ဗြိတိသျှအုပ်ချုပ်မှုအလယ်ပိုင်းကာလ ပလက်ဝမြို့နယ်ရှိလူမျိုးများ
အပိုင်း(၂)
(သြသနီရယ်လ် တင်မ်ပို)
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၆) ရက်
(၃း၃)
ခေါင်စိုနှင့် အနူးတို့သည် စကားအုပ်စုတူ ချင်းမျိုးနွယ်စုများဖြစ်ကြပါသည်။ ၁၉၀၁ ခုနှစ်တွင် ခေါင်စို ၂၅၀ နှင့် အနူး ၁၅၀ ရှိကြောင်းသိရှိရသည် (Brown 1910/1960: 14)။ St. John က ၎င်းတို့သည် ခူမီးနှင့် ဝတ်စားဆင်ယင်မှုနှင့် ရိုးရာယဥ်ကျေးမှုထပ်တူနီးပါးတူညီကြကြောင်း ဖော်ပြထားသည်။ အမှန်စင်စစ် ခေါင်စိုနှင့် အနူးတို့သည် ခူမီးနှင့်ဘာသာစကား တူညီမှုနည်းပါးသော်လည်း၊ ရိုးရာယဥ်ကျေးမှု အရ တူညီနီးစပ်ကြောင်းတွေ့ရသည်။ အနူးတို့သည် ကုလားတန်မြစ်ညာ ဒလက်မေကျေးရွာ အရှေ့ဘက်ရှိကျေးရွာများတွင်လည်းကောင်း၊ ခေါင်စိုများသည် ဆမီး၊ မီးချောင်းဘက်တွင်လည်းကောင်း အများအားဖြင့်နေထိုင်ကြပါသည်။ ခေါင်စို၊ အနူးတို့ကို ပလက်ဝမြို့နယ်တစ်ခုတည်းတွင်သာတွေ့ရ ပြီး၊ ၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိသည်ဟု ဆိုသည်။
(၃း၄)
မြို(Mro) သည် ခူမီးနှင့် ဘာသာစကားတူညီနီးစပ်ပြီး၊ မြို-ခမိ သို့မဟုတ် အဝခမိ သို့မဟုတ် ခူမီးတို့က ဝါကုန်း (Vakeung) ဟုခေါ်ဝေါ်သောအုပ်စုဖြစ်သည် (Hughes 1881: 11-12; Brown 1910/1960: 11-12) ။ ၎င်းတို့ကိုယ်ကို ခမိ/ ခမီ (Khimi/Khami) ဟုခေါ်ကြသည်။ အဓိပ္ပာယ်မှာ ခူမီးတို့ကဲ့သို့ပင် လူ (Homo) ဟု ဆိုလိုသည်။ ၎င်းတို့ကို ပလက်ဝမြို့နယ်တွင် ဆမီး၊ မီးချောင်းဘက်၌တွေ့ရသည်။ ရခိုင်ပြည်နယ်တွင် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် နေထိုင်ကြသည်။ ၁၈၈၁ ခုနှစ်တွင် ပလက်ဝမြို့နယ်အတွင်း မြိုလူဦးရေ ၁၈၄၄ ဦးရှိကြောင်း သိရသည် (Hunter 1885: 300)။ ၁၉၀၁ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်မြောက်ဖက်ရှိ တောင်တန်းနယ်များနှင့် စစ်တွေခရိုင်ပေါင်း မြို လူဦးရေ ၁၂,၆၂၂ ဦးရှိကြောင်းသိရသည် (Lowis 1902: 124)။ နှောင်းခေတ်တွင် မြို နှင့် ခမိ ပေါင်းစပ်သုံးနှုန်းလိုသည့်လှုပ်ရှားမှုကြောင့် မြို ခေါ် ခမိ သို့မဟုတ် မြို-ခမိ ဟူသော အမည်သုံးစွဲမှုများဖြစ်လာသော်လည်း၊ ခမိ/ခမီဟူသော အသုံးအနှုန်းကို ကိုင်စွဲကြသူများလည်းရှိသည်။
မြို (Mro) အမည်သုံးသော နောက်ထပ်လူမျိုးတစ်ခုမှာ မြို (Mro)/ မရူ (Mru)/ မရုန် (Marung)/ မြိုစာ (Mrucha)/ တောင်မြိုဟုခေါ်သည့်အုပ်စုဖြစ်သည်။ ၎င်းတို့သည် ခေါင်စို၊ အနူးတို့နှင့် ဘာသာစကားတူညီဆက်စပ်နေသည့် လူမျိုးစုဖြစ်သည်။ ၎င်းတို့ကို ခူမီးတို့က လောင်းဟူ (Leaunghu) ဟုခေါ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် နေထိုင်ကြပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် အများအပြားနေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ စစ်တွေခရိုင်အတွင်း မြို/မရုန် လူဦးရေ ၃,၃၉၀ ဦးနေထိုင်ကြောင်း သိရသည် (Beniison 1933: 204)။ ခေါင်စိုနှင့်အနူးတို့သည် ချင်းနွယ်စုများဖြစ်ကြောင်း ၎င်းတို့ကိုယ်တိုင် လက်ခံထားကြရာ မြို/မရုန်တို့ကိုလည်း ချင်းနွယ်စုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်ဟုယူဆပါသည်။
မည်သို့ပင်ဖြစ်စေ၊ မြိုနှင့် ခမိ/ခမီတို့အား ရခိုင်ပြည်နယ်၌ ရခိုင်မျိုးနွယ်စုဝင် (၇) ခုတွင်ပါဝင်ကြောင်း သတ်မှတ်ခံရသည်။ သို့ရာတွင် အမှန်စင်စစ် ရခိုင်လူမျိုးနှင့် ရိုးရာယဥ်ကျေးမှုရော၊ ဘာသာစကားပါ တူညီနီးစပ်မှုမရှိပါ။ (ဤနေရာတွင် သတိပြုရမည့်အချက်တစ်ခုမှာ ချင်းတို့ဆိုလိုသော ချင်းမျိုးနွယ်စုဖြစ်ခြင်းနှင့် ရခိုင်တို့ဆိုလိုသော ရခိုင်မျိုးနွယ်စုဖြစ်ခြင်း ဖွင့်ဆိုရှင်းပြမှုပုံစံချင်း မတူညီသည်ကို နားလည်ရန်လိုအပ်မည်ဖြစ်ပါသည် – စာရေးသူ)။
(၃း၅)
ခွန် (Khon/Kon) လူမျိုးဆိုသည်မှာ ထိုစဥ်က ကုလက်ဝ/အထက်ဘလိုင်ကျေးရွာအထက်ပိုင်းတွင် နေထိုင်သည့် ခူမီးလူမျိုးအုပ်စုတစ်ခုကိုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ ခူမီးတို့က ခုံ (Khung) ဟုခေါ်သည်။ ၎င်းတို့အကြောင်းကို Latter ၊ Hughes နှင့် Brown တို့က ဖော်ပြခဲ့သော်လည်း၊ St. John ကမူ ဖော်ပြထားခြင်း မရှိ။ Brown ၏မှတ်တမ်းအရ ခွန်လူဦးရေ အနည်းဆုံး ၂၅၀ ရှိပြီး၊ ၎င်းတို့၏အကြီးအကဲမှာ တောင်မင်းဘဟေ (Bahe) ဖြစ်ပြီး၊ ၁၉၀၇ ခုနှစ်တွင် ဆဘောင်ရှမ်းဒူးအကြီးအကဲ ဘရဲ (Birhu) နှင့် ရန်မက်ဖြစ်ပွားမှုရှိခဲ့ကြောင်း၊ ၎င်းအား ဗြိတိသျှအစိုးရက ဖမ်းဆီးထိန်းသိမ်းပြီး စစ်တွေထောင်တွင် ချုပ်နှောင်ထားခဲ့ကြောင်း ဖော်ပြထားပါသည် (Brown 1910/1960: 15)။
Lowis က ခွန် (၎င်း၏အသုံး Kuns) လူဦးရေစာရင်းကို ၁၈၉၁ ခုနှစ်သန်းခေါင်စာရင်းတွင် တွေ့ရသော်လည်း ၁၉၀၁ ခုနှစ်သန်းခေါင်စာရင်းတွင် မတွေ့ရဟု ဆိုသည်။ ဖြစ်နိုင်သည်မှာ ခွန်တို့သည် နောင်တွင် ခူမီးထဲ၌ပါဝင်ရောနှောသွားခဲ့ပုံရသည်ဟု ဆိုသည် (Lowis 1902: 124)။ ယနေ့အချိန်တွင် ပလက်ဝမြို့နယ်အတွင်း ခွန် ဟူသော အမည်ကို သုံးစွဲခြင်း မရှိတော့ပါ။
(၃း၆)
ကျော (Kyaus) နှင့် ချော (Chaw) သည် တစ်မျိုးလား သို့မဟုတ် နှစ်မျိုးလား တွေးစရာရှိပါသည်။ Latter က ကျော (Kyaus) ဟုရေးပြီး ၎င်းတို့သည် ကုလားတန်မြစ်ကမ်းဘေးတွင် ရွာတစ်ရွာသာရှိကြောင်း၊ ၎င်းတို့သည် တောင်သား (ချင်း) အဆက်အနွယ်ဖြစ်ကြောင်း၊ ဘာသာစကားမှာ ခူမီးနှင့် နီးစပ်ကြောင်း ဖော်ပြထားသည် (JASB 1846: 74-75)။ Latter က ၎င်းတို့ပြောဆိုသောစကားကို မှတ်တမ်းပြုစုထားရာတွင် မြောက်ပိုင်းချင်းဘာသာစကားနှင့် အတော်ပင်တူညီနီးစပ်သည်ကို တွေ့ရ သည်။ St. John က ချော (Chaw) ဟုရေးထားပြီး၊ ကူကီး (Kuki) အဆက်အနွယ်ဖြစ်ကြောင်း ဖော်ပြထားသည် (JAIGBI 1873: 237) ။ ထို့အတူ Hunter က ချော (Chaw) သည် ကူကီးအနွယ်ဝင်ဖြစ်ပြီး ၁၈၈၁ ခုနှစ်တွင် ၅၈၇ ဦးရှိသည်ဟု ဆိုသည် (Hunter 1885: 301) ။
Hughes (1881) နှင့် Brown (1910) တို့က ချော (Chaw) ဟုပင် ရေးသားထားသော်လည်း၊ ၎င်းတို့သည် အာရီယန်အဆက်အနွယ်ဖြစ်ကာ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်သည်ဟု ဆိုပြန်သည်။ နုတ်ပြောရာဇဝင်များအရ ၎င်းတို့သည် ရခိုင်ဘုရင် မင်းဖလောင်း၏ မိဖုရားစောမဲကျီက ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့သူများမှ ဆင်းသက်လာသည်ဟုဆိုသည် (Hughes 1881: 16; Brown 1910/1960: 14)။ Brown ၏မှတ်တမ်းအရ ၎င်းတို့ပြောသောစကားမှာ (ခူမီး၊ ကူကီး…စသော) တောင်ပေါ်သားများနှင့်လည်း မတူသလို ချောင်းသားစကားနှင့်လည်း ခြားနားပြီး၊ တင်းကျပ်စွာဖြင့် ၎င်းတို့လူမျိုးအချင်းချင်းသာ လက်ထပ်ထိမ်းမြားကြသည်ဟု ဆိုသည် (Brown 1910/1960: 14)။
၁၉၀၁ ခုနှစ် သန်းခေါင်စာရင်းအရ ကျော (Kyaw/ Chaw) လူမျိုး ၂၁၅ ဦးရှိသည်ဟုဆိုသည် (Lowis 1902: 124)။ ယခုအခါ ပလက်ဝမြို့နယ်အတွင်း အဆိုပါလူမျိုးအကြောင်း မသိရှိကြတော့ပါ။ ဤကျော/ ချောလူမျိုးများမှာ ရခိုင် သို့မဟုတ် ခူမီးတို့နှင့် ရောနှောသွားခဲ့ပြီဟု ယူဆရပါသည်။
(၃း၇)
St. John ၊ Hughes နှင့် Brown တို့ဖော်ပြသော ဗြိတိသျှအုပ်ချုပ်သည့်ကာလ ရခိုင်ပြည်မြောက်ဖက်ရှိ တောင်တန်းနယ်များ တနည်း ပလက်ဝမြို့နယ်အတွင်းနေထိုင်သော ချင်းလူမျိုးဆိုသည်မှာ လေးမြို့ချောင်း (Lemro) ဒေသတွင် နေထိုင်သည့် ဒိုင် (Daai) နှင့် လေးတူ (Letu) ချင်း မျိုးနွယ်စုများကို ဆိုလိုသည်။ ၁၈၈၁ ခုနှစ်တွင် ချင်းအမည်ဖြင့် သန်းခေါင်စာရင်း၌ ရေတွက်ခံရသူ ဦးရေမှာ ၉၈၀ ရှိသည်ဟု သိရသည် (Hunter 1885: 300)။
ဒိုင် တို့သည် လေးမြို့ဒေသတွင်သာမက ကန်ပက်လက်၊ မင်းတပ်နှင့် မတူပီမြို့နယ်များတွင် အများစုနေထိုင်ကြသည်။ လေးတူတို့သည် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း အစရှိသည့် မြို့နယ်များတွင် အများအပြားနေထိုင်ကြသည်။ ဒိုင်နှင့် လေးတူတို့မှာ ချင်းလူမျိုးများဖြစ်သော်လည်း ဘာသာစကားမှာ တိုက်ရိုက်ပြောဆိုဆက်ဆံနိုင်သည့်အနေအထားမရှိ။ သို့သော် ၎င်းတို့နှစ်မျိုးစလုံး၏ တူညီချက်မှာ မျက်နှာပြင်ပေါ်၌ ပါးရဲထိုးခြင်းဖြစ်သည်။ သို့သော် ဒိုင်တို့ထိုးသောပုံစံနှင့် လေးတူတို့ထိုးသောပုံစံ တူညီခြင်းမရှိ။ ခူမီးအပါအဝင် ခေါင်စို၊ အနူး၊ မြို၊ ရှမ်းဒူး စသည်တို့မှာ ပါးရဲထိုးသည့် အစဥ်အလာ မရှိကြပါ။ ၁၉၄၇ ခုနှစ် မတ်လ၊ ရန်ကုန်မြို့၌ နယ်ခြားဒေသများစုံစမ်းရေးကော်မတီနှင့် လေးမြို့ချင်းကိုယ်စားလှယ်တို့တွေ့ဆုံရာတွင် လွတ်လပ်ရေးရလျှင် ချင်းတောင်များခရိုင်နှင့်အတူ ပူးပေါင်းလိုကြောင်း သဘောထားပေးခဲ့ပါသည် (ယင်းအစီရင်ခံစာ၊ စာ-၉၆-၉၇)။
(၃း၈)
ချောင်းသားများ (Khyoungtha/Chaungtha) သည် တောင်ပေါ်သားများ မဟုတ်။ ကုလားတန်မြစ် ကမ်းတလျှောက်ရွာတည်ပြီး နေထိုင်ကြသူများဖြစ်သည်။ Latter က ၎င်းတို့သည် ရခိုင်ပြည်မှဖြစ်ပြီး ၁၇၈၄ ခုနှစ်တွင် မြောက်ဦးကို အင်းဝဘုရင်က တိုက်ခိုက်သိမ်းပိုက်သောအခါ ကုလားတန်မြစ်ကြောင်းအတိုင်း အထက်သို့ရွှေ့ပြောင်းတိမ်းရှောင်လာကြသူများဖြစ်ဖွယ်ရှိသည်ဟု ဆိုသည် (JASB 1846: 61)။ ၎င်းတို့သည် မြန်မာစကားကိုပြောကြသည်။ သို့သော် ၎င်းတို့ပြောသောမြန်မာစကားသည် ရခိုင်ဒေသိယစကားများနှင့် ရောထွေးလျှက်ရှိသည်ဟု ဆိုသည် (JASB 1846: 61)။
၁၈၂၅ ခုနှစ် ထုတ်ဝေသည့် The Edinburgh Journal of Science, Vol. 3, Issue. 6. တွင် Francis Hamilton က ၁၇၈၄ ခုနှစ်၌ ရခိုင်နေပြည်တော်၊ မြောက်ဦးမြို့ကို အင်းဝဘုရင်က လာရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်၊ အင်းဝဘုရင်၏အုပ်ချုပ်မှုကို မကြိုက်ကြသော တနည်း မခံချင်သော ရခိုင်သားများစွာသည် ဗြိတိသျှအစိုးရပိုင်နက် အရှေ့ဘင်ဂေါနယ် (စစ်တကောင်းတောင်တန်း) သို့ တိမ်းရှောင်ခဲ့ကြသည်ဟုဖော်ပြထားပါသည် (ယင်းဂျာနယ်၊ စာ-၂၀၁)။ ထို့အတူ အချို့ရခိုင်သားများသည် အင်းဝဘုရင်၏ အုပ်ချုပ်မှု အာဏာစက်နှင့်လွတ်ကင်းသော ကုလားတန်မြစ်ညာဘက်သို့လည်း ရွှေ့ပြောင်းတိမ်းရှောင်လာခဲ့ကြဖွယ်ရှိသည်။ ၎င်းတို့သည် ရခိုင်ပြည်မြောက်ဖက်တောင်တန်းဒေသ တနည်း ကုလားတန်မြစ်ညာသို့ ရောက်သောအခါ ချောင်းသားဟူသောအမည်ကို အသုံးပြုပုံရသည်။
အချို့သော သမိုင်းပညာရှင်များက ချောင်းသားများမှာ ပဲခူးမှ တလိုင်း (မွန်) အဆက်အနွယ်ဖြစ်သည်ဟု သုံးသပ်ကြသည်။ G.E. Harvey က ၎င်းရေးသားသည့် History of Burma, 1925 စာအုပ်တွင် ၁၅၈၈ ခုနှစ်၌ ပဲခူးမှ မွန်မင်းသမီးတစ်ပါးသည် ရခိုင်ဘုရင်နှင့်လက်ဆက်ရာ ၎င်းနှင့်အတူ မွန်လူမျိုး အများအပြားလိုက်ပါလာခဲ့ပြီး၊ ၎င်းတို့အား ယခုပုဏ္ဏားကျွန်းမြို့အနီးရှိ ဦးရာဇ်တောင်တဝိုက်၊ ထို့ပြင် မေယုမြစ်ကမ်းတလျှောက်နှင့် သံတွဲနယ်ထဲတွင် နေရာချထားပေးခဲ့ကြောင်း ဖော်ပြထားသည် (Harvey 1925: 183)။ ၁၆၀၂ ခုနှစ်တွင်ရေးပြီး၊ ၁၇၇၅ ခုနှစ်တွင် အကျယ်ဖွင့်သော မင်းရာဇာကြီးစာတမ်း ပေစာ (Mań: Rājākrī: Cātam: (MRCT)) တွင် တလိုင်း (မွန်) သုံ့ပန်း ၃၀၀၀၀ နှင့် ယိုးဒယားသုံ့ပန်း ၃၀၀၀ ကို မြောက်ဦးမှ ၁၆ မိုင်ခန့်အကွာ ယနေ့ မင်းပြားမြို့နယ်၊ ငဇဥ်ရိုင်းကျွန်းတွင် နေရာချထားခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ပဲခူးမှ မွန်/မြန်မာအဆက်အနွယ်များသည် ရခိုင်ပြည် အထူးသဖြင့် မြောက်ဦးနှင့်အနီးတဝိုက်ဒေသသို့ ၁၆ ရာစုကတည်းကပင် ရောက်ရှိနေထိုင်ကြကြောင်း သိရှိရသည်။
Hughes က ၎င်းမတိုင်မီ ရခိုင်မြောက်ဖက်တောင်တန်းနယ်အုပ်ချုပ်ရေးတာဝန်ယူခဲ့သူ St. John ကို ကိုးကား၍ရေးသားရာတွင် ရခိုင်ပြည်မြောက်ဖက်တောင်တန်းဒေသ၌ ချောင်းသား ဖသားစုအနွယ် (Clan) ၇ ခု ရှိပြီး၊ ၎င်းတို့မှာ လွန်းနီ (ရခိုင်)၊ ဒလ (မွန်)၊ တန်ဆာတာ (ရခိုင်)၊ မွန်တောက် (မွန်)၊ ကုန်းစွယ် (ရခိုင်)၊ ရွှေဗစွပ် (ရခိုင်) နှင့် ရိုကဲ (မွန်) တို့ဖြစ်သည်ဟုဆိုသည် (Hughes 1881: 14)။ ၎င်းတို့သည် ကုလားတန်မြစ်ညာ ဒလက်မေကျေးရွာအထက် ၈ မိုင်ခန့်အကွာတွင် မြောက်ဘက်အကျဆုံးရွာကို တည်ထောင်ခဲ့သည်။ ဒလက်မေ ဆိုသည်မှာ မွန်ဒေသ ရန်ကုန်တစ်ဖက်ကမ်းရှိ ဒလဂါမကိုခေါ်ခြင်းဖြစ်သည်ဟု ဆိုသည် (JAIGBI 1873: 234)။ Hunter ကလည်း ချောင်းသား ဖသားစုအနွယ် ၇ ခုအနက် အချို့သည် ပဲခူးမှ တလိုင်း (မွန်) အဆက်အနွယ်ဖြစ်သည်ဟု ပြောဆိုကြကြောင်း မှတ်တမ်းတင်ထားပါသည် (Hunter 1885: 300)။
၁၈၄၁ ခုနှစ်တွင်ထုတ်ဝေသည့် Journal of the Asiatic Society of Bengal, Vol.2 ၌ Arthur Phyre (နောင် ဝန်ရှင်တော်မင်းကြီး Sir Arthur Phyre) ရေးသားသော Account of Arakan စာတမ်းတွင် ၎င်းက ‘ရခိုင်သားနှင့် ချောင်းသားသည် လူမျိုးတူဖြစ်ကြောင်း’ (The Rakhoing-tha and Khyoung-tha are of the same race) ဟုဖော်ပြထားပါသည် (JASB 1841: 681)။ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) ၌ နေထိုင်ကြသည့် မရမာ တို့တွင် ချောင်းသား (Khyongtha) ဟူသော ဖသားစု (Clan) ပါဝင်ကြောင်း သိရှိရသည်။ ဗြိတိသျှအစိုးရအုပ်ချုပ်စဥ်က ချောင်းသားဟူ၍ သုံးနှုန်းခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက် ချောင်းသားအစား ရခိုင်ဟုသာ သုံးနှုန်းတော့သည်။ ယခုအခါ ပလက်ဝမြို့နယ်ရှိ ရခိုင်များကို ချောင်းသားဟု မသုံးတော့ပါ။
၁၈၈၁ ခုနှစ်တွင် ချောင်းသား ၁၂၀၀ ရှိပြီး (Hughes 1881: 14)၊ ၁၉၀၁ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်မြောက်ဖက်တောင်တန်းနယ်၌ ချောင်းသားဦးရေ ၁၃၃၅ ဦးရှိကာ (Lowis, 1901: 76)၊ ၁၉၄၇ ခုနှစ်၊ နယ်ခြားဒေသများစုံစမ်းရေး ကော်မတီအစီရင်ခံစာအရ ချောင်းသား (ရခိုင်) ဦးရေ ၃၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။ ၁၉၈၈-၉၀ နောက်ပိုင်း စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်မှု အခွင့်အလမ်း လင်းပွင့်လာခြင်း၊ အထူးသဖြင့် ကုလားတန်စီမံကိန်း အကောင်အထည်ဖော်လာခြင်းတို့ကြောင့် ရခိုင် ပြည်နယ်၊ အထူးသဖြင့် ကျောက်တော်မြို့နယ်မှ ရခိုင်လူမျိုးများသည် ပလက်ဝမြို့နယ်အတွင်း ရွှေ့ပြောင်းအခြေချလာခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်တွင် ပလက်ဝမြို့နယ်၌ ရခိုင်လူမျိုး ၁၇,၀၀၀ ကျော် (တစ်မြို့နယ်လုံးရှိလူဦးရေ၏ ၁၈%) ရှိကြောင်း သိရှိရပါသည် (ချင်းပြည်နယ်အစိုးရ၊ ၂၀၂၀)။
(၄)
St. John (1873)၊ Hughes (1881) နှင့် Brown (1910) တို့တွင် ဖော်ပြထားခြင်းမရှိသော ပလက်ဝမြို့နယ်အတွင်း ဝင်ထွက်နေထိုင်ကြသည့် ချင်းမျိုးနွယ်များလည်းရှိသေးသည်။ ပေါင်နောက်/ ပနမ်းနှင့် ဘောမ်တို့ဖြစ်ပါသည်။ ပေါင်နောက်/ပနမ်း (PawmNau) မှာ ဘာသာစကားအရ မီဇိုစကားနှင့်တူညီပြီး၊ ယဥ်ကျေးမှုအရ ခူမီးချင်းတို့နှင့် တူညီမှုရှိသောမျိုးနွယ်စုတစ်ခုဖြစ်သည်။ ပေါင်နောက်/ပနမ်းတို့သည် ပလက်ဝမြို့နယ်တွင်သာရှိပြီး၊ ယခုအခါ ပေါင်နောက် လူဦးရေမှာ ရာဂဏန်းပင် မကျန်တော့ဘဲ၊ ခူမီးထဲတွင်ရောနှောသွားကြပြီဟု သိရသည်။
ဘောမ် (Bawm) (ခူမီးတို့က Lai Jeu ဟုခေါ်သည်) ဆိုသည်မှာ ဘာသာစကားနှင့် ယဥ်ကျေးမှုအရ လိုင် (ဟားခါး) ချင်းတို့နှင့် ၉၀% ကျော် တူညီမှုရှိသော ချင်းမျိုးနွယ်စုတစ်ခုဖြစ်သည် (IJCRT 2020)။ ရခိုင်တို့က လင်းကြေးဟုခေါ်သည်။ ဘောမ်တို့သည် စစ်တကောင်းတောင်တန်းဒေသတွင် အများဆုံးနေထိုင်ကြပြီး၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင်လည်း နေထိုင်ကြသည်။ ဘောမ်တို့သည် ယခင်က ပလက်ဝမြို့နယ်အထက်ပိုင်းရှိ ကျေးရွာများ အထူးသဖြင့် ရှင်းလက်ဝကျေးရွာ၊ မီးဇာကျေးရွာ တို့တွင် ရေကြည်ရာမြက်နုရာ ဝင်ထွက်အခြေချ နေထိုင်လေ့ရှိကြပါသည်။
(၅)
ချုပ်လိုက်လျှင် ပလက်ဝမြို့နယ်အတွင်း ဗြိတိသျှအစိုးရအုပ်ချုပ်မှုအလယ်ပိုင်းကာလ နှစ်ပေါင်း (၇၀) အတွင်း ဒေသခံများအဖြစ် နေထိုင်ခဲ့ကြသည့်လူမျိုးများတွင် ခူမီး၊ ခေါင်စို၊ အနူး၊ ရှမ်းဒူး (မရာ)၊ မြို၊ ချော (ကူကီးအဆက်အနွယ်)၊ ခွန်၊ လေးမြို့ဒေသရှိ ဒိုင်နှင့် လေးတူတို့သည် ချင်းလူမျိုးများဖြစ်ပြီး၊ ချောင်းသားနှင့် ချော (အာရီယန်အဆက်အနွယ်) တို့သည် ရခိုင်လူမျိုးများဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ဗြိတိသျှအုပ်ချုပ်မှုနှောင်းပိုင်းနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဝင်ထွက်နေထိုင်ကြသည့် ပေါင်နောက်/ပနမ်းနှင့် ဘောမ်တို့သည်လည်း ချင်းလူမျိုးများဖြစ်ကြသည်ကို တွေ့ရပါသည်။
ရခိုင်ပြည်မြောက်ဖျား၊ ချင်းနယ်ခြားဒေသ၊ ပလက်ဝမြို့နယ်အတွင်း အနည်းဆုံးရာစုနှစ် နှစ်ခုကျော် အတူတကွနေထိုင်လာခဲ့ကြပြီးဖြစ်သည့် လူမျိုးများအချင်းချင်း အတိတ်ကအတွေ့အကြုံများကိုယူ၍ ညီအစ်ကိုမောင်နှမစိတ်ဖြင့် အေးအတူပူအမျှ နေထိုင်သွားကြစေချင်ပါသည်။
ပလက်ဝအရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြပါစေ။
သြသနီရယ်လ် တင်မ်ပို
၂၆/၁၀/၂၀၂၄
ကျမ်းကိုး
1. ချင်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်များ၏အချက်အလက် အစီရင်ခံစာ၊ ၂၀၂၀။ ပလက်ဝမြို့နယ်။
2. “Mru People”. Wikipedia. https://en.wikipedia.org/wiki/Mru_people. (Accessed on 25 October 2024)
3. “Myanmar”, Ethnologue: Languages of the World. [https://web.archive.org/…/www…/country/MM/languages], (Accessed on 25 October 2024).
4. Beniison, J.J., Census of India, 1931: Burma Part I – Report. Rangoon: Office of Superintendent, Government Printing and Stationery, Burma, 1933.
5. Brown, G.E.R. Grant (Compiler), Burma Gazetteer. Northern Arakan District (Or Arakan Hill Tracts), Volume A (Reprint), Rangoon: Government Printing and Stationery, 1960.
6. Chhuanawma, L.H., A brief historical account of the Bawm (Bawmzo) people, International Journal of Creative Research Thoughts (IJCRT), Vol. 8, Issue 10. October 2020.
7. Hamilton, Francis., An Account of the Frontier between the Southern Part of Bengal and the Kingdom of Ava. The Edinburgh Journal of Science, Vol. 3, Issue. 6. 1825.
8. Harvey, G. E., History of Burma. London: Longmans, Green and Co., 1925.
9. Hughes, W. Gwynne., The Hill Tracts of Arakan, Rangoon: the Government Press, 1881.
10. Hunter, W.W., The Imperial Gazetteer of India, Vol.1, Abar to Balasinor, London: Trubner & Co., 1885.
11. Kyaw Min Htin, The Marma from Bangladesh: A ‘de-Arakanized’ Community in Chittagong Hill Tracts, in SUVANNABHUMI Vol. 7 No. 2 (December 2015) 133-153.
12. Latter, Thomas., “A Note on Some Hill Tribes on the Kuladyne River: – Arracan”, in The Journal of the Asiatic Society of Bengal, Vol. 15, Issue 169. Calcutta: Bishop’s College Press, 1846.
13. Lowis, C.C., Census of India, 1901. Vol. XII. Burma. Part 1. Report. Rangoon: Government Printing, 1902.
14. MRCT. Mań: Rājākrī Cātam:. Originally compiled in 1602 CE and enlarged in 1775 CE. Palm-leaf Manuscript. Yangon/Naypyidaw: National Library. (NL1632).
15. Pau, Pum Khan., Reconfigured frontier: British policy towards the Chin-Lushai Hills, 1881-1898, in The NEHU Journal, Vol XVI, No. 1, January – June 2018, p. 1-17.
16. Phayre, A. P., Account of Arakan. Journal of the Asiatic Society of Bengal, Vol. 2: 1841. Pp. 679-712.
17. St.John, R. F. St. Andrew., “A Short Account of the Hill Tribes of North Aracan”, in The Journal of the Anthropological Institute of Great Britain and Ireland, Vol. 2 (1873), London: Royal Anthropological Institute of Great Britain and Ireland, 1873.
18. The Frontier Areas Committee of Enquiry, Report of the Frontier Areas Committee of Enquiry, 1947. Report presented to His Majesty’s Government in the United Kingdom and the Government of Burma. Part II: Appendices. Maymyo, 24th April 1947, Rangoon: Government Printing and Stationery, 1947.
KHUMI MEDIA GROUP