပီ လွတ်ချင်ရှာပေမှာပေါ့။ သို့ပေမဲ့ ကိုယ်ကလည်း ကိုယ့်အပူနဲ့ကိုယ်။
လွတ်လမ်းမြင်ပြီ ဆိုတာပဲရှိသေးတာ၊ တကယ်လွတ်သေးတာ မဟုတ်။ လွတ်ရက်ကို စိတ်လှုပ်ရှားမှုနဲ့ စောင့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်။ ပြီးတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးနိုင်လောက်တဲ့သူ၊ ပေးလိုက်တဲ့ မှတ်ချက်တွေကို အရေးတယူထားရလောက်တဲ့ ဂုဏ်ရှိတဲ့သူမျိုးလည်း မဟုတ်ပြန်။
အေအေလက်ထဲ အဖမ်းခံရတဲ့ ၇၄ ရက်တာကာလထဲ ကိုယ့်ဒဏ်ရာကို လျှာနဲ့လျက်ပြီးပြန်ကုသလိုမျိုး ကိုယ့်စိတ်ကိုကိုယ် အားပေးရင်း ဖြတ်သန်းခဲ့ရတာပဲမို့ အားတင်းထားဖို့ အားပေးရုံမှတစ်ပါး မတတ်နိုင်။ သူတစ်ပါးကိုကူညီ ဖို့ဆိုတာ ကူညီနိုင်လောက်တဲ့ ခွန်အားနဲ့ ပြည့်ဝရမှာကိုး။
***
အပိုင်း (၂၂) ဆက်လက်ဖတ်ရှုနိုင်ပါရန်။
