အာရက္ခတပ်တော်(AA)နှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်မည်ဟု CDF-Daai တည်ထောင်ခြင်း (၄) နှစ်ပြည့်တွင် ထုတ်ပြန်
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၂၅။
CDF-Daai တည်ထောင်ခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် အာရက္ခတပ်တော်(AA)နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း CDF – Daai က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) ဖွဲ့စည်းတည်ထောင်ခြင်း(၄) နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားကို CDF-Daai ၏ ဗဟိုဌာနချုပ်နှင့် တပ်ရင်းအခြေစိုက်ရာ တပ်စခန်းအသီးသီးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း CDF-Daai က ထုတ်ပြန်သည်။
CDF-Daai သည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး၊ ဖယ်ဒရာယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ဒိုင်ရ်ဒေသအတွင်းရှိ ပြည်သူလူထုများကို အကြမ်းဖက်စစ်ကောင်စီရန်မှ အကာအကွယ် ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍ ဒိုင်ရ်ဒေသအတွင်းရှိ ပြည်သူလူထုများဖွဲ့စည်းတည်ထောင်ခဲ့သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) ဖြစ်သည်။
တော်လှန်ရေး(၄) နှစ်တာကာလအတွင်း စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းနိုင်ရေး တိုက်ပွဲတွင် အသက်ပေးဆပ်ခဲ့သူများနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသည့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) ရဲဘော်များအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြသည်။
ချင်းပြည်တောင်ပိုင်းရှိ မြို့နယ်(၄) မြို့နယ်တွင် ပြန့်ကျဲနေထိုင်ကြသည့် ဒိုင်ရ်မျိုးနွယ်စုများကိုစုစည်း၍ ဒိုင်ရ်ဒေသန္တရကောင်စီ(Daai Regional Council) ကိုဖွဲ့စည်းပြီး ဒိုင်ရ်လူထု ခေတ်အဆက်ဆက် ကြိုးပမ်းလာခဲ့သည့် အုပ်ချုပ်ရေးယူနစ်တစ်ခုအတွင်း စုစည်းနိုင်ရေးအိပ်မက်ကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတခုထိအောင်မြင်မှုရရှိခဲ့ကြောင်း ဆိုသည်။
ဒိုင်ရ်ဒေသအားလုံး ထိုအုပ်ချုပ်ရေးယူနစ်တစ်ခုအောက်တွင် စုစည်းအောင်မြင်သည်အထိ ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေး တို့တွင်လည်း ချင်းတော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
CDF-Daai ဖြစ်ပေါ်လာရေးအတွက် ပထမဆုံး အပတ်စဉ်(၁) နှင့် (၂) တို့တွင် စစ်ပညာသင်ကြားပေးခဲ့သော CDF-Mindat ကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
CDF-Daai ကျစ်လျစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေးအတွက် စစ်သင်တန်းပေးခြင်း၊ လက်နက်ခဲယမ်း ထောက်ပံ့ပေးခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်းနှင့် ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံများရရှိရန် လက်တွဲခေါ်ပေးခြင်းတို့ဖြင့် ကူညီပေးသော အာရက္ခတပ်တော်(AA)၊ အာလဖာ(၃) စစ်ဒေသကို အထူးကျေးဇူးတင်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောသည်။
CDF-Daai ကို အဖက်ဖက်မှ ကူညီပေးခဲ့ကြသော ပြည်တွင်း/ပြည်ပ အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် တော်လှန်ရေးအရှိန်မပျက် တိုက်ပွဲဝင်နိုင်ရန်အတွက် ဆက်လက်ကူညီပံ့ပိုးပေးကြပါရန် တိုက်တွန်းထားသည်။
CDF-Daai ၏ တော်လှန်ရေးရည်ရွက်ချက်ဖြစ်သော စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရာယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးလုပ်ငန်း အောင်မြင်ပြီးစီးသည်အထိ ညီအစ်ကိုတော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းကာ အသက်ပေးလှူသွားသော သူရဲကောင်းများ၏ သစ္စာကိုတိုင်တည်၍ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သတင်း – James Roe

