ခူမီးစာပေတိုးတက်ရန် ကဗျာဆရာမြကဗျာနဲ့ စာရေးဆရာ MC. ဟွေ့ကြိုင်တို့ရဲ့ အမြင်
ခူမီးစာပေဟာ ယခုနှစ် ၂၀၂၅ ခုနှစ်မှာ နှစ်တစ်ရာပြည့်ပြီ ဖြစ်ပါတယ်။ နှစ်တစ်ရာပြည့်ပြီဆိုတော့ ခူမီးစာပေရဲ့ တိုးတက်မှုအခြေအနေ၊ ခူမီးစာပေ တိုးတက်မှုရှိလာအောင် ဘယ်လိုလုပ်ရမလဲ၊ ခူမီးလူမျိုးတစ်ယောက်အနေနဲ့ ဘာတွေကို ဆောင်ရမလဲ/ ရှောင်ရမလဲ ဆိုတာတွေကို ကဗျာဆရာမြကဗျာနဲ့ စာရေးဆရာMCဟွေ့ကြိုင်တို့ကို မေးမြန်းထားတဲ့ သူတို့ရဲ့ အမြင်ကို ခူမီးမီဒီယာကနေ ဖော်ပြလိုက်ပါတယ်။
ကဗျာဆရာမြကဗျာရဲ့ ဖြေကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
“ခူမီးစာပေက တိုးတက်သင့်သလောက် မတိုးတက်ဘူးလို့ မြင်ပါတယ်။ ဘာကြောင့်မတိုးတက်ရတာလဲဆိုရင် နောက်ခံအကြောင်းအရာလေးကို နည်းနည်းထည့်ပြောချင်ပါတယ်။ ခူမီးလို့ပြောတိုင်း ပြောတိုင်းမှာ ခူမီးမျိုးနွယ်စု ဆိုပြီး ပါလာတယ်။ ဆိုတော့ ခူမီးမျိုးနွယ်စုအနေနဲ့ ကျွန်တော်တို့ ရေတွက်တဲ့အခါမှာ ခူမီး၊ အနူး၊ ခေါင်စို၊ လောင်းဟူ၊ နီရှေး၊ ကနီရှေး၊ ခေါင်စို(အဆန်း)၊ လတ်မီ၊ လက်ခဲလ်၊ တအော… စတာတွေ ပါတယ်။ ဒီမှာ အချို့ မျိုးနွယ်စုနာမည်တွေ ကျန်ခဲ့ကောင်းကျန်ခဲ့ နိုင်တယ်။ ပြီးတော့ အချို့မျိုးနွယ်စုတွေက ခူမီးမျိုးနွယ်စု မဟုတ်ဘူးလို့ လက်မခံတဲ့ ငြင်းခုန်နေဆဲဖြစ်တဲ့ ဟာတွေလည်း ရှိတယ်။ နောက် အချို့မျိုးနွယ်စုက မျိုးနွယ်စုတစ်ခုအဖြစ် ရပ်တည်သင့်တယ်/မသင့်ဘူး ဆိုတဲ့ ငြင်းခုန်မှုတွေလည်း ရှိတယ်။
ဆိုတော့ ခူမီးစာပေလို့ပြောလိုက်ရင် အဲဒီမျိုးနွယ်စုတွေကို ကိုယ်စားပြုနိုင်ရဲ့လားဆိုတဲ့ မေးခွန်းပါ တပါတည်း ပါလာတယ်။ ဒါငြင်းမရဘူး။ အခုလောလောဆယ်မှာ မျိုးနွယ်စုအလိုက် စာပေတွေလုပ်လာလိုက်ကြတာ စာပေ အဖွဲ့ ၆ ဖွဲ့မက ရှိမယ်ထင်တယ်။ ဒါက ခူမီးစာပေမတိုးရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခု လို့တောင် ပြောလို့ ရတယ်။
ဆိုလိုတာက ခူမီးစာပေဆိုတာ လွန်ခဲ့နှစ်ပေါင်း ၁၀၀ လောက်က ခရစ်ယာန်သာသနာပြုဆရာတွေ ရောမအက္ခရာနဲ့ ဖန်တီးပေးခဲ့တာ။ ခူမီးမျိုးနွယ်စုတွေ အကုန်လုံးသုံးလို့ရမယ့် စာပေအဖြစ် ရည်ရွယ်ချက်နဲ့ အုတ်မြစ်ချပေးခဲ့တာ ဆိုပေမဲ့ အခုနေအချိန်(နှစ်ပေါင်းတစ်ရာ)ကာလမှာ ဖွံ့ဖြိုးမလာတဲ့အပြင် ခူမီးစာပေရဲ့ ဩဇာကျဆင်းလာပြီး မျိုးနွယ်စုအလိုက် စာပေတွေ အသီးသီးပေါ်လာခဲ့တာဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်။
ဒီစိန်ခေါ်မှုကို အားလုံးလက်ခံဖို့လိုမယ်။ ပြောရရင် ပြဿနာပေါ့။ Problem Statement ပေါ့။ ဟုတ်တယ်၊ ဒါက ပြဿနာဖြစ်တယ်။ ဒါက စိန်ခေါ်မှုတစ်ခုဖြစ်တယ်ဆိုရင် ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေရဖို့ နီးစပ် သွားပြီ။ အဖြေရပြီဆိုရင်လည်း ခူမီးစာပေဖွံ့ဖြိုးမယ့် လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီလို့ ပြောလို့ရပြီ။
ပထမအချက်က အရေးအသားပေါ့။ ခူမီးစာ ခူမီးဝေါဟာရတဲ့ အသံထွက်အကုန်လုံးကို ရေးနိုင်ရမယ်ပေါ့။ ဥပမာ- ဗမာလို “ကျော်” ဆိုတဲ့ အသံထွက်ကို ခူမီးဗျည်းနဲ့ ဘယ်လိုရေးမလဲ။ “ဂျော်ဂျီယာ” ခူမီးဗျည်းနဲ့ ဘယ်လိုရေးမလဲ။ ခူမီးမျိုးနွယ်စုထဲက အချို့မျိုးနွယ်စုတွေရဲ့ ဒေသိယအသံထွက်တွေကို ကိုယ်စားပြုရေး သားနိုင်ပြီလား။ အဲဒါလို တယ်။ ဒါကို လက်ခံရင် ခူမီးဗျည်းတွေကိုလည်း ရဲရဲတင်းတင်းပြုပြင်တာ၊ နုတ်ပယ်တာ၊ ပေါင်းထည့်တာ လုပ်ရ မယ်ပေါ့။
ဗမာစာဆိုတာလည်း “မြန်မာစာသုတေသနအသင်း” က ပြုပြင်ရင်း ပြုပြင်ရင်းနဲ့ ကနေ့ကျွန်တော်တို့ ရေးသားနေ တဲ့ စည်းစနစ်ကျနတဲ့ မြန်မာစာအဆင့်ကို ရောက်လာတာပဲ။ (မြန်မာစာ အရေးအသားကိုကြည့်ရင် အရင်ကပညာ ရှင် မှော်ဘီဆရာသိန်းတို့တောင်မှ “၌”ကို “နှိုက်”ဆိုပြီး ရေးသားခဲ့ဖူးတယ်။ “ထမင်း”ကို “ထ္မင်း”၊ “လည်းကောင်း” ကို “၄င်း”၊ “ရောက်၊ ထောက်၊ အောက်…” ဆိုတာတွေကို “ရောံ၊ ထောံ၊ အောံ”၊ “သည်”ကို “သှ်” ဆိုပြီး ရေးသားခဲ့ဖူး ပါတယ်။)
ဆိုတော့ ခူမီးစာပေဆိုတာလည်း ခူမီးမျိုးနွယ်စုတွေ ဘယ်လောက်ရှိရှိ၊ စာပေအဖွဲ့တွေဘယ်လောက်ရှိရှိ၊ ခူမီးဗျည်းတစ်မျိုးတည်းကို တသမတ်ထားပြီး အသုံးပြုလို့ရတဲ့ အဆင့်ထိ ရောက်နိုင်ရမှာပေါ့။ ခေါင်စို စကားကို ခေါင်စိုအသံထွက်အတိုင်း ခူမီးဗျည်းနဲ့ပဲ ရေးတယ်ဆိုတာမျိုးအထိ ရောက်နိုင်ရမှာပေါ့။ အဲလို လုပ်ဖို့လည်း ရှိနေ တဲ့ စာပေအဖွဲ့တွေကို ခေါ်ပြီးညှိနှိုင်းဆွေးနွေးတာတွေ လုပ်ပေါ့။ ချက်ချင်းမဖြစ်နိုင်တောင်မှ တဖြည်းဖြည်းဆို ဖြစ်လာမှာပေါ့။
နှစ်တစ်ရာအတွင်းမှာ ခူးမီးနဲ့ရေးထားတဲ့ စာအုပ်/စာစောင် ထုတ်ဝေမှုမှာဆိုရင် ခရစ်ယာန်အသင်းတော်ကနေ ထုတ်ဝေတဲ့ ဓမ္မသီချင်းတွေ၊ ဆုတောင်းစာအုပ်တွေတော့ အများကြီးရှိမှာပါ။ ကျွန်တော် တိုက်ရိုက်ပက်သက်တဲ့ စာအုပ်နှစ်အုပ်တော့ ရှိခဲ့ဖူးတယ်။ ပထမတစ်အုပ်က ဆရာတော်ဦးစိန်ထွန်းပြုစုတဲ့ Khumi Dictionary စာအုပ်ပါ။ နောက်တစ်အုပ်က ဆရာဂျေခင်အောင်ပြုစုတဲ့ Khumi Dictation စာအုပ်ဖြစ်ပါတယ်…” လို့ ပြောကြားသွား ပါတယ်။
စာရေးဆရာMCဟွေ့ကြိုင်ရဲ့ ဖြေကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ခူမီးစာပေဟာ တိုးတတ်သင့်သလောက် မတိုးတတ်သေးပါ။ သို့သော်လည်း အတိုင်းအတာတစ်ခုအထိတော့ တိုးတတ်မှုရှိပါတယ်လို့ ခံယူရမှာပါ။ ဘာကြောင့်လဲဆိုတော့ လုံးလုံးမတိုးတတ်တာတော့ မဟုတ်ပါ။ အခုချိန် ရာပြည့်စာပေခရီးနဲ့ နှိုင်းယှဉ်ရင်တော့ “အသက်၀င်ခြင်း” မှ “အသက်ငင်ခြင်း” ဘက် ရောက်သလိုလို ဖြစ်နေ ကြောင်း သုံးသပ်မိပါတယ်။
ခူမီးစာပေမတိုးတတ်ရတဲ့အဓိက အကြောင်းရင်းကတော့ “ခူမီးစာမတတ်လဲ ဘာမှမဖြစ်ဘူး” ဆိုတဲ့ အချက်ပါပဲ။ ဟုတ်ပါတယ်။ ခူမီးစာမတတ်လဲ ထမင်းမငတ်ဘူး၊ ဟင်းမငတ်ဘူး။ လူရာ၀င်တုန်းပါပဲ။ တကယ်တော့ အဲဒီလို လူစားမျိုးဟာ တစ်နေ့ “ငါဟာ ဘယ်သူလဲ” ဆိုတာ မသိလိုက်တဲ့ ပျူလိုလူမျိုး ဖြစ်ပါလိမ့်မယ်။ သမိုင်းဆရာကြီး ဒေါက်တာ သန်းထွန်းကို “ပျူတွေဘယ်ပျောက်သွားလဲ” လို့ မေးတော့ သူက “ခရစ်နှစ်ကိုးရာစုမှာ ပျူနဲ့မြန်မာရော သွားပြီ” တဲ့။ တောင်တွင်းကြီး၊ သီပေါ၊ ဟလင်း၊ နွားထိုးကြီး၊ မိုင်းမော၊ ထီးချိုင့်၊ သဲကုန်း၊ ကမ်းသီတာ၊ မောရိယ စတဲ့ ကိုးမြို့မှာ လုံခြုံရေးခံတပ်ဆောက်နိုင်တဲ့ ဟိုတုန်းကနာမည်ကြီးလူမျိုး။ ခုအချိန်မှာ ယောနယ်တွင် အနည်းငယ်သာ ကျန်တော့တာဟာ တကယ်တော့ စိတ်မကောင်းစရာပါ။
နောက်တစ်ခုက ဘာသာ၊ အသင်းတော် ခွဲခြားတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ “သူတို့ဘာသာစာ၊ ငါတို့ဘာသာစာမဟုတ်၊ ငါတို့အသင်းတော်ပိုင်၊ သူတို့အသင်းတော်ပိုင်မဟုတ်” ဆိုတဲ့ ခံယူချက် ဖြစ်ပါတယ်။ ဒီလိုခံယူချက်နဲ့ စာပေခရီးဆက်ကြတာ နှစ်ပေါင်းငါးဆယ်ပါပဲ။ အခုချိန် ရာပြည့်စာပေခရီး ရောက်ပြန်တော့လည်း စာလုံးပေါင်းသတ်ပုံကို ကိုယ်ကြိုက်သလိုပေါင်းစပ်ပြီးရေးကြပြန်ပါတယ်။ ခူမီးစာတတ်သူများအားလုံးဟာ ဆရာကြီးတွေ အကုန်ဖြစ်ကုန်ကြပါတယ်။ ဥပမာ။ မည်ရှေ့က အိုက်ကို Aik, Aih, A, Ai ဆိုပြီးအမျိုးမျိုးရေးကြပြီး ဘုရားသခင်ကိုလည်း Tameuch, Tamiuh, Tameuh ဆိုပြီးအမျိုးမျိုးရေးကြတော့ သင်ယူတဲ့ကလေးတွေ အတွက်တော့”ဆရာများတော့ တပည့်သေ” ဖြစ်ကြတော့တယ်။ ဒါတွေအားလုံးဟာ ခူမီးစာတိုးတတ်မယ့် လမ်းကြောင်းရဲ့ အထူးအတားအဆီး၊ ဆူးငြောင့်ခလုတ်တွေ ဖြစ်ပါတယ်။
ရှေ့ဆက်ပြီး ခူမီးစာပေ တိုးတတ်ဖို့အတွက် စာပေဟာလူမျိုးတစ်မျိုးရဲ့ ရေသောက်မြစ်ဖြစ်တယ်ဆိုတာကို သိရုံ သက်သက်မဟုတ်ဘဲ ကောင်းကောင်းသဘောသာပေါက်ရင် စာပေက အလိုလိုတိုးတတ်လာမှာပါ။ ယနေ့ကမ္ဘာမှာ မိခင်ဘာသာစကားပေါင်း ၇၁၅၉ ဘာသာစကားအသုံးပြုရာမှာ နှစ်စဉ်ဘာသာစကား ၂၅ မှ ၃၀ အထိပျောက်ကွယ် နေပြီး ဘာသာစကားအားလုံးရဲ့ ၄၀ ရခိုင်နှုန်းခန့်(၃,၁၉၃ ဘာသာစကား) လည်း လက်ရှိမှာ ပျောက်ကွယ်လုနီးပါးရှိ နေကြောင်း လေ့လာမှတ်သားရပါတယ်။
ဒါတွေကိုကြည့်ပြီး နောင်တရရင်တော့ (နောင်တရကို ရ,ရမယ်) စာပေတိုးတတ်လာမှာပါလို့ ရဲရဲပြောနိုင်ပါတယ်။ စာပေဆိုတာ နားထောင်ကောင်းတဲ့ တစ်ထောင့်တစ်ညပုံပြင် မဟုတ်ပါ။ လက်တွေ့အကောင်အထည်ဖော်ရမယ့် သူရဲကောင်းဆာဂါပုံပြင် ဖြစ်ပါတယ် ဆိုတာကို အားလုံးခံယူစေချင်ပါတယ်။
ခူမီးစာပေနဲ့ရေးသားတဲ့စာအုပ် အလွန်အားနည်းသေးပါတယ်။ ကျွန်တော့်အတွက်တော့ ခူမီးလို စာအုပ်ထုတ်ဝေ ရင် “အလှူပွဲလုပ်တာကြောင့် မစကောင်းချီးပေးသနားတော်မူပါ အို…ဘုရားသခင်” လို့ဆုတောင်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ “စာအုပ်ကိုတော့ ကောင်းတယ်၊ ကောင်းတယ် တဖွဖွပြောပြီး စာအုပ်အထဲကို လှန်ကြည့်လိုက်တော့ ငါ စာမဖတ်တတ်ဘူးကွာ” ဆိုပြီး စာအုပ်ကိုအောက်ချလိုက်တာ ဖြစ်ပါတယ်။ အချို့ဆို အလကားပေးရင်လည်း မယူချင်ကြဘူး။ သူမှမဖတ်ချင်တာနော်။ ဒါကြောင့် စာအုပ်ထုတ်ဝေမှု မြင့်မားဖို့ဆိုရင် “၀ယ်ယူအားပေးရမယ်” ဆိုတဲ့ ခံယူချက်ထက် အဆပေါင်းများစွာ သာလွန်မြင့်မားမှ ထုတ်ဝေနိုင်မှာ ဖြစ်ပါ တယ်…” လို့ ပြောကြားသွားပါတယ်။
Khumi Media Grup
