ပလက်ဝမြို့နယ်အတွင်း ရခိုင်လူမျိုးများ အခြေချနေထိုင်မှုများလာ
နိုဝင်ဘာ ၁၊ ၂၀၂၄။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ယခုလပိုင်းတွင် ရခိုင်လူမျိုးများ အခြေချနေထိုင်မှု ပိုများလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပလက်ဝမြို့နယ်အတွင်းရှိ စကစတပ်စခန်းများနှင့် ဒေသအခြေပြု စကစ တပ်ရင်းတစ်ခုကို ယခုနှစ်အစောပိုင်း တွင် အေအေတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ULA/AA ၏ အစီအမံဖြင့် ရခိုင်လူမျိုးများ ပလက်ဝမြို့နယ်အတွင်း အလုံးအရင်းဖြင့် အခြေချနေထိုင်မှုများရှိလာကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေအုပ်ချုပ်ရေး၏ ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်အတွင်း ရခိုင်လူမျိုးများ နေထိုင်မှုမှာ မြို့နယ်အတွင်း လူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန်လူမျိုးများမှာ ချင်းလူမျိုးများဖြစ်ကြသည်။ သို့ရာတွင် ယခုနှစ်အစောပိုင်းမှ ယနေ့အထိ ရခိုင်လူမျိုးဝင်ရောက်နေထိုင်မှုမှာ အိမ်ထောင်စု ၃၀၀ နီးပါးရှိနိုင်ကြောင်းနှင့် အထူးသဖြင့် အေအေတပ်ဖွဲ့ ဌာနချုပ်စခန်းတည်ရှိရာ မီးဇာကျေးရွာတွင် နေထိုင်ကြကြောင်းသိရပြီး အဆိုပါ ဖြစ်စဉ်အပေါ် ဒေသခံများစိုးရိမ်နေကြောင်း သိရှိရသည်။
ယခင်က ULA/AA ခေါင်းဆောင်များအနေဖြင့် ပလက်ဝမြို့နယ်ကို ရခိုင်နယ်မြေအဖြစ် မည်သည့်အခါမျှ ထည့်သွင်းမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုများရှိသော်လည်း ULA/AA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ယခုနှစ်အစောပိုင်း တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပလက်ဝမြို့နယ်သည် ဆုံးရှုံးခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံ၏ နယ်မြေ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုအပြီး ယခုကဲ့သို့ ရခိုင်လူမျိုးများ ဝင်ရောက်အခြေချမှုအပေါ် စိုးရိမ် နေကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။
ပလက်ဝမြို့နယ်အတွင်း စကစကင်းစင်ပြီး ULA/AA ထိန်းချုပ်ပြီးနောက်ပိုင်း ဒေသခံ ချင်းလူမျိုးအများအပြား နေရပ်စွန့်ခွာသွားကြခြင်းမှာ ULA/AA ၏ အုပ်ချုပ်ရေး အစီအမံအောက်တွင် မနေထိုင်လိုကြောင်း ပြသနေသကဲ့သို့ဖြစ်နေကြောင်း ရန်ကုန်ရောက် ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
Khumi Media Group – KMG
Photo-Google Map