
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်။
လူကြီးတွေက လေးနာရီလောက်ဆို အိပ်ယာက နိုးနေကြပါပြီ။ ပြီးတော့ တစ်ကိုယ်ရေ ဝေယျာဝစ္စတွေ လုပ် နေကြပါပြီ။ ကျွန်တော်လည်း အိပ်လို့မရတော့ပါ။ အိပ်ရာသိမ်း၊ သွားတိုက်၊ မျက်နှာသစ်၊ ပြီးတာနဲ့ အရှေ့ဘက်က အလင်းရောင်မြင်လာရပါပြီ။
မနက်ပိုင်းဆိုတော့လည်း လေတိုးသံပြင်းပြင်းနဲ့အတူပါလာတဲ့ အအေးဓာတ်က ရင်ထဲကို အေးစိမ့်သွားစေပါ တယ်။ ကျွန်တော်တို့ နေတဲ့အဆောင်က အသွားအလာများတဲ့ လမ်းမှာရှိတာမို့ အေအေရဲဘော်တွေ သွားသွားလာလာ လှုပ်ရှားနေတာကိုလည်း တွေ့နေရပါတယ်။
ကျွန်တော်တို့အတွက် အစောင့်ချပေးထားတဲ့ ရဲဘော်သုံးယောက်ကလည်းရှိနေပါတယ်။ မနက်စာအတွက် လူ ကြီးအဆောင် စားပွဲဝိုင်းတစ်ခုမှာ အဆင်သင့်ပြင်ထားတာ တွေ့ရပါတယ်။ မနက်စာစားပြီးမှ ဆွေးနွေးပွဲ/ အစည်းအဝေး တက်ရမှာပါ။
ကျွန်တော်ထင်ပါတယ်။ အခုဟာက အစည်းအဝေးလည်းမဟုတ်၊ ဆွေးနွေးပွဲလည်းမဟုတ်၊ ကျွန်တော့်ကို ပလက်ဝဒေသခံလူကြီးတွေဆီ အပ်နှံပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆိုလိုတာက ဒီကနေ့ ပလက်ဝဒေသခံ ခူမီးချင်းတွေဆီ ရခိုင့်တော်လှန်ရေး ယူအယ်လ်အေ/အေအေရဲ့ သတင်းစကားကိုလည်း တစ်ပါတည်း ပါးလိုက်မှာ ဖြစ်ပါတယ်။
အစည်းအဝေး စ,ပါပြီ။
ယူအယ်လ်အေဘက်က ရခိုင့်တပ်တော် နယ်မြေတာဝန်ခံ ဗိုလ်မှူးခိုင်ယက္ခ၊ ဦးအောင်သာစိန်(အမည်လွဲ)၊ ဦးအောင်နိုင်နဲ့ ဦးအောင်မြတ် တို့ပါဝင်ပါတယ်။ ပလက်ဝဘက်ကတော့ ရောက်လာတဲ့လူကြီး လေးဦးပါ။ ဆွေးနွေးပွဲကိုတော့ ဝါးစားပွဲလေးမှာ လုပ်ဖြစ်ကြပါတယ်။ အစည်းအဝေးကို အေအေဘက်က ဗွီဒီယိုမှတ်တမ်း တင်ပါတယ်။
ဗိုလ်မှူးခိုင်ယက္ခက ဦးဆောင်ပြီး အချင်းချင်းမိတ်ဆက်ပြီးတော့ သူကပဲ အဖွင့်စကားပြောပါတယ်…
“အခုလို နှစ်ဘက်လူကြီးတွေ အချင်းချင်းတွေ့ဆုံခြင်းက ပလက်ဝဒေသနဲ့ ပတ်သတ်လို့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပလက်ဝဒေသမှာရှိတဲ့ လူမျိုးတွေအနေနဲ့ မိမိတို့ရခိုင်တပ်တော် စစ်ရေးလှုပ်ရှားမှုကိစ္စတွေမှာ အကူအညီ ပေးသင့်ပါတယ်…”
“မိမိတို့လူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိနိုင်ဖို့ ဒီတော်လှန်ရေးကို မဖြစ်မနေ လုပ်ရတာဖြစ်ပါတယ်။ ကျွန်တော့်တို့အနေနဲ့ ခေတ်အဆက်ဆက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်လိုတဲ့ ဗမာ လူမျိုးကြီးဝါဒကို မနှစ်သက်ခဲ့ပါဘူး။ ဒါကြောင့် မိမိပြည်နယ်၊ မိမိတို့နယ်မြေမှာ မိမိတို့လူမျိုးကိုယ်တိုင် အုပ်ချုပ်နိုင်ခွင့်ရရှိဖို့ တိုက်ပွဲဆင်နွဲရခြင်းဖြစ်ပါတယ်…”
“ဒါကြောင့် ဒုက္ခဆင်းရဲ အပင်ပန်းခံပြီး နယ်ချဲ့ဗမာ့တပ်မတော်ကို မိမိတို့ဘက်က အစွမ်းကုန် တိုက်ခိုက်ချေမှုန်း သွားမှာဖြစ်ပါတယ်။ ဒီတော့ ဒီနေ့ဆွေးနွေးပွဲမှာ ပလက်ဝဘက်က ရောက်လာကြတဲ့ လူကြီးမင်းတို့ရဲ့ သဘောထားအမြင်တွေကိုလည်း ကြားချင်ပါတယ်။ အားလုံးဝိုင်းဝန်း ဆွေးနွေးကြစေလိုပါတယ်…”
ဗိုလ်မှူးခိုင်ယက္ခက လေသံအနိမ့်အမြင့် မှန်မှန်နဲ့ သူတို့ရဲ့ ရည်မှန်းချက်၊ ပြီးတော့ ကျွန်တော်တို့ လိုက်နာရမဲ့ အချက်တွေကို အပိုအလိုမရှိ ပြောသွားပါတယ်။ ဒီမှာ သူ့အပေါ်တစ်ချက် သတိထားမိတာက မနေ့က ညစာစားပွဲမှာ တွေ့ရတဲ့ သူ့ရဲ့ဖော်ရွေတဲ့ မျက်နှာကို ပြန်မတွေ့ရတော့တာပါပဲ။
လူကြီးတွေကတော့ ခိုင်ယက္ခရဲ့ ပြောကြားချက်တွေအပေါ် ဘယ်လိုနားလည်မလဲတော့ မသိ။ ကျွန်တော့်အဖို့ကတော့ သူတို့ရဲ့ တော်လှန်ရေးလမ်းကြောင်းကို ကူညီပေးဖို့ ဒါမှမဟုတ် ပူးပေါင်းပါဝင်ဖို့ ကျွန်တော်တို့ဆီမှာ တာဝန်ရှိတယ်ဆိုတာရယ်၊ တကယ်လို့ အဲဒီလိုပူးပေါင်းပါဝင်မှုမရှိဘဲ ကန့်လန့်တိုက်သလို လုပ်နေမယ်ဆိုရင် ထိုက်သင့်တဲ့ အရေးယူမှုတွေ ရှိလာမယ်ဆိုတာကို သတိပေးလိုက်တာပဲလို့ သဘောပေါက်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီအစည်းအဝေးမလာခင်မှာ အေအေတွေရှေ့မှာ စကားကို အတတ်နိုင်ဆုံး လက်လွတ်စပယ် မပြောဘဲ သူတို့ဘက်ကပြောတဲ့ စကားအပေါ် မီးစင်ကြည့်ပြီး လိုက်လျောညီထွေ ပြောကြမယ်လို့ တိုင်ပင်ထားပြီး ဖြစ်ပါတယ်။
ဒီ့အပြင် အခုလာတဲ့လူကြီးတွေကိုက ခူမီးနဲ့ရခိုင်ကြား ဆက်နွယ်မှုသမိုင်းကြောင်းကိုလည်း ဂဃနဏသိတဲ့သူတွေမဟုတ်တဲ့အတွက် ကိုယ့်ဘက်ကအရင် စကားကျွံမိဖို့ သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။
ကျွန်တော်ကတော့ ခိုင်ယက္ခရဲ့ ပြောကြားချက်အပေါ် မယုတ်မလွန်လေး တုန့်ပြန်ဖို့အတွက် စကားလုံးတွေ စီနေပါတယ်။ ပြီးမှ ပြောသင့်မပြောသင့် လူကြီးတွေကို အချက်ပြတိုင်ပင်မယ်လို့ စိတ်ကူးထားပါတယ်။ ဒါပေမဲ့ နောက်ကျသွားပါတယ်။ အဖိုးကံပက မတ်တပ်ရပ်ပြီး အရင် စ,ပြောပါတယ်။
“ပလက်ဝမြို့နယ်ထဲမှာ ခူမီးချင်းနဲ့ ရခိုင်ဆိုတာ ရှေးယခင်ကတည်းက အတူတကွယှဉ်တွဲ နေထိုင်လာခဲ့တာဖြစ်ပြီး ညီရင်းအစ်ကို လိုသာဖြစ်ပါတယ်။ ဒီလို အတူနေလာကြတဲ့ ကာလတစ်လျှောက်လုံးမှာလည်း လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေလည်း ဘယ်တုန်းကမှမရှိခဲ့ဖူးပါဘူး…”
“ဒေသတွင်းမှာ နေထိုင်ကြတဲ့ ခူမီးရော ရခိုင်ရော ဒုက္ခရောက်တာချင်း အတူတူပဲဖြစ်ပါတယ်။ စစ်အစိုးရကာလ မှာဆိုကျွန်တော်ကိုယ်တိုင် အုပ်ချုပ်ရေးမှူးတာဝန်ကို ဆယ်စုနှစ်တစ်ခုမက လုပ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း မလုပ်နိုင်တော့တဲ့အဆုံး ကချင်(ဖားကန့်)ဘက် ထွက်သွားခဲ့ဖူးပါတယ်…”
အဖိုးကံပက သူ့ဘဝဖြစ်စဉ်နဲ့အတူ ဟာသနှောပြီး ပြောလိုက်တော့ နားထောင်သူတွေ အချို့ပြုံးစေ့စေ့ ဖြစ်သွားကြပါတယ်။
ဦးအောင်သာစိန် (အသက် ၇၀ ခန့်)က ရခိုင်သမိုင်းကို အထောက်အတားခိုင်ခိုင်မာမာနဲ့ နှံ့နှံ့စပ်စပ်ပြောပြီး ခူမီးနဲ့ ရခိုင်ဆိုတာ မျိုးနွယ်တူဖြစ်ကြောင်း၊ ချင်းပြည်နယ်မှာ “ခူမီး”ခေါ်သော်လည်း ရခိုင်ပြည်မှာ “ခမီ”လို့ပဲ ခေါ် ကြောင်း၊ ပလက်ဝခူမီးတွေအနေနဲ့ ရခိုင့်တပ်တော်လှုပ်ရှားမှုတွေကို အကူအညီပေးစေချင်ကြောင်းနဲ့ ကြုံလာတဲ့ ပြဿနာရပ်ကို အတူဖြေရှင်းမှ ရမည်ဖြစ်ကြောင်း ပြောပါတယ်။
ကျွန်တော့်ရင်ထဲ ကလိကလိဖြစ်စေတဲ့အချက် ပါလာပြန်ပါပြီ။ ကျွန်တော် မတ်တပ်ရပ်လိုက်ပါတယ်။ ဘကြီးပန်ထိုက်က ကျွန်တော့်ကို ဟန့်သလို မျက်လုံးနဲ့ တစ်ချက်ကြည့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာမှ တုန့်ပြန်မနေတော့ဘဲ ကိုယ်ပြောမဲ့စကားကို ဆက်ပြောလိုက်ပါတယ်။
“ပလက်ဝမှာရှိတဲ့ ခူမီးတွေက မိမိကိုယ်ကိုယ် ချင်းအနွယ်လို့ ခံယူကြပါတယ်၊ ဒါဟာလည်း ခံယူချင်လို့ ခံယူလိုက်တာမျိုး မဟုတ်ဘဲ အခြားချင်းအနွယ်တွေနဲ့ ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ အခြားရိုးရာဓလေ့ထုံးတမ်းတွေ၊ ဆင်းသက်လာရာလမ်းကြောင်းတွေ၊ သမိုင်းကြောင်းတွေ နီးနီးကပ်ကပ်တူညီမှုရှိနေတော့ ခူမီးတွေက ချင်းအနွယ် စစ်စစ်ဖြစ်နေလို့ကို ချင်းအဖြစ်ရပ်တည် ခံယူရတာ ဖြစ်ပါတယ်…”
“ရှေးယခင်ကတည်းကလည်း ခံယူထားပြီးဖြစ်တဲ့အပြင် ယခုအချိန်ကာလမှာလည်း ကျွန်တော်တို့ ခူမီးတွေအနေနဲ့ ချင်းအနွယ်ဝင် ချင်းလူမျိုးတွေဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ချင်းလူမျိုးတွေ တိုးတက်ကြီးပွားနေတယ်ဆိုတာတွေ၊ ချင်းလူမျိုးတွေ ဆုတ်ယုတ်နိမ့်ကျနေတယ်ဆိုတာတွေက ခူမီးတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ခံယူထားကြပါတယ်…” လို့ ပြောလိုက်ပါတယ်။
ပြီးတော့ တစ်စပ်တည်း မိမိအနေနဲ့ ပလက်၀မြို့ပေါ်မှာ ငယ်ငယ်ကတည်းကပင် ရခိုင်လူမျိုးတွေနဲ့ ရင်းရင်းနှီးနှီး အတူတကွ နေထိုင်လာခဲ့သလို အခုချိန်မှာလည်း ညီအစ်ကိုများသဖွယ် ဆက်ဆံလာခဲ့သည်မှာ မိမိရဲ့ ရခိုင်လူမျိုး အိမ်နီးချင်းတွေ အသိပင်ဖြစ်ကြောင်း ဆက်ပြောလိုက်ပါတယ်။
ကျွန်တော်ထည့်ပြောချင်ပေမဲ့ မပြောဖြစ်တဲ့ စကားတွေ ရှိပါသေးတယ်။
ဗိုလ်မှူးခိုင်ယက္ခက မိမိတို့ရခိုင့်တပ်တော်အနေနဲ့ ပလက်ဝမြို့နယ်အတွင်း ဆက်လက်ရှိနေဦးမှာဖြစ်တဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း ဆက်ရှိနေဦးမှာဖြစ်ပြီး ရခိုင့်တပ်တော်ရဲ့ ရှေ့တန်းနယ်မြေ စစ်ရေးလှုပ်ရှားမှုအရ ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကနေ လိုအပ်တဲ့ပစ္စည်းတွေနဲ့ အခြားအသုံးအဆောင်တွေ ယူငင်သုံးစွဲတာတွေလည်း လိုအပ်ချက်အရ ရှိနိုင်ပါကြောင်း၊ ဒါပေမဲ့ တန်ရာတန်ကြေးတွေ ပေးကြဖို့နဲ့ ကျေးရွာလူထုတွေကို အနှောင့်အယှက်မပေးဖို့၊ အတင်းအဓမ္မခိုင်းစေမှုတွေ ရှောင်ရှားဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။
သူကဆက်ပြီး အခုလက်ရှိ အခြေအနေက တော်လှန်ရေးကာလ ဖြစ်တဲ့အတွက် ပလက်ဝမြို့နယ်အတွင်း ရခိုင့်တပ်တော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မီဒီယာပေါ် မတင်သင့်ပါကြောင်း၊ ရခိုင့်တပ်တော်ရဲ့ မဟုတ်မမှန်သတင်းတွေနဲ့ အချက်အလက်တွေကို မီဒီယာပေါ် လွင့်တင်တာကို အင်မတန်မှ စိတ်မကောင်းဖြစ်ရကြောင်း၊ နောင်မှာ ခူမီးလူမျိုးတွေအနေနဲ့ ဒီလိုမျိုးလုပ်ရပ်တွေ မလုပ်ဖို့ ခူမီးလူကြီးတွေက တားမြစ်ရမှာဖြစ်ကြောင်း၊ မိမိတို့ရခိုင့် တပ်တော်အနေနဲ့ ပလက်ဝမြို့နယ်တွင်း အခြေချလှုပ်ရှားရခြင်းမှာ စစ်ရေးဗျူဟာ အရသာဖြစ်ကြောင်း၊ ပလက်၀မြို့နယ်ကို ရခိုင်ပြည်နယ်ထဲ ထည့်သွင်းလိုတာ မဟုတ်ကြောင်း၊ ရခိုင့်တပ်တော်မူဝါဒထဲမှာလည်း ထည့်သွင်းရေးဆွဲထားတာ မရှိပါကြောင်း၊ မိမိတို့ရခိုင့်တပ်တော် အောက်ခြေမှာ မဟုတ်မမှန် ဖြစ်ရပ်မျိုးတွေ ရှိပါကလည်း အချိန်မရွေးဖုန်းဆက် တိုင်တန်းနိုင်ပါကြောင်း စကားကိုအရှည်ကြီး ပြောချလိုက်ပါတယ်။
သူက တစ်စပ်တည်း အခုလိုပဲ အသံနည်းနည်းမြှင့်ပြီး ပြောလိုက်ပါတယ်။
“ဒါကြောင့် ကျွန်တော်တို့ ရခိုင့်တပ်တော်တွေ ပလက်ဝမြို့နယ်အတွင်း ခူမီးရွာတွေမှာ အခြေအနေ လိုအပ်ချက်အရ အခြေချနေထိုင်တဲ့ အခါတွေမှာ မကူညီနိုင်ရင်တောင်မှ အနှောင့်အယှက်မပေးကြဖို့ လိုပါတယ်…”
သူတို့အနေနဲ့ ရခိုင့်တော်လှန်ရေးကို အားပေးဖို့ရယ်၊ အားမပေးသည့်တိုင် မနှောင့်ယှက်ဖို့ရယ် အဓိကလိုရင်းကို ထပ်ခါထပ်ခါ ပြောနေတာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ဘက်ကလည်း ယတိပြတ်အဖြေပေးလို့မရ ဖြစ်နေတာပါ။ အဲဒီကိစ္စက တစ်နယ်လုံး၊ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ သမိုင်းနဲ့ချီတဲ့ ကိစ္စ၊ ရော့…အင့်… ဆိုပြီး ပြီးသွားရမဲ့ ကိစ္စမဟုတ်ဘူးလေ။
ဦးဘဖေက ပလက်ဝမြို့နယ်အတွင်းရှိ ခူမီးချင်းနဲ့ ရခိုင်လူမျိုးတွေအနေနဲ့ ရှေ့နှစ်ပေါင်းများစွာ ကတည်းကပင် အတူအကွနေထိုင်ခဲ့ကြတဲ့ သူတွေဖြစ်လို့ မိမိတို့တိုင်းရင်းသားလူမျိုးများ အချင်းချင်းကြား ရင်းရင်းနှီးနှီးနဲ့ အကောင်းဆုံးဖြစ်အောင် နေထိုင်သင့်ကြောင်း ဖြည့်စွက်ဆွေးနွေးပါတယ်။
ရခိုင်အမျိုးသားအဖွဲ့ချုပ် ဦးအောင်နိုင်က…
“ပလက်ဝက ရောက်လာကြတဲ့ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။ ပလက်ဝမြို့နယ်တွင်းမှာ နေထိုင်တဲ့ ခူမီးတွေဆိုတာ ကျွန်တော်တို့ ရခိုင်တွေနဲ့ ညီအစ်ကိုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်တပ်တော်ရဲ့ တော်လှန်ရေးမှာ ခူမီး လူမျိုးတွေလဲ ပူးပေါင်းပါဝင်ကူညီကြဖို့ လိုအပ်ပါတယ်။ အခု ရခိုင်တပ်တော်ထဲမှာ ပလက်ဝက ခူမီးလူမျိုး လူငယ်တွေလည်း ပါဝင်တာရှိပါတယ်။ နောက်ပြီး ဗမာတပ်မတော် သတင်းပေးမလုပ်ကြဖို့ အထူးလိုအပ်ပါတယ်။ စည်းစည်းလုံးလုံးနဲ့ တွန်းလှန်မှသာ ကျွန်တော်တို့ရည်မှန်းတဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်မှာ ဖြစ်ပါတယ်…”
ဦးအောင်နိုင်ပြောတာနဲ့ ခိုင်ယက္ခပြောတာတွေက ပြောတဲ့သူပဲခြားနားသွားတာ ပြောတဲ့အဓိပ္ပာယ်က အတူတူပဲလို့ နားလည်ရပါတယ်။ အတိုချုပ်ရရင် ရခိုင့်တော်လှန်ရေးကို ကူညီပေးဖို့ပါပဲ။ ပလက်ဝလူကြီးတွေလည်း ဒါကိုနားလည်သဘောပေါက်ကြပါတယ်။ ဒါပေမဲ့ ဟုတ်ကဲ့၊ ကူညီပါ့မယ်ဆိုပြီး အာမဘန္တေ ပေးလို့မရဘူး မဟုတ်လား။
ဘကြီးပန်ထိုက်က…
“တိုင်းရင်းသား အချင်းချင်း ချစ်ခင်စွာနေထိုင်ရေးက အရေးကြီးပါတယ်။ ပလက်ဝမြို့နယ်ထဲမှာ နေထိုင်လာတာ ကြာပြီဖြစ်လို့ ရခိုင်လူကြီးတွေနဲ့ အမြဲတမ်းလိုလိုတွေ့ဆုံပြီး နောင်မှာလည်း အတူတကွနေထိုင်ကြမဲ့ သူတွေဖြစ်လို့လဲ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ နေထိုင်ကြဖို့ လိုပါမယ်…”
ဘကြီးကတော့ ညှိနှိုင်းတိုင်ပင်ထားတဲ့အတိုင်း စကားကို မယုတ်မလွန်လေး ပြောသွားတာပါ။ တကယ်တမ်းဆိုရင် သူလည်း ခူမီးတွေထဲမှာ ရှေ့မီနောက်မီ လူကြီးတစ်ဦးပါပဲ။ ရခိုင်တွေအနေနဲ့ ပလက်ဝနယ်ထဲ အခြေချနေထိုင် ကြတာ နှစ်ပေါင်း ၃၀၀ တောင်မပြည့်သေးဘူးဆိုတာ မသိဘဲမနေပါဘူး။ ရခိုင်ဘုရင်တွေ အားကောင်းတဲ့ ခေတ်မှာတောင် အခုပလက်ဝနယ်က သီးခြားနေခဲ့တဲ့ နယ်မြေပဲဆိုတာ သိသာစေတဲ့အချက်က ရခိုင်ဘုရင်ကို ဗမာဘုရင် ဘိုးတော်ဘုရားကသိမ်းတော့ အချို့ရခိုင်တွေ ပလက်ဝနယ်ဘက် လာခိုကြတဲ့ အချက်ပါ။
ဗိုလ်မှူးခိုင်ယက္ခက နိဂုံးချုပ်စကားထဲမှာလည်း သူတို့လိုချင်တဲ့အတိုင်း အခုလိုပဲ ထည့်ပြေသွားပါတယ်။
“ပလက်ဝမြို့နယ်အတွင်း ရခိုင်တပ်တော် စစ်ရေးလှုပ်ရှားမှုတွေမှာ ခူမီးလူမျိုးတွေအနေနဲ့ အနှောင့်အယှက် မပေးစေလိုပါဘူး။ ဦးဝှေ့တင်းအနေနဲ့လဲ ဗမာတပ်မတော်နဲ့ အဆက်အသွယ်လုပ်တာတွေ ရပ်တန့်စေချင်တယ်။ ပြီးတော့ သတင်းအချက်အလက် ခိုင်လုံမှုရှိမှပဲ မီဒီယာတွေပေါ် လွင့်တင်တာတွေ ဖြစ်သင့်ပါတယ်…”
“အထူးသဖြင့် ရခိုင့်တပ်တော်နဲ့ပတ်သတ်လို့ ခိုင်လုံမှုမရှိတဲ့ သတင်းအချက်အလက်တွေကို သတင်းလွှင့်ခြင်း မပြုလုပ်ကြဖို့ အရေးကြီးပါတယ်။ နောက်ဆုံးအနေနဲ့ အခုတော်လှန်ရေးမှာ ကျွန်တော်တို့ဟာ ညီအစ်ကိုဆိုတဲ့ သဘောထားနဲ့ အတူပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်..”
ဒီနေ့ရဲ့ တွေ့ဆုံပွဲကိုလည်း ဒီနေရာမှာပဲ ရပ်နားလိုက်ပါတယ်။ တွေ့ဆုံပွဲမျာတော့ သူတို့လည်း သူတို့သဘောထားကို ပြော၊ ကိုယ့်ဘက်ကလည်း ကိုယ့်သဘောထားကိုပြော ပါပဲ။
ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာ လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ ကျွန်တော်တို့ ပြန်ရမဲ့ရက်ကို ဘာတစ်ခုမှ ထည့်မပြောတာကို တော်တော်လေး စိတ်စနိုးစနောင့် ဖြစ်မိပါတယ်။ မနက်ဖြန်ရော ဆွေးနွေးပွဲတွေ ဆက်ရှိအုံးမှာလား။ ဒါမှမဟုတ် ပြန်လွှတ်မဲ့ကိစ္စကို အထက်လူကြီးတွေရဲ့ ခွင့်ပြုချက် တောင်းခံနေတာမျိုးလား။
စဉ်းစားစရာ တစ်ချက်တော့ရှိပါတယ်။ ကျွန်တော့်ကို မဖြစ်မနေ ပြန်လွှတ်ပေးတော့မှာမို့လို့ သူတို့လိုချင်တဲ့ အချက်တွေကို မှာကြားနေတဲ့သဘောလည်း ဖြစ်နိုင်သလို သူတို့ရဲ့ တော်လှန်ရေး လမ်းခရီးမှာ ခလုတ်ကန်သင်းလို ဖြစ်နေတဲ့ ဒေသခံခူမီးတွေအပေါ် သူတို့ရဲ့သဘောထားကို ရှင်းပြနေတာလည်း ဖြစ်နိုင်ပါတယ်။
နေ့လည် တစ်နာရီကျော်အချိန်မှာပဲ မနက်စာထမင်းစားကြပါတယ်။ ထမင်းပွဲမှာတော့ အသားဟင်းမျိုးစုံနဲ့ အသီးအရွက်တွေ စုံလို့ပါပဲ။ ထူးထူးခြားခြား ပြည်ကြီးငါး ဟင်းတစ်မည်ပါတာလဲ တွေ့ရပါတယ်။ ဒီလို တောထဲတောင်ထဲမှာ ပင်လယ်စာတွေတောင် ရနိုင်တယ်ဆိုတော့ ကျွန်တော့်မှာ အံ့ဩရပါသေးတယ်။
နေ့လည်စာ စားအပြီးမှာ ပန်းသီး၊ စပျစ်သီး၊ ပျားလိမ္မော်သီး…စတဲ့ အသီးမျိုးစုံနဲ့ ဧည့်ခံပါတယ်။ ဧည့်သည်တွေကို ဧည့်ဝတ်ကျေမှုအပေါ်မှာတော့ အေအေလူကြီးတွေကို အမြဲတမ်း အသိအမှတ်ပြုရမှာပါ။
နေ့လည်ဘက် အစည်းအဝေးမရှိ။ အိပ်ဆောင်ပြန်လာကြပြီး အေးအေးဆေးဆေး အနားယူကြပါတယ်။ ပြန်မဲ့ကိစ္စ မပြောသေးတဲ့အတွက် မနက်ဖြန်လောက်မှ ပြောလိမ့်မယ်လို့ပဲ ထင်မြင်ချက်တွေ ကိုယ်စီနဲ့ အချင်းချင်းပြော နေကြပါတယ်။
အိမ်က အမျိုးသမီးနဲ့ ဖုန်းပြောပါတယ်။
“ပြန်လို့ရပြီလား…”
အမျိုးသမီးက တစ်ခွန်းတည်းပဲ မေးပါတယ်။ ကျွန်တော့်အတွက်တော့ တော်တော်လေး ဖြေရခက်တဲ့ မေးခွန်းပါ။ အိမ်သူစိတ်ပူနေမှာစိုးလို့ ရှည်ရှည်ဝေးဝေးပဲ ဖြေပေးလိုက်ပါတယ်။
“အစည်းအဝေးလုပ်တာ အဆင်ပြေတယ်။ ပြန်ဖို့ကိစ္စကိုတော့ အခုထိ မပြောသေးဘူး။ မနက်ဖြန် မနက်ပိုင်း အစည်းအဝေးရှိသေးတယ်။ ဒါပေမဲ့ ပြန်ခွင့်မရမှာကိုတော့ စိတ်ပူစရာမရှိဘူး။ အစည်းအဝေးပြီးရင် ပြန်လို့ရ လောက်တယ်။ ဘာဖြစ်လို့လဲဆိုရင် ငါ့ကိုပြန်လွှတ်ပေးချင်လို့ လူကြီးတွေကို ဒီနေရာအထိ ခေါ်လာတာပဲလေ၊ ဟိုဟိုဒီဒီတွေးပြီး စိတ်ပူမနေနဲ့ဦး…”
“အစ်ကို ပြန်လာတော့မယ်ဆိုလို့ ရွာကအမျိုးတွေ အိမ်မှာရောက်နေကြတယ်…”
ကျွန်တော်သိပါတယ်။ ကိုယ့်ဘက်ကအမျိုးတွေရော၊ အိမ်သူဘက်ကအမျိုးတွေရော အခုရက်ပိုင်း အိမ်မှာတဖွေးဖွေး ရောက်လာကြပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်ဘယ်တော့ ပြန်လွတ်လာမလဲ၊ ဘယ်နေ့ပြန်ရောက်မလဲ၊ ပြန်လွတ်လာဖို့ရော သေချာလား၊ သူတို့ကို တကယ်ရောယုံလို့ရမလား ဆိုတာတွေကို တစ်ယောက်ပြီးတစ်ယောက် လာလာမေးပါလိမ့်မယ်။
သူတို့ကတော့ ကျွန်တော့်အပေါ်စိုးရိမ်ပေးကြလို့၊ ကျန်းကျန်းမာမာနဲ့ ပြန်လာတာကို မြင်ချင်ကြလို့။ ဒါပေမဲ့ အမျိုးသမီးအတွက်တော့ မရေရာမှုကြီးတစ်ခုကို သေချာရေရာသယောင် ဖြေပေးရမှာဆိုတော့ ဒုက္ခတစ်မျိုးပေါ့။
ဒီကြားထဲ ကျွန်တော့်ဘက်ကလည်း မနက်ဖြန်ပြန်ရတော့မယ်ဆိုတဲ့ တိကျတဲ့အဖြေမျိုး မပေးနိုင်ပြန်ဆိုတော့ သူ့အနေနဲ့ တော်တော်လေး အခက်တွေ့နေရှာလိမ့်မယ် ဆိုတာကိုလည်း တွေးကြည့်တာနဲ့ သိနေပါတယ်။
ကျွန်တော့်ဆီမှာ ကိုယ့်ဖာသာကိုယ် ချမှတ်ထားတဲ့ ကိုယ်တစ်ယောက်ပဲသိတဲ့ သန္နိဋ္ဌာန်တစ်ခု ရှိပါတယ်။ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်အပေါ်မှာ ကိုယ့်ကြောင့်စိတ်မဆင်းရဲစေရဘူး ဆိုတာပါ။
ဒါပေမဲ့ ကျွန်တော့်ဆန္ဒမပြည့်၊ ဒုက္ခတွေကို ကိုယ်တိုင်က မရည်ရွယ်ဘဲ ပေးမိလျက်သား ဖြစ်နေပါတယ်။
***
အပိုင်း (၂၄) ဆက်လက်ဖတ်ရှုနိုင်ပါရန်။
