အိန္ဒိယဝန်ကြီးချုပ်ဟောင်း Manmohan Singh ၏ နိုင်ငံတော်ဈာပနအခမ်း အနားကျင်းပ
ဒီဇင်ဘာ ၂၈၊ ၂၀၂၄။
အိန္ဒိယဝန်ကြီးချုပ်ဟောင်း Manmohan Singh ၏ ဈာပနအခမ်းအနားကို New Delhi မြို့တော်၊ ယမုံနာမြစ်ကမ်းဘေးတွင် နိုင်ငံတော်အခမ်းအနားဖြင့် ယနေ့ (ဒီဇင်ဘာ ၂၈ ရက်)ကျင်းပခဲ့ပြီး မိသားစုဝင်များအပြင် အစိုးရအရာရှိကြီးများနှင့် နိုင်ငံရေးသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၆ ရက်နေ့က အသက် ၉၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း Singh သည် အိန္ဒိယနိုင်ငံ၏ သူမတူအောင်ထူးခြားသည့် ဝန်ကြီးချုပ်ဖြစ်ကြောင်း ပြောကြားခဲ့သည့် လက်ရှိဝန်ကြီးချုပ် Narendra Modi နှင့်အတူ အိန္ဒိယသမ္မတ Draupadi Murm နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ Rahul Gandhi တို့လည်း အဆိုပါဈာပန အခမ်းအနားသို့ တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။
Sikh ဘာသာဝင်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း၏ ဈာပနကို Sikh ထုံးတမ်းစဉ်လာနှင့်အညီ မီးသဂြိုလ်ခဲ့ခြင်းဖြစ်ပြီး ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck အပါအဝင် နိုင်ငံခြားခေါင်းဆောင်အချို့လည်း လာရောက်ခဲ့ကြသည့်အပြင် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ တရုတ်နှင့် ပါကစ္စတန်… စသည့် နိုင်ငံ့ခေါင်းဆောင်များကလည်း ဝမ်းနည်းကြောင်းပြောဆိုခဲ့ကြသည်။