စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းမပြုပဲ ဆန့်ကျင်ကန့်ကွက်ကြရန် ICNCC ထုတ်ပြန်
ဩဂုတ်လ ၂၀ ရက်၊ ၂၀၂၅။
မတရား အာဏာသိမ်း စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲတွင် လုံးဝပူးပေါင်းပါဝင်ခြင်းမပြုပဲ ဆန့်ကျင်ကန့်ကွက်ကြရန် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာ့ဒီမိုကရေစီအရေးကို ခေတ်အဆက်ဆက် ဖြိုခွဲဖျက်ဆီးခဲ့သည့် မတရား အာဏာသိမ်း စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ ဆန္ဒသဘောထားကို လျစ်လျူရှုကာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် လက်ရှိတွင် အမျိုးမျိုးပြင်ဆင်နေသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁) ရက်နေ့ မတရားအာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန်၊ ၂၀၂၀ ခုနှစ် အထွေ ထွေရွေးကောက်ပွဲရလဒ်နှင့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ တရားဝင်မှု (legitimacy)ကို အတုအယောင် ရွေးကောက်ပွဲဖြင့် ဖျက်သိမ်း၍ တရားမဝင်အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်ရန်နှင့် အကြမ်းဖက်စစ်ကော်မရှင်သည် တရားဝင်အစိုးရ မဟုတ်သလို မည်သည့် ရွေးကောက်ပွဲကိုမဆို ကျင်းပပိုင်ခွင့် လုံးဝမရှိကြောင်း ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် အာဏာသိမ်းသည့်နေ့မှစ၍ အပြစ်မဲ့ပြည်သူများအား ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခြင်း၊ သောင်းနဲ့ချီ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်း(human shield) အဖြစ် အသုံးပြုခြင်း၊ လူနေအိမ်များ/ ဘုရားကျောင်းများ မီးရှို့ဖျက်စီးခြင်း၊ စာသင်ကျောင်းများ/ကျေးရွာများအပေါ်ဗုံးကြဲခြင်း၊ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း စသည့် စစ်ရာဇဝတ်မှုများကို ယနေ့အထိ နေ့စဉ်ရက်ဆက် ကျူးလွန်နေသည်။
ထို့အပြင် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သန်းချီရှိနေချိန်တွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခြင်း၊ မဲပေးခြင်းများတွင် ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသော ရွေးကောက်ပွဲမျိုး ဖြစ်အောင် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုများ လုံးဝရှိနိုင်မည် မဟုတ်ကြောင်း ပြောသည်။
အတုအယောင် ရွေးကောက်ပွဲသည် စစ်ကောင်မရှင်နှင့် ၎င်းတို့၏အသိုင်းအဝိုင်းကိုသာ ကိုယ်စားပြုပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖောင်ဆောင်နိုင်မည့်အစား ပဋိပက္ခများကို ပိုမိုနက်ရှိုင်းစေနိုင်ကြောင်း ဆိုသည်။
အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်းသည် တရားဝင်အစိုးရ မဟုတ်သော စစ်အာဏာရှင်စနစ် အာဏာသက်ဆိုးရှည်ရန် ကူညီခြင်း၊ အပြစ်မဲ့ပြည်သူများအပေါ် ရက်စက်စွာ သတ်ဖြတ်မှုများ ဆက်လက် ကျူးလွန်နိုင်ရန် အားပေးရာရောက်ခြင်း၊ စစ်ကော်မရှင် ကျူးလွန်သော ရာဇဝတ်မှုများတွင် ကိုယ်တိုင်ပါဝင် ကျူးလွန်နေသူများအဖြစ် ပြည်သူများ၏ သတ်မှတ်ခြင်းကို ခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့် ကွက်ပေးကြရန်နှင့် အသိအမှတ်မပြုကြရန် ICNCC က ပန်ကြားထားသည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ CINCC သည် ချင်းပြည်သူများ ကိုယ် ပိုင်ပြဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အာမခံသည့် နိုင်ငံရေးစနစ်သစ်ကို ပုံဖော်ရင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာစေရေးအတွက် ပိုမိုအားဖြည့်လုပ်ဆောင်နေကြောင်း ဆိုသည်။
ထိုသို့လုပ်ဆောင်နေမှုအပေါ် မိဘပြည်သူများသည်လည်း ဆက်လက် ပံ့ပိုးပေးရန်နှင့် မြန်မာပြည်သူ တစ်ရပ်လုံးအနေဖြင့် အဆိုပါ အတုအယောင် ရွေးကောက်ပွဲတွင် လုံးဝ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ ဆန့်ကျင်ကန့်ကွက်ကြရန် အလေးအနက် တိုက်တွန်းကြောင်း CINCC က ထုတ်ပြန်ထားသည်။
သတင်း – James Roe
