
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက် (အဆက်)။
ဘာပဲဖြစ်ဖြစ် အမျိုးသမီးကိုတော့ စိတ်မပူဖို့နဲ့ မနက်ဖြန်ပြန်လွတ်ဖို့ သေချာတဲ့အကြောင်း နှစ်သိမ့်လိုက်ပါတယ်။ သူ့ရဲ့ငိုသံကို ထပ်မကြားချင်တော့ပါ။
ဒီနေ့ညတော့ ဆိတ်ထီးတစ်ကောင်ပေါ်ပြီး မိတ်ဆုံစားပွဲလုပ်မယ်လို့ သိရပါတယ်။ ဒီသတင်းကိုကြားတော့ ကိုယ့်အတွေးနဲ့ကိုယ် ဝမ်းသာမိပါသေးတယ်။ ထင်တာမမှားဘူးဆိုရင် ပလက်ဝလူကြီးတွေကို ဂုဏ်ပြုတာလည်း ဟုတ်သလို သူတို့ရဲ့ရန်သူတော် လွှတ်တော်ကိုယ်စားလှယ်ကြီးကို နှုတ်ဆက်ပွဲလည်း ဖြစ်နိုင်တယ်လို့ တစ်ထစ်ချ ယုံကြည်နေလို့ပါ။
ဒီတော့ လူကြီးတွေကို ဒီညမိတ်ဆုံစားပွဲအတွက် အပြန်အလှန်မေတ္တာပြတဲ့အနေနဲ့ ငွေနှစ်သိန်းလောက် ပြန်ပေးရင် ကောင်းမယ်လို့ပြောတော့ အားလုံးက သဘောတူပါတယ်။
ညစာစားပွဲမှာ ထုံးစံအတိုင်း ဗိုလ်မှူးခိုင်ယက္ခက အရက်(Black Level) နှစ်လုံးနဲ့ ဧည့်ခံပြန်ပါတယ်။ ပြီးတော့ သူက ပလက်ဝက လူကြီးတွေကိုဂုဏ်ပြုတဲ့အနေနဲ့ ဆိတ်တစ်ကောင်နဲ့ ဧည့်ခံတာတာဖြစ်တယ်လို့ ပြောပါတယ်။
အဖိုးကံပက ကျွန်တော်တို့ ပလက်ဝလူကြီးတွေဘက်ကလည်း အပြန်အလှန် မေတ္တာတုံ့ပြန်တဲ့အနေနဲ့ ငွေနှစ်သိန်း ပေးချင်ကြောင်း၊ ဗိုလ်မှူးကြီးတို့ဘက်ကလည်း လက်ခံပေးဖို့မေတ္တာရပ်ခံလိုကြောင်းပြောပြီး ပေးလိုက်ပါတယ်။
ဒီနေ့ညလည်း ရာသီဥတုအေးလွန်းလို့ အနွေးဓာတ်ယူဖို့လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖိုးကံပ အပူထုတ် ဆေးလေးခွက်လောက် သောက်ပါတယ်။ သူ့ကိုကြည့်ရတာ လွတ်လပ်ပေါ့ပါးနေပါတယ်။
မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပုံမှန်သောက်ကြ၊ စားကြသလိုမျိုး ဟာသတွေပြောရင်း ပျော်ပျော်ပါးပါး သောက်နေတာပါ။ အဖိုးကံပက အပြုံးမျက်နှာရှင်ဖြစ်ပြီး လူပေါင်းစုံ၊ အလွှာပေါင်းစုံထဲ အပေါင်းအသင်းဝင်ဆန့်တဲ့သူပါ။
တစ်ချို့အေအေရဲဘော်တွေလည်း အဖိုးကံပနဲ့ ရင်းနှီးကြတာလည်း အဆန်းမဟုတ်၊ ပလက်ဝသားတွေဆို အားလုံးနီးပါးလိုလို သူနဲ့ရင်းနှီး ကျွမ်းဝင်ကြပါတယ်။
ဘကြီပန်ထိုက်နဲ့ ကျွန်တော်လည်း နှစ်ခွက်စီလောက်သောက်ဖြစ်ပါတယ်။ ဘကြီးဘဖေနဲ့ ဦးလေးကိုးဆိုက်က ထုံးစံအတိုင်း မသောက်။ အဲဒီညဝိုင်းကတော့ ထွေရာလေးပါးတွေ ရင်းရင်းနှီးနှီး ပြောဆိုရင်းနဲ့ အချိန်တွေ ကုန်မှန်းမသိ ကုန်ခဲ့ပါတယ်။
ကျွန်တော်လည်း မနက်ဖြန် ပြန်ရတော့မယ်ဆိုတာ သေချာသိခဲ့ရပါပြီ။ ဒီလိုဆိုတော့လည်း အမျှော်ကြီးမျှော်ရတဲ့ရက်ကို ရောက်ခဲ့ပါပြီ။ အဲဒီအခိုက်အတန့်ကို ကျွန်တော် ဘယ်လိုခံစားခဲ့ရပါသလဲ။
ကျွန်တော်အဖို့ စိတ်လက်ပေါ့ပါးမှုကို အခုလိုမခံစားရတာ တော်တော်လေးကြာနေခဲ့ပါပြီ။ ပျော်ရွှင်နေမိသလိုလို၊ ဝမ်းသာနေမိသလိုလို၊ ဝမ်းနည်းနေသလိုလို၊ နာကြည်းသလိုလိုနဲ့ မျက်ရည်ဝဲချင်မိသလိုလိုလည်း ဖြစ်ရပါသေးတယ်။
တော်တော်ကြာကြာ တင်းတင်းကြပ်ကြပ် ဖြစ်နေတဲ့စိတ်တွေက တာကျိုးကျလို့ လျှံကျလာတဲ့ ရေအဟုန်လို အထိန်းအကွပ်မဲ့ တဝေါဝေါစီးဆင်းသလိုလည်း ခံစားရပါတယ်။ ဘာရယ်မဟုတ်ဘဲ အချိန်ဖြုန်းမိသလိုလို ဖြစ်ရ တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အားလိုအားမရဖြစ်ရင်းနဲ့ ဝမ်းနည်းသလိုလို ဖြစ်ရတာလည်း ပါပါတယ်။
ဒီအတိုင်းဆိုရင် စိတ်လွတ်ကိုယ်လွတ် ပြောချင်ရာပြောဖို့ အသင့်ဖြစ်နေပါပြီ။
ဒါပေမဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းပဲ၊ ကြုံလာသမျှ ရင်ဆိုင်ရာမှာပဲ ဆိုတာကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြန်သတိပေးရပါတယ်။ အရင်ဆုံး လူမမယ်သမီးလေးတွေရဲ့ မျက်နှာပေါ်လာတယ်။ သမီးငယ်လေးရဲ့ ငိုသံကြားယောင်လာတယ်။ လျှောက်ရမဲ့လမ်းက အရှည်ကြီးကျန်နေသေးတယ် မဟုတ်လား။
ဆောင်းရာသီရဲ့ အအေးဒဏ်ကြားထဲ ည ၇ နာရီလောက်မှာ အားလုံးထမင်းစားဖို့ ဆုံးဖြတ်ပြီး ဝိုင်းကိုလက်စသတ် လိုက်ကြပါတယ်။
တည်းခိုဆောင် ပြန်ရောက်တော့ အဖိုးဦးကံပနဲ့ ဘကြီးပန်ထိုက်က မနက်ဖြန်အိမ်ပြန်ရောက်ရင် ခူမီးထုံးစံအရ ဝက်တစ်ကောင်သတ်ပြီး စားပွဲတစ်ခုလုပ်ရမှာ ဖြစ်တဲ့အတွက် ပလက်ဝဘက်က ကျွန်တော့်ဆွေမျိုးတွေကို လို အပ်တာတွေ အဆင်သင့်လုပ်ထားဖို့ ဖုန်းနဲ့ဆက်သွယ် မှာကြားနေပါတယ်။
ကျွန်တော်လည်းအိမ်ကအမျိုးသမီးနဲ့ ဖုန်းပြောပါတယ်။ မနက်စောစော မဟုတ်ရင်တောင်မှ နေ့လယ်ပိုင်းလောက်မှာ အိမ်ပြန်ရောက်နိုင်လောက်တယ်လို့ ပြောလိုက်ပါတယ်။ ဒီတစ်ခါတော့ အမျိုးသမီးဆီက ငိုသံမကြေားရတော့ ပါ။
ညက လေတိုးသံတွေကလွဲလို့ အားလုံးတိတ်ဆိတ်နေပါတယ်။ ကောင်းကင်ယံမှာ လေယဉ်ပျံသံ ကြားရတယ်။ အေးလွန်းနေတာကြောင့် တဲအပြင်မထွက်နိုင်။ ဘယ်လောက်ထိ အေးသလဲဆို အအေးဓာတ်တွေ အသားထဲအထိ စိမ့်ဝင်နေတာပါ။
ဒါပေမဲ့ ဒီညလည်း ကျွန်တော်အိပ်မပျော်ပါ။ အရင်ညကလည်း အတွေးလွန် အိပ်ရေးပျက်ထားပေမဲ့ အခုညလည်း ကျွန်တော် အိပ်မပျော်နိုင်ပါ။ ဒီနေ့ နှစ်ဘက်လူကြီးတွေ ဆွေးနွေးချက်တွေအရ အခြေအနေကောင်းတစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒါပေမဲ့ မနက်ဖြန် ဘာတွေဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းရ ခက်နေဆဲပါ။ ဘာပဲဖြစ်ဖြစ် ဖြစ်သမျှကို အကောင်းဆုံး ရင်ဆိုင်မယ်လို့ စိတ်ပိုင်းဖြတ်ထား ပါတယ်။
တကယ်လို့ မနက်ဖြန်အိမ်ပြန်ခွင့်ရရင်တောင် ပလက်ဝအခြေစိုက် ခလရ-၂၈၉ တပ်ရင်းကိုတော့ မဖြတ်ချင်သေးပါ။ အခုလောလောဆယ်မှာ အစိုးရတပ်နဲ့ မတွေ့ချင်သေးပါ။ သူတို့ဘက်က မေးမြန်းလာမယ့်အပေါ်မှာ ပြန်ဖြေဖို့ ကျွန်တော့်ဘက်က အဆင်သင့်မဖြစ်သေး။
အရင်က တွေးထင်ထားသလို ရန်သူ့လက်ထဲက ပြန်လာတဲ့သူကို သူတို့က ဘယ်လိုသဘောထားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေး။ စစ်တပ်ရဲ့သဘောက တစ်စုံတစ်ရာ အရေးယူမှုတွေ ရှိတတ်တယ်လို့ ကြားဖူးနားဝရှိတယ်။ အဲဒါကြောင့်လည်း သူတို့နဲ့ မတွေ့ချင်သေးတာပါ။
ကိုယ်က နိုင်ငံရေးသမား မဟုတ်လား။ ဥပဒေပြုရေးဆိုင်ရာ ပြည်သူ့ကိုယ်စားလှယ်ဆိုတော့ တစ်နည်းနိုင်ငံရေးရာထူးလို့ ပြောလို့ရတာမျိုးဆိုတော့ လွှတ်တော်ရေးရာ ဥပဒေမှာတော့ ပြဋ္ဌာန်းချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ကျွန်တော့်အနေနဲ့ ဂဃနဏတော့ မသိ။
လူ့ဘဝ တစ်ခဏတာမှာ ထင်မှတ်မထားတာတွေလည်း ကြုံရတတ်တယ်ဆိုတာ လူကြီးသူမ ဆုံးမစကားအနေနဲ့ ကြားဖူးခဲ့သလို စာအုပ်စာပေတွေမှာ ဖတ်ဖူးမှတ်သားဖူးပါတယ်။ ဒါပေမဲ့ အဲဒီမထင်မှတ်တာတွေက ဘဝရဲ့ချိုမြိန်မှုတွေလား ဒါမှမဟုတ် ခါးသီးမှုတွေလား ဆိုတာကိုတော့ တစ်ခါမှ မစဉ်းစားမိခဲ့။ ကိုယ်တကယ်ကြုံရတော့လည်း ပြန်မပြောပြတတ်လောက်အောင် ခါးသီးခဲ့ရတဲ့ အတွေ့အကြုံတွေ ဖြစ်နေခဲ့ပါတယ်။
သူပုန်အကျဉ်းသားဘဝ အဆုံးသတ်တဲ့ ဒီညလည်း သန်းခေါင်ယံလောက်မှ အိပ်ပျော်ခဲ့ပါတယ်။
***
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်။
ဒီမနက်တော့ လူကြီးတွေ စောစောနိုးနေကြပါတယ်။ အဖိုးကံပနဲ့ ဘကြီးပန်ထိုက်တို့ အိပ်ရာကမထသေးဘဲ စကားပြောနေကြပါတယ်။ အိမ်ပြန်ရောက်ရင် ဘယ်လိုတွေလုပ်ကြမယ် ဆိုတဲ့အကြောင်းတွေ၊ မနေ့ညက အေးလွန်းလို့ မအိပ်နိုင်ခဲ့တဲ့အကြောင်းလည်း ပြောနေကြတာပါ။ ခဏအကြာ ကျွန်တော်အိပ်ရာသိမ်းပြီး သွားတိုက်၊ မျက်နှာသစ်၊ ဝေယျာဝစ္စတွေ လုပ်ပြီးတော့ မီးလှုံနေလိုက်ပါတယ်။
မနက် ၇ နာရီလောက်မှာ အဆင်သင့်ပြင်ထားတဲ့ လက်ဖက်ရည်နဲ့မုန့် စားကြပါတယ်။ စခန်းတစ်ဝိုက်မှာ မြူနှင်းတွေ အုံ့ဆိုင်းနေတဲ့ကြားက အေအေရဲဘော်တွေ ဥဒဟိုလှုပ်ရှား အသွားအလာနေကြပါတယ်။ ဆောင်းရဲ့အအေးဓာတ်က သူတို့နဲ့ မသက်ဆိုင်သလိုပါပဲ။
ခဏအကြာ အေအေ လူကြီးတွေရောက်လာပါတယ်။ လက်ဖက်ရည်နဲ့ မုန့်စားအပြီး အိပ်ဆောင်ရှေ့မြေကွက်လပ်မှာ စားပွဲနှစ်လုံးချ ဗိုလ်မှူးခိုင်ယက္ခအပါ နှစ်ဘက်လူကြီးတွေ ဝိုင်းဖွဲ့ထိုင်ကြရင်း စကားစမြည် ပြောနေကြပါတယ်။ ခဏအကြာမှာ ဦးတောင်ပန်း ရောက်လာပါတယ်။
ဗိုလ်မှူးခိုင်ယက္ခက…
“ဦးတောင်ပန်းကို ဒီနေ့ ကိုယ်စားလှယ်ဦးဝှေ့တင်းနဲ့အတူ ထည့်ပေးလိုက်မယ်။ ဦးတောင်ပန်းကြောင့် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တာကြောင့် နောက်နောင်ဒီလိုမျိုး သတင်းပေး၊ သတင်းယူမှုတွေ မလုပ်ဖို့ လိုမယ်…”
ကျွန်တော် လှိုက်ကနဲ ဝမ်းသာပျော်ရွှင်သွားပါတယ်။ ပျော်ရွှင်ရတာကိုက နှစ်မျိုးဖြစ်နေတာပါ။ အချိုပေါ်သကာလောင်းသလိုပေါ့။ ကိုယ်တိုင် တကယ်အိမ်ပြန်ရတော့မယ်ဆိုတာရယ်၊ ဒီ့အပြင် ကိုတောင်ပန်းပါ ကိုယ်နဲ့အတူ လွတ်လာတယ် ဆိုတာရယ်ပေါ့။
ဗိုလ်မှူးခိုင်ယက္ခက ဦးတောင်ပန်းကို ကိုယ်စားလှယ်ဦးဝှေ့တင်းအပေါ် ယုံကြည်လို့ ထည့်ပေးလိုက်ခြင်းဖြစ် ကြောင်း၊ အိမ်အပြန်လမ်းမှာ တစ်ခုခုဖြစ်ပါက သူတို့နဲ့ သက်ဆိုင်တော့မည် မဟုတ်ကြောင်း တစ်ခါတည်းရှင်းပြပါတယ်။ ကျွန်တော် စကားအနေနဲ့ ပြန်မပြောပေမဲ့ အမူအယာနဲ့ သဘောတူကြောင်းကိုပဲ ခေါင်းညိတ်ပြီး အသာ နေလိုက်ပါတယ်။
နောက်တော့ မှတ်တမ်းဓာတ်ပုံတာဝန်ခံ တပ်ကြပ်ကြီးတစ်ဦးက ကျွန်တော့်ကို အင်္ကျီအဖြူဝတ်စေပြီး ဓာတ်ပုံ သုံး လေးပုံ ရိုက်ပါတယ်။ အဲဒီပုံတွေကို အွန်လိုင်းပေါ်တင်မယ်ဆိုရင် ကျွန်တော်အိမ်ရောက်ပြီးမှတင်ပါလို့ ပြောခဲ့ပါ သေးတယ်။
တစ်အောင့်နေတော့ လက်ပ်တော့ထည့်ထားတဲ့ ကျွန်တော့်လက်ကိုင်အိပ်ကို ပေးလာပါတယ်။ ပစ္စည်းစုံလင်မှု ရှိ၊ မရှိ စိစစ်ဖို့လည်း ပြောပါတယ်။ ကျွန်တော်ကောင်းကောင်း မကြည့်တော့ပါ။ အိမ်ပြန်ဖို့ပဲ စိတ်စောနေတယ် မဟုတ်လား။
ကျွန်တော် မမေ့မလျော့ လုပ်ရမဲ့ကိစ္စ ရှိနေပါသေးတယ်။ ဒါကြောင့် တပ်ကြပ်ကြီးသိပ္ပံဆီ အရင်က “ဆိတ်”ဝယ်ရာမှာ စိုက်ပေးထားတဲ့ ငွေနှစ်သောင်းကို ကျေးဇူးတင်စကားပြောရင်း ပြန်ပေးလိုက်ပါတယ်။
အဲဒီနောက်တော့ အိမ်ပြန်ဖို့ အထုပ်အပိုးတွေအဆင်သင့် ဖြစ်နေပါပြီ။
နေ့လည် နှစ်နာရီထိုးခါနီးတော့ ဗိုလ်မှူးခိုင်ယက္ခက ပြန်လို့ရပြီဖြစ်ကြောင်းပြောပြီး၊ လုံခြုံရေးနဲ့ အထုပ်ကူ သယ်ပေးဖို့ တပ်ကြပ်တစ်ဦးခေါင်းဆောင်တဲ့ ရဲဘော် ၂၉ ဦးနဲ့ လိုက်ပို့ကြပါတယ်။ လမ်းမှာ ဒုဗိုလ်ဝေလကို နှုတ်ဆက်ခဲ့ ပါတယ်။ ခရီးတစ်လျှောက် အေအေရဲဘော်တွေရဲ့ ယာယီစခန်းတွေနဲ့ ရိက္ခာသယ်သူတွေကို ခါတိုင်းလိုပဲ အများကြီးတွေ့ ခဲ့ရပါတယ်။
မိနစ်နှစ်ဆယ်လောက်လျှောက်တော့ အေအီးဘိုလွင်(လမ်းဗိုလ်)ဆီက ဖုန်းဝင်လာပါတယ်။ လောလောဆယ် စ ကားမပြောချင်သေးတာမို့လို့ ဖုန်းမကိုင်ဖြစ်ပါ။ ကျွန်တော် လွတ်လာတာသိလို့ ဖုန်းဆက်တာဖြစ်ပါလိမ့်မယ်။ လမ်းတစ်ဝက်မှာ ကျွန်တော့်ကို စ,ဖမ်းဆီးစဉ်က ဦးဆောင်ခဲ့တဲ့ အေအေဗိုလ်တစ်ဦးနဲ့တွေ့လို့ နှုတ်ဆက်ခဲ့ပါသေးတယ်။ သူ့ နာမည်ကိုတော့ မသိပါ။
တောင်ခြေ လွင်ပြင်ဆီရောက်ပါပြီ။ ခရီးတစ်ထောက်နား စမ်းရေသောက်ကြပါတယ်။ အနားမှာ ဆီးပင်တစ်ပင် တွေ့ပါတယ်။ ဆီးသီးမမှည့်သေးပါ။ အေအေရဲဘော်တွေက ပျော်ပျော်ရွှင်ရွှင် ခူးစားကြပါတယ်။
ကုလားတန် မြစ်ကမ်းနံဘေး ရောက်ခါနီးတော့ ရွာထဲကမဖြတ်တော့ဘဲ တောလမ်းကနေ ရွာကိုကွင်းလိုက်ပါ တယ်။ ကွင်းလမ်းက ဆိုးတဲ့အပြင် တောင်ယာခုတ်ပြီးသား မီးမရှို့ရသေးတဲ့ ဝါးခြောက်တောဆိုတော့ ခက်ခက်ခဲခဲ သွားခဲ့ရတယ်။ မြစ်ကမ်းနံဘေးရောက်တော့ ဦးလေးဘဖေ အမောဖောက်နေလို့ အေအေရဲဘော်တွေ ဝိုင်းပြုစု ခဲ့ရပါသေးတယ်။
ကျွန်တော်တို့ အပြန်ခရီးအတွက် ဟွန်ဒါစက်လှေတစ်စီး အဆင်သင့် စောင့်နေပါတယ်။ လှေမထွက်ခင် လိုက်ပို့တဲ့ အေအေရဲဘော်တွေကို ငွေနှစ်သောင်း ထုတ်ပေးပြီး ဆေးလိပ်ဝယ်သောက်ကြပေါ့ လို့ပြောပြီး ပေးလိုက်ပါတယ်။ နေ့လည် သုံးနာရီမှာ လှေစ,ထွက်ပါတယ်။
အပြန်လမ်းမှာ ယခင်ကျောက်တန်းရွာဘက် လမ်းတစ်နေရာမှာ ပစ်ထားခဲ့တဲ့ လက်စွပ်ကို ပြန်ယူရင်ကောင်း မ လား စဉ်းစားမိပါသေးတယ်။ ခရီးဖင့်နေမှာစိုးလို့ မယူဖြစ်တော့ပါ။
မီးဝရွာဆီ လေးနာရီမတ်တင်းမှာ ရောက်ပါတယ်။ ဘကြီးပန်ထိုက်က လှေအဆင်သင့် စောင့်ခိုင်းထားတာမို့ အစ်ကိုထွန်းလှိုင်နဲ့ သူငယ်ချင်းအိုက်ကိုးယက်တို့ကို အဆင်သင့်တွေ့ရပါတယ်။ ရောက်ရောက်ချင်းပဲ ပလက်ဝဆီ ခရီးဆက်ပါတယ်။
ညီလေးထွန်းလင်းကို ဖုန်းဆက်ပြီး ခလရ-၂၈၉ တပ်ဂိတ်ကို မဖြတ်ချင်သေးလို့ လောင်းကဒူးရွာ ကုလားတန်မြစ်ကူးတံတားထိပ်ဆင်းပြီး သုံးဘီးနဲ့ ပြန်မှာမို့ သုံးဘီးစီစဉ်ထားဖို့ ပြောရပါတယ်။
ထွန်းလင်းက…
“အေအေက အစ်ကို့ကို လွှတ်လိုက်ပြီဆိုတာ ကျွန်တော်လိုင်းပေါ်တင်လိုက်လို့ အားလုံးသိပြီးနေပါပြီ၊ ၂၈၉ တပ် ဂိတ်ကိုလည်း ဝင်သတင်းပို့စရာမလိုတော့ဘူး။ ပြီးတော့ မြို့ပေါ်လူတွေကလည်း အစ်ကို့ကိုကြိုဖို့ လှေဆိပ်မှာ စောင့်နေကြတယ်…”
လှေက ပလက်ဝမြို့ဆီ တရွေ့ရွေ့နဲ့ သွားနေပါတယ်။
မီးဝရွာကလွန်တော့ သိပ်မကြာခင် ပွီဝုန်းရွာရောက်ပါတယ်။ ရခိုင်ပြည်နယ် နယ်နိမိတ်ကနေ ချင်းပြည်နယ် နယ်နိ မိတ်ထဲ ဝင်လာပါပြီ။
မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ ဆောင်းလေအေးရဲ့ အထိအတွေ့က အပြောင်းအလဲမရှိ အရင်အတိုင်းပါပဲ။ အေးမြ လန်းဆန်း နေမြဲပါပဲ။ မြစ်နှစ်ဖက်ဝဲယာ မြင်ကွင်းတွေလည်း အရင်မြင်နေကျ မြင်ကွင်းတွေအတိုင်းပါပဲ။ ဒါပေမဲ့ အခုတစ်ခေါက် ထိတွေ့တဲ့လေအေးက ပိုပြီးရင်းနှီးနွေးထွေးနေသယောင်၊ မြင်ကွင်းတွေကလည်း မင်းပြန်လာပြီလားလို့ မေးနေသယောင် ခံစားရပါတယ်။
အရင်က ရက်ရှည်ခရီးကနေ ပြန်လာတဲ့အခါ ဒါမှမဟုတ် ကျောင်းပိတ်ရက် အိမ်ပြန်လာတဲ့အခါ မြင်ရတဲ့မြင်ကွင်းကြောင့် ခံစားရတဲ့ ခံစားမှုမျိုးနဲ့မတူပါဘူး။ အဲဒီတုန်းက မြင်ကွင်းတွေဟာ ကျွန်တော်ချစ်ရတဲ့ သက်မဲ့မြင်ကွင်းတွေ ပါပဲ။ ဒါပေမဲ့ အခုတစ်ခေါက် တွေ့ရတဲ့ မြင်ကွင်းတွေက ကျွန်တော့်ကို ဂရုဏာမျက်လုံးနဲ့ ကြည့်နေသယောင်၊ အား မငယ်နဲ့နော်..လို့ အားပေးနေသယောင် ခံစားရတာမျိုးပါ။
အပြန်လမ်းတစ်လျှောက် ကျွန်တော်စကားမပြောဖြစ်ပဲ တစ်ယောက်တည်း ကိုယ့်အတွေးနဲ့ကိုယ် နေနေပါတယ်။ အနှောင်အဖွဲ့၊ အချုပ်အနှောင်၊ လွတ်လပ်မှု၊ ပေါ့ပါးမှု၊ ထိန်းချုပ်မှု၊ မျှဝေပေးမှု၊ တရားဥပဒေစိုးမိုးမှု၊ အမျိုးသား၊ လူနည်းစုအခွင့်အရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်အစီအမံ၊ ပြည်သူ၊ လူထုကိုယ်စားပြုမှု…စတဲ့ စကားလုံးတွေ ကျွန်တော့်ခေါင်းထဲ ရှုပ်ယှက်ခတ်နေပါတယ်။
အောက်သဲမဝရွာအရောက်မှာ ဦးတောင်ပန်းက ဆင်းကျန်ခဲ့မယ်လို့ ပြောလာပါတယ်။ ကျွန်တော်က စက်လှေကို ဆိပ်ကမ်းမကပ်ခိုင်းပါ။ အေအေစခန်းမှာတုန်းက ဗိုလ်မှူးခိုင်ယက္ခက အတန်တန်မှာပြီးသားဖြစ်လို့ပါ။ လမ်းမှာ တစ်စုံတစ်ခုဖြစ်ရင် သူတို့နဲ့သက်ဆိုင်မှု မရှိကြောင်း သတိပေးထားတာရှိသလို ဦးတောင်ပန်းကိုလည်း ပလက်ဝ အရောက်ပို့ပေးဖို့ မှာထားသေးတယ် မဟုတ်လား။ ဦးတောင်ပန်း ဘာမှမပြောပါ။
ဒါပေမဲ့ ကျောက်ဖျာရွာရောက်မှာ သူဆင်းကျန်ခဲ့မယ် ပြောပြန်ပါတယ်။ ဒီတစ်ကြိမ်လည်း ကျွန်တော် ခွင့်မပြုပါ။ သူ(ကိုတောင်ပန်း) ပလက်ဝအထိ လိုက်လာချင်စိတ်မရှိတာ သိသာနေပေမဲ့ ကျွန်တော် ခွင့်မပြုနိုင်ပါ။ ပလက်ဝ ရောက်အောင် ခေါ်သွားမယ်ဆိုတဲ့ မနက်ကပေးခဲ့တဲ့ကတိ နေတောင်မဝင်သေး။ ဒီတော့ ကျွန်တော် ကတိမဖျက်နိုင်ပါ။
ညနေ ငါးနာရီခွဲမှာ ပလက်ဝဆိပ်ကမ်း ရောက်ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကိုးအောင်၊ မြို့နယ်ရဲမှုးကြီး၊ အားကာဦးစီး ဦးဦးထွန်း အပါအဝင် အခြားဌာနဆိုင်ရာ လူကြီးတွေနဲ့အတူ မြို့နေလူထုတွေ လာကြိုပါတယ်။
ကျွန်တော် လှေပေါ်ကဆင်းတော့ နွေးနွေးထွေးထွေး လက်ခုပ်တီး အားပေးကြပါတယ်။
ကျွန်တော့်မှာ မြို့လူထုတွေက အားပေးနေပါသေးလား ဆိုတဲ့အသိနဲ့ ရင်ထဲဆို့နင့်ပြီး မျက်ရည်ဝဲမိ ပါသေးတယ်။
အခုတော့ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့ မိသားစုနဲ့ ပြန်ဆုံခွင့် ရခဲ့ပါပြီ။
အိမ်ရောက်တော့ ချင်းဓလေ့အရ ရေချိုးရပါတယ်။ ဝတ်လာတဲ့အဝတ်ကို ရေမြောရပါတယ်။ နွားတစ်ကောင်နဲ့ ဝက်တစ်ကောင်သတ်ဖို့လည်း ပြင်ဆင်ကြပါတယ်။
မနက်ဖြန် (၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်) မနက်ပိုင်းမှာ ဌာနဆိုင်ရာအကြီးအကဲတွေ၊ ခူမီးလူကြီးတွေ၊ ရခိုင် လူကြီးတွေနဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကို အိမ်ခေါ် ထမင်းကျွေးမှာ ဖြစ်ပါတယ်။
ကျွန်တ်ေ့အတွက်တော့ ဘဝရဲ့နေ့သစ်တွေ ထပ်မံမွေးဖွားလာခြင်းပါပဲလို့ လက်ခံလိုက်ပါတယ်။
***
78 Days သို့မဟုတ် သူပုန်အကျဉ်းသား ပြီးပါပြီ။
ဆလိုင်းခင်တလင်း
