ချင်းပြည်နယ်၊ ပလက်မြို့နယ်၊ င/ဒက်ကျေးရွာအုပ်စု၊ မောင်နှမကျေးရွာသား ၃ဦး စက်တင်ဘာ ၈ ရက်နေ့ ပျောက်ဆုံးသွားရာက ၁၅ ရက်နေ့တွင် သေဆုံးလျက်ပြန်တွေ့ရှိကြောင်း သတင်းရရှိသည်။
သေဆုံးသူများမှာ ဦးဆန်အောင် (၆၁ နှစ်)၊ ဦးအိုက်မြင့် (၂၆ နှစ်)နှင့် မောင်ပီစီထွန်း (၁၃ နှစ်) တို့ဖြစ်ပြီး အိန္ဒိယနယ်စပ်မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ကုန်ပစ္စည်းများပို့ဆောင်ရန် သွားရောက်စဉ် ပျောက်ဆုံးသွားရာ တစ်ပတ်ကျော်အကြာတွင် သေဆုံးလျက်တွေ့ရခြင်းဖြစ်သည်။ သေဆုံးသူများမှာ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ရုပ်အလောင်းများကို ပလက်ဝအောက်ဘက် ရေမိုင် ၂ မိုင် ခန့်အကွာ လောင်းကဒူးနှင့် တန်းဆိပ်ကျေးရွာကြားရှိ ငသလဲကျွန်းတွင် ၂ လောင်းနှင့် မွန်ထောင့်ကျေးရွာ အထက်နား မြစ်ကမ်းစပ်တွင် တစ်လောင်း တွေ့ရှိရခြင်း ဖြစ်သည်။
“ကျောက်တော်က ပြန်လာသူတွေက မွန်ထောင့်ရွာနားမှာ လူသေအလောင်းတွေ့တယ်ပြောလို့ ဦးဆန်အောင်အမျိုးသမီးက လိုက်ရှာတာပေါ့၊ သူ့ယောင်္ကျားနဲ့ သားရယ်၊ မြေးရယ်က ပြန်မလာတာ တစ်ပတ်ကျော်ပြီဆိုပြီး ရွာကနေ ပလက်ဝဆင်းပြီး သတင်းလာစုံစမ်းတာ။ မောင်ပီစီထွန်းဆို ကလေးပဲ ရှိသေးတယ်၊ သူတို့အားလုံးအသတ်ခံရတာ၊ တစ်ယောက်ဆို အလောင်း က ခေါင်းတခြားကိုယ်တခြား ဖြစ်နေတာ…”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“ဖြစ်တာက စက်တင်ဘာ ၈ ရက်နေ့ကတည်းက၊ အလောင်းပြန်တွေ့တာက ၁၅ ရက်နေ့၊ အခုကျမှ ကျွန်တော်တို့က သိရတာဆိုတော့ ၁၅ ရက်တောင်ကြာသွားပြီ၊ ပလက်ဝက ဖုန်းလိုင်းအခုထိပိတ်ထားတော့ ဖြစ်တာနဲ့ ချက်ချင်းမသိနိုင်ဘူး၊ ဒီလို အဖြစ်မျိုးတွေ နောက်ထပ်ဘယ်လောက်ရှိအုံးမလဲဆိုတာ တော်တော်စိုးရိမ်စရာကောင်းတယ်၊ တော်တော်လည်း ထိတ်လန့်စရာကောင်းတယ်…”ဟု ရန်ကုန်ရောက် ခူမီးလူငယ်တစ်ဦးက ပြောသည်။
ဦးဆန်အောင်ဇနီးက မောင်နှမကျေးရွာတွင် တပ်စွဲထားသည့် အေအေတပ်ဖွဲ့ထံ တိုင်ကြားထားကြောင်းသိရှိရပြီး အမှုမှန်ပေါ် ပေါက်ရေးအတွက် မည်သို့ဆောင်ရွက်ထားသည်ကိုမူ မသိရှိရသေးပေ။