အာဏာသိမ်း လေးနှစ်တာကာလ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု CHRO ထုတ်ပြန်
ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်အတွင်း အာဏာသိမ်း လေးနှစ်ကာလ စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၁၆၆ ဦး သေဆုံးပြီး ၂၄၂ ဦး ဒဏ်ရာရရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇန်နဝါရီ လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းကာလ ၄ နှစ် အတွင်း စစ်ကောင်စီတပ်သည် ချင်းပြည်နယ်ရှိ အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၆၀ ကျော် ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦ ၂၅ ခု၊ စာသင်ကျောင်း ၂၂ ခု၊ ကျန်းမာရေးအဆောက်အဦ ၈ ခုနှင့် ဘုန်းကြီးကျောင်း ၇ ခု အပါအဝင် အဆောက်အအုံ ၄၁၂ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး မြေမြှပ်မှိုင်းကြောင့် ၃၇ ဦး သေဆုံးခဲ့ကာ ၆၈ ဦး ဒဏ်ရာရခဲ့ကြောင်း CHRO မှ ထုတ်ပြန်သည်။
ချင်းပြည်နယ်အတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ အရပ်သားများကိုပစ်မှတ်ထားကာ အကြမ်းဖက်သည့် လုပ်ရပ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖလမ်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေကာ လေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး တီးတိန်မြို့ တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ရေးဖော်ဆောင်လာနိုင်သည့်အတွက် ဒေသခံအများအပြား ကြိုတင်ပြောင်းရွှေ့နေကြကြောင်း သိရသည်။
သတင်း – James Roe