ချင်းလဲန်းကောင်စီဝန်ကြီးများနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်များကို ရွေးကောက်ပွဲဥပဒေဖြင့် အကြမ်းဖက်စစ်ကောင်စီက အမှုဖွင့်
စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၅။
အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီသည် ချင်းလဲန်းကောင်စီဝန်ကြီးများနှင့် ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်များကို ရွေးကောက်ပွဲ ပျက်ပြားစေရန် ဟောပြောလှုံ့ဆော်သည်ဟု အကြောင်းပြ၍ ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားကြောင်း စက်တင်ဘာ ၂၄ ရက်နေတွင် ထုတ်ပြန်ထားသည်ကို သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ချင်းပြည်၊ ထန်တလန်မြို့နယ်တွင် ဩဂုတ်လ ၃၁ ရက်နေ့က ဟောပြောလှုံ့ဆော်သည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီမှ စက်တင်ဘာ ၄ ရက်နေ့၌ ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီမှ အမှုဖွင့်ထားသည့် ချင်းလဲန်းကောင်စီဝန်ကြီးများမှာ ဥက္ကဌ ပူးဇင်ကျုံး၊ ဝန်ကြီးချုပ်ပူးပါထန်း၊ ဒေါက်တာရွှေခါရ်း၊ ဦးထောင်ဇလျန်း၊ ဦးရိုဘင်၊ ဦးစိန်အောင်၊ ဆလိုင်းခရော်စ်ထန်း၊ ဒေါက်တာရှရွန်ပါရ်၊ ဦးဆလိုင်းမနားကီး၊ ဆလိုင်းဂျိုးဇက် လားရမ်းလော်မာ၊ ဒေါ်နီဆွီလျန်၊ ဦးမန်အုပ်ခမ်၊ ဦးထန်ကမ်းလျန်၊ ဦးမောင်ဦး၊ ဦးဟာမိုရုန်းလျန်၊ ဦးဇလိုင်းဇထောင်းနှင့် ဒေါက်တာတီလ်နှင်း စသည့် ၁၇ ဦးတို့ ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီးနှင့် စောဆာပုလဲဒီဝမ်း တို့ကိုလည်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မရဲစခန်းနှင့် ပိုင်ကျုံနယ်မြေရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း သိရသည်။
ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး ထောင်ဒဏ်အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိ ချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။
ချင်းလဲန်းကောင်စီက အကြမ်းဖက်စစ်တပ်ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါဝင်ပတ်သက်သူအားလုံးကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ အရေးယူသွားမည်ဖြစ်ကြောင်း ဩဂုတ်လ ၃၀ ရက်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်လျှင် အဆိပ်ပင်ရေလောင်းသည့်တရားခံ ဖြစ်နိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကသတိပေးထားသည်။
သတင်း – James Roe
