အိန္ဒိယအစိုးရက မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များကို ဆန် စတင်ထောက်ပံ့

အိန္ဒိယအစိုးရက မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များကို ဆန် စတင်ထောက်ပံ့
နိုဝင်ဘာလ ၁၃၊ ၂၀၂၄။
အိန္ဒိယဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ်အစိုးရတို့က မီဇိုရမ်ပြည်နယ်က ချင်း(မြန်မာ)စစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့ရေးအစီအစဥ်ကို လောင်တလိုင်မြို့၊ ချန်မာရီရပ်ကွက်ရှိ ကာနန်စစ်ဘေးရှောင်စခန်းမှာ စတင်ပြီး ထောက်ပံ့ပေးနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာနက နိုဝင်ဘာလ ၁၁ ရက်နေ့မှာထုတ်ပြန်ထားကြောင်း ချင်းဝေါလ်မီဒီယာစာမျက်နှာတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက ရူပီး သိန်း ၅၀၀ တန်ဖိုးရှိ ဆန်မက်ထရစ်တန်ချိန် ၁,၃၇၉ တန်ကျော်ကို မီဇိုရမ် ပြည် နယ်အတွင်းရှိ စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီရန်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ခရိုင် ၁၁ ခုရှိ ဂိုထောင်များတွင် သို လှောင်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ အစီအမံဖြင့်ပေးဝေသွားမည်ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
လက်ရှိ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မဏိပူရပြည်နယ် တို့မှ စစ်ဘေးရှောင် ၈,၀၂၀ ဦးရှိနေပြီး ရူပီး ၁,၅၀၀,၀၀၀ တန်ဖိုးရှိ ဆန်များကို စစ်ဘေးရှောင်စခန်းများသို့ ဝေငှသွားရန် စီစဥ်ထားပြီးဖြစ်ကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပြီး မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ရှောင် ၃၅,၀၀၀ ဦးကျော်၊ မဏိပူရပြည်နယ်တွင် စစ်ရှောင်ဦးရေ ၁၀,၀၀၀ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုလှုံသူ ၁,၀၀၀ ဦး ရှိနေကြောင်း ပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံကြသည့်မြန်မာစစ်ဘေးရှောင်အများစုမှာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်မရှိကြသည့်အပြင် နေ့စားအလုပ်၊ တောင်ယာလုပ်ငန်းများနှင့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်ခွင့် အတွက် မသေချာဘဲ အလှူရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များရဲ့ထောက်ပံ့မှုဖြင့် ရပ်တည်နေကြကြောင်း သိရှိရသည်။
မီဇိုရမ်ပြည်နယ်ရှိစစ်ရှောင်စခန်းတနေရာ

Leave a Reply

Your email address will not be published. Required fields are marked *