ဒိုင်ရ်ရိုးရာ စုပေါင်း ငါးဖမ်းပွဲ
===============
ချင်းပြည်နယ်၊ ဒေသ ၂ဒိုင်ရ်ဒေသ၊ ကျေးတောကျေးရွာသည် ဒိုင်ရ်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းထားသည့် ကျေးရွာငယ်တစ်ရွာ ဖြစ်သည်။ အိမ်ခြေ ၃၀ ခန့်နှင့် လူဦးရေ ၁၅၀ ခန့်ရှိသော ဤရွာကို ဦးထူးခိုင်က အုပ်ချုပ်ရေးမှူးအဖြစ် ဦးဆောင်ထားပြီး ရွာသားများသည် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ ၎င်း ကျေးတောရွာသားများ၏ မျိုးရိုးနာမည်သည် ကွီတွီး(kuitui) ဖြစ်သည်။
ဤရွာသည် ရိုးရှင်းသော ကျေးလက်လူနေမှုဘဝဖြင့် နေထိုင်နေပြီး ဒိုင်ရ်လူမျိုးတို့၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာဓလေ့များကို ထင်ဟပ်စေသည့် နှစ်စဉ်ကျင်းပသော “ဒိုင်ရိုးရာ စုပေါင်း ငါးဖမ်းပွဲ” ကြောင့် ထူးခြားသည်။ ဤဆောင်းပါးသည် စာရေးသူ အသက် ၁၀ နှစ်ခန့်အချိန်တွင် ကြုံတွေ့ခဲ့သော “ဒိုင်ရ်ရိုးရာ စုပေါင်း ငါးဖမ်းပွဲ” နှင့်ပတ်သတ်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ပြန်လည်မျှဝေခြင်း ဖြစ်သည်။
လွန်ခဲ့သော ၂၀၁၂ ခုနှစ်၊ တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ခါနီးအချိန်တွင် ရွာလူကြီး ဦးထူးခိုင်က “ဒီနှစ် ဧပြီလ ပထမပတ်မှာ ဒိုင်ရိုးရာ စုပေါင်းငါးဖမ်းပွဲကို ကျင်းပမယ်…” ဟု ရွာသားများကို အသိပေးကြေညာခဲ့သည်။ ဤပွဲကို ရွာအနီးရှိ လောက်ချောင်း(ဒေသအခေါ် လောက်လောင်း)တွင် ကျင်းပရန် စီစဉ်ထားပြီး၊ ဒိုင်ရ်လူမျိုးတို့၏ ရိုးရာငါးဖမ်းနည်းဖြစ်သော သဘာဝအရင်းအမြစ်များကို အသုံးပြုထားသည့် ထူးခြားသော နည်းစနစ်ဖြင့် ငါးဖမ်းပွဲ ပြုလုပ်ကြမည် ဖြစ်သည်။
ဤဓလေ့သည် ဒိုင်ရ်လူမျိုးတို့၏ သဘာဝနှင့် သဟဇာတဖြစ်သော ဘဝရှင်သန်နည်းကို ထင်ရှားစေပြီး၊ ရွာသားများအကြား စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေသည့် အစဉ်အလာတစ်ခု ဖြစ်သည်။
ရွာလူကြီး ဦးထူးခိုင်က ငါးဖမ်းပွဲအကြောင်း အသိပေးကြေညာပြီးနောက်၊ တနင်္ဂနွေနေ့ ဘုရားကျောင်းမှ ဆင်းလာပြီးချိန်တွင် ရွာသားများသည် အစည်းအဝေးတစ်ခု ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေး၌ ဧပြီလ ၃ ရက်နေ့တွင် ငါးဖမ်းပွဲကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး အနီးအနားရှိ ဘူးချောင်းဝ၊ ခိုက်ခါ၊ ဘူးစင်နှင့် ဆိတ်စ ရွာများသို့လည်း ဤပွဲအကြောင်း ကြိုတင်အသိပေးခဲ့သည်။ ဤလုပ်ငန်းစဉ်သည် ဒိုင်ရ်လူမျိုးတို့၏ အသိုင်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဆက်သွယ်မှုကို ထင်ဟပ်စေသည်။ (ခိုက်ခါအုပ်စုတွင် ဘူးချောင်းဝ၊ ခိုက်ခါ၊ ကျေးတော၊ ဆိတ်စနှင့် ဘူးစင်ကျေးရွာများ ပါဝင်သည်။)
ထို့နောက် ရွာသားများသည် ဧပြီလ ၃ ရက်နေ့ ရောက်ရှိလာမည့် အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ ဧပြီလ ၂ ရက်နေ့သို့ ရောက်ရှိလာသောအခါ ရွာသားများသည် ငါးဖမ်းရာတွင် အသုံးပြုမည့် သဘာဝပစ္စည်းများကို စုဆောင်းရန် စတင်လှုပ်ရှားကြသည်။ ထိုပစ္စည်းများသည် ဒိုင်ရ်ရိုးရာ ငါးဖမ်းနည်းတွင် အဓိကအသုံးပြုသည့် ဒေသခံသစ်ပင်တစ်မျိုးဖြစ်သော (ဒေသအခေါ် – Me ngthang thin) ၏ အရွက်၊ အသီးနှင့် အကိုင်းနုများ ဖြစ်သည်။
ဤသစ်ပင်၏ အစိတ်အပိုင်းများသည် ရေထဲသို့ စိမ်လိုက်သောအခါ ငါးများကို မူးဝေစေပြီး ဖမ်းယူရ လွယ်ကူစေသည်။ ထို့အပြင် ရွာသားများသည် ငါးဖမ်းရာတွင် အသုံးပြုမည့် ဝါးဖြင့်ပြုလုပ်ထားသော ရိုးရာငါးဖမ်း ကိရိယာများကိုလည်း ပြင်ဆင်ကြသည်။ ဤပြင်ဆင်မှုများသည် ဒိုင်ရ်လူမျိုးတို့၏ သဘာဝအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်သည့် ဉာဏ်ပညာကို ပြသခြင်းဖြစ်သည်။
ဧပြီလ ၃ ရက်နေ့ မနက် ၄ နာရီထိုးသည်နှင့် ရွာသားများသည် မနက်စာ ထမင်းဟင်းချက်ပြုတ် စားသောက်ပြီးနောက်၊ ငါးဖမ်းရန်လိုအပ်သော ပစ္စည်းများကို သယ်ဆောင်ကာ လောက်ချောင်းသို့ ထွက်ခွာကြသည်။ ရွာနှင့် လောက်ချောင်းသည် ခြေလျင်ဖြင့် ၃၀ မိနစ်ခန့် အကွာအဝေးတွင် တည်ရှိပြီး၊ ရွာသားများသည် ငါး ပိုမိုများပြားသည့် ချောင်းအဖျားပိုင်းသို့ ဦးတည်သွားကြသည်။
လောက်ချောင်းသည် ကျေးတောရွာ၏ အဓိက ငါးဖမ်းနေရာဖြစ်ပြီး၊ ချောင်း၏ ကြည်လင်သော ရေစီးကြောင်းနှင့် သဘာဝပတ်ဝန်းကျင်သည် ဒေသခံဒိုင်ရ်လူမျိုးတို့၏ ရိုးရာဘဝနှင့် ရင်းနှီးစွာ ဆက်စပ်နေသည်။
ချောင်းအဖျားသို့ ရောက်ရှိသောအခါ ရွာလူကြီး ဦးထူးခိုင်က ရွာသားများအား တာဝန်ကိုယ်စီ ခွဲဝေပေးသည်။ အသက် ၁၀ နှစ်မှ ၃၀ နှစ်ကြား လူငယ်ယောက်ျားလေးများနှင့် အမျိုးသမီးများအားလုံးသည် (ဒေသ အခေါ် Me Ngthang thin) အရွက်၊ အသီးနှင့် အကိုင်းနုများကို ဆုံထဲထည့်ကာ ထောင်းကြသည်။ ဤလုပ်ငန်းစဉ်သည် ဒိုင်ရ်လူမျိုးတို့၏ ရိုးရာငါးဖမ်းနည်းတွင် အဓိကကျသော အဆင့်တစ်ခုဖြစ်ပြီး၊ ထောင်းထားသော သစ်ပင်အစိတ်အပိုင်းများကို ရေထဲသို့ စိမ်လိုက်သောအခါ ငါးများကို မူးဝေစေသည့် ဓာတုပစ္စည်းများကဲ့သို့ ဓါတ်တစ်မျိုး ထွက်ပေါ်စေသည်။
အသက် ၃၁ နှစ်မှ ၅၀ နှစ်ကြား ယောက်ျားများသည် ငါးဖမ်းရာတွင် ပိုမိုထိရောက်စေရန် နွယ်ပင်တစ်မျိုးဖြစ်သော(ဒေသအခေါ် – Mkang nghun) ကို ရှာဖွေကြသည်။ ဤနွယ်ပင်ကို ကျောက်ပြားပေါ်တွင် ထားပြီး တုတ်ချောင်းဖြင့် ရိုက်ကာ ရလာသည့်အရည်ကို ရေထဲသို့ ဖြန့်ခြင်းအားဖြင့် ငါးများကို ပိုမိုလွယ်ကူစွာ ဖမ်းယူနိုင်ရန် အထောက်အကူပြုသည်။
အသက်ကြီးပိုင်းရွာသားများကမူ ကလေးများအတွက် ဝါးဖြင့်ပြုလုပ်ထားသော ရိုးရာငါးဖမ်းကိရိယာများ (ဥပမာ ဝါးဖြင့်ရက်ထားသော ခြင်းတောင်းများ၊ ယက်သဲ့များနှင့် မြုံးများကို ပြင်ဆင်ပေးကြသည်။ ထိုကိရိယာများသည် ဒိုင်ရ်လူမျိုးတို့၏ ရိုးရာနည်းပညာနှင့် လက်မှုပညာကို ထင်ရှားစေသည်။
ထို့နောက် ဆုံထဲထောင်းထားသော အပင်အစိတ်အပိုင်းများနှင့် နွယ်ပင်များကို ရေထဲသို့ စိမ်လိုက်သောအခါ ငါးများသည် မူးဝေကာ ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာကြသည်။ သို့သော်လည်း ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာကြသော ငါးများကို ရွာသားများသည် ချက်ခြင်း ဖမ်းယူခြင်း မပြုလုပ်ကြသေးပါ။
ရွာသားများသည် တက်ညီလက်ညီ လုပ်ဆောင်ကြပြီး၊ မွန်းတည့် ၁၁ နာရီခန့်တွင် အလုပ်များ ပြီးစီးသည်။ ထို့နောက်တွင် ရွာသားများသည် ရိုးရှင်းသော နေ့လည်စာကို အတူတကွ စားသောက်ကြပြီး၊ ထမင်းဟင်းများကို ငှက်ပျောရွက်ပေါ်တွင် ဖြန့်ကာ ရွာသားများအကြား မိသားစုဆန်သော ရင်းနှီးမှုကို ဖန်တီးရင်း စားသောက်ကြသည်။ စားသောက်ပြီးနောက်၊ မူးဝေသော ငါးများကို ဖမ်းယူကြသည်။ ဤအချိန်တွင် အနီးအနားရှိ ဘူးချောင်းဝ၊ ခိုက်ခါ၊ ဘူးစင်နှင့် ဆိတ်စရွာများမှ ရွာသားတချို့လည်း ရောက်ရှိလာပြီး ငါးဖမ်းပွဲတွင် ပါဝင်လာကြသည်။
ဤပူးပေါင်းပါဝင်မှုသည် ခိုက်ခါအုပ်စုအတွင်းရှိ ဒိုင်ရ်လူမျိုးများအကြား ရင်းနှီးမှုနှင့် စည်းလုံးမှုကို ပိုမိုခိုင်မာစေသည်။ ကျေးတောကျေးရွာအတွင်း နေထိုင်ကြသည့် ဒေသခံ ဒိုင်ရ်လူမျိုးတို့၏ ရိုးရာဆိုရိုးစကားတစ်ခုတွင် “လောက်ချောင်းတွင် စုပေါင်းငါးဖမ်းပွဲ ပြုလုပ်လျှင် မိုးရွာတတ်သည်” ဟု ဆိုထားသည်။ ဤဆိုရိုးစကားကို လူကြီးများက ကလေးများအား ပြောပြလေ့ရှိပြီး သဘာဝနှင့် ရိုးရာဓလေ့တို့၏ ဆက်စပ်မှုကို နားလည်စေရန် သင်ကြားပေးသည်။
ထို့ကြောင့် မိုးရွာလာမည်ကို စိုးရိမ်ကြသော ကလေးများ၊ မိန်းမများနှင့် လူကြီးများသည် ညမမှောင်မီ ဖမ်းမိထားသော ငါးများကို ဝါးခြင်းများဖြင့် သယ်ဆောင်ကာ ရွာသို့ ပြန်လည်ထွက်ခွာကြသည်။ လူလတ်ပိုင်း ရွာသားများကမူ ကျန်ရှိနေသော ငါးအသေများကို ကောက်ယူရန် ချောင်းကမ်းနားတွင် ဝါးတဲများထိုးကာ တညအိပ်ကြပြီး မနက်ပိုင်းတွင် ငါးများဖြင့် အိမ်ပြန်ကြသည်။
ဒိုင်ရိုးရာ စုပေါင်းငါးဖမ်းပွဲသည် ကျေးတောရွာသားများအတွက် ရိုးရာဓလေ့တစ်ခုသာမက၊ ရွာသားများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို ပိုမိုခိုင်မာစေသည့် အစဉ်အလာတစ်ခုဖြစ်သည်။ ဤပွဲတွင် လူငယ်၊ လူလတ်ပိုင်းနှင့် လူကြီးများ အသီးသီး၊ ၎င်းတို့၏ အခန်းကဏ္ဍများဖြင့် ပါဝင်ကြပြီး၊ အသက်အရွယ်မရွေး လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုကို တွေ့မြင်ကြရသည်။
ဤပွဲသည် ဒိုင်ရ်လူမျိုးတို့၏ သဘာဝအရင်းအမြစ်များကို ရိုးရာနည်းဖြင့် အသုံးချနိုင်သည့် ဉာဏ်ပညာကိုလည်း ထင်ဟပ်စေသည်။ Me ngthang thin နှင့် Mkang nghun ကဲ့သို့ သဘာဝပစ္စည်းများကို အသုံးပြုခြင်းသည် ဒိုင်ရ်လူမျိုးတို့၏ သဘာဝနှင့် သဟဇာတဖြစ်သော ဘဝပုံစံကို သက်သေပြသည်။
ထို့အပြင် ဤပွဲသည် ရွာသားများအကြား ရင်းနှီးမှုနှင့် ချစ်ခင်မှုကို ပိုမိုနက်ရှိုင်းစေသည်။ အတူတကွ အလုပ်လုပ်ကိုင်ခြင်း၊ စားသောက်ခြင်းနှင့် ရယ်မောပျော်ရွှင်ခြင်းတို့သည် ရွာသားများအကြား မိသားစုဆန်သော ခံစားချက်ကို ဖန်တီးပေးသည်။ အနီးအနားရွာများမှ လူများ၏ ပါဝင်မှုသည်လည်း ဒေသအတွင်း အသိုင်းအဝိုင်းများအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေသည်။
ဒိုင်ရ်ရိုးရာ စုပေါင်းငါးဖမ်းပွဲသည် ဒိုင်ရ်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို မျိုးဆက်သစ်သို့ လွှဲပြောင်းပေးသည့် အစဉ်အလာတစ်ခုလည်း ဖြစ်သည်။ ကလေးများသည် ဤပွဲတွင် ပါဝင်ရင်း ၎င်းတို့၏ ရိုးရာနည်းပညာများနှင့် သဘာဝအရင်းအမြစ်များကို အသုံးပြုနည်းကို လေ့လာကြသည်။ ဤဓလေ့သည် ဒိုင်ရ်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရန်နှင့် ဆက်လက်ထွန်းကားစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
ဆမ်မာန်း
