ချင်းပြည်ကောင်စီ-CC နှင့် ချင်းညီနောင်-CB အကြား ပစ်ခတ်မှုပြန်ဖြစ်ပွား

ချင်းပြည်ကောင်စီ-CC နှင့် ချင်းညီနောင်-CB အကြား ပစ်ခတ်မှုပြန်ဖြစ်ပွား
နို၀င်ဘာလ ၁၅၊ ၂၀၂၄
ချင်းညီနောင်-CB နှင့် ချင်းပြည်ကောင်စီ-CC အကြား နိုဝင်ဘာလ ၁၁ ရက်နေ့က ချင်းပြည်နယ် မတူပီမြို့နယ် အတွင်းရှိ ပင်သီယာကျေးရွာတွင် အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ကြောင်း နှစ်ဘက်အဖွဲ့ ၏ထုတ်ပြန် ချက်များအရသိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း သုံးနာရီလောက်မှာ ချင်းညီနောင်အဖွဲ့ဝင် MDF၊ AA ပူးပေါင်းအင်အား ၁၀၀ ကျော်နှင့် တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု Chinland Council အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ယခုရက်ပိုင်းအတွင်း ဒေသတွင်း သတင်းမီဒီယာအချို့တွင် ဖြေဆိုထားပါသည်။
ထိုနည်းတူ ချင်းပြည်စည်းလုံးရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အမှန်တကယ်လိုလားပါက ယခုကဲ့သို့ ချင်းညီနောင်စစ်ဆင်ရေးကာလအတွင်း နှောက်ယှက်မှုများ ချက်ခြင်းရပ်တန့်ရန်လိုအပ်ပြီး နှစ်ဘက်သဘောတူညီမှုအပေါ်တွင်လည်း လိုက်နာရန်လိုအပ်ကြောင်း သို့မဟုတ်ပါက ချင်းညီနောင်-CB အနေဖြင့် လိုအပ်သလို ကိုင်တွယ်အရေးယူသွားမည်ဟု ချင်းညီနောင်အဖွဲ့ဘက်က နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် (စက်တင်ဘာလ ၂၁ ရက်နေ့)တွင် Zo Reunification Organization (ZORO) ဦးဆောင်မှုနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ချင်းညီနောင်-CB နှင့် ချင်းပြည်ကောင်စီ-CC အကြား နောက်နောင် သဘောထားကွဲလွဲမှုများရှိလာပါက လက်နက်ဖြင့် မဖြေရှင်းရန်ဆိုသည့်အချက် အပါအဝင် သဘောတူညီချက် ၅ ချက် သဘောတူညီချက် ရရှိခဲ့ပြီးနောက် ယခုကဲ့သို့ နှစ်ဖက်ထိတွေ့မှု ပြန်ဖြစ်ပွားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *