MRO/CDF-Matupi က စစ်မှုထမ်းရန် ကျောင်းသားများကို ဖမ်းဆီးစဥ်တွင် တားမြစ်သည့်အတွက် ချန်းပြန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရပြီး နေအိမ်ပါ ဖျက်ဆီးခံရ
သြဂုတ်လ ၁၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာ အုပ်ချုပ်မှူး ဦးအောင်ကီးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် MRO/CDF-Matupi ၏ ဖမ်းဆီးခြင်းခံရပြီး နေအိမ်ပါ ဖျက်ဆီးခြင်းခံရကြောင်း မိသားစုဝင်နှင့် နီးစပ်သူထံမှ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ချန်းပြန်ကျေးရွာ စာသင်ကျောင်းကို MRO/CDF-Matupi ရဲဘော်များ ဝင်ရောက်လာပြီး စစ်မှုထမ်းရန် ကျောင်းသားများ ဖမ်းဆီးနေစဥ် တားမြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
“ကျောင်းသားတွေ စာသင်နေအချိန်မှာ MRO/CDF-Matupi ရဲဘော်တွေ လာရောက်ပြီး ကျောင်းသားတွေ စစ်မှုထမ်းဖို့ အတင်းအဓမ္မ ဖမ်းဆီးတယ်။ ကျောင်းသား/သူတွေ ကျောင်းဆရာ/မတွေက ဘာလုပ်ရမှန်းမသိ၊ နောက်ဆုံး အုပ်ချုပ်ရေးမှူးက တားတယ်။ အုပ်ချုပ်ရေးမှူးပါ အဖမ်းခံရတယ်။ သူ့ရဲ့ အိမ်ကိုလည်း MRO/CDF-Matupi ရဲဘော်တွေက ခဲတွေနဲ့ ပစ်ပေါက်ကြတယ်။” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ချန်းပြန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကီးသည် MRO ၏ ခန့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။
မတူပီမြို့နယ်ရှိ MRO/CDF-Matupi ထိန်းချုပ်ထားသည့်နယ်မြေတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့မှစ၍ စစ်မှုထမ်းရန် လူငယ်အများအပြား စုဆောင်းခံရသည့်အတွက် လူငယ်အများစုသည် တိမ်းရှောင်နေရသည်။
“MRO/CDF-Matupi ထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးက လူငယ်တွေ စစ်မှုထမ်းဖို့ အခုရက်ပိုင်း ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်တယ်။ ရာနဲ့ချီ လူငယ်တွေ ဖမ်းဆီးခံရတယ်။ နေရပ်ပြန်လာတဲ့ လူငယ်တွေလည်း ပြန်ပြီး ထွက်ပြေးနေရတယ်။” ဟု မတူပီမြို့နယ် ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
MRO/CDF-Matupi သည် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှု ပြုလုပ်နေသည့်အတွက် အိုင်ဒါပ်တိုက်နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် ကန့်ကွက်ထားပြီး ဖမ်းဆီးစုဆောင်းခံရသူများကို အမြန်ဆုံး ပြန်လွတ်ပေးရန် တောင်းဆိုထားသည်။
မတူပီမြို့ကို MRO/CDF-Matupi ပါဝင်သည့် ချင်းညီနောင်အဖွဲ့နှင့် အာရက္ခတပ်တော်(အေအေ) အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်တွင် သိမ်းပိုက်ရရှိထားသည်။
သတင်း – အိုက်လင်း
