မြန်မာ – အိန္ဒိယ နယ်စပ်တွင် အသွားအလာကန့်သတ်ထားခြင်းကြောင့် ဒေသခံများ အခက်အခဲပေါင်းစုံ ကြုံတွေ့ နေ
ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၅။
မြန်မာ – အိန္ဒိယ နယ်စပ်တွင် အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် လျှောက် ထားပြီး ကဒ်ကိုင်ဆောင်ထားမှသာ ဖြတ်သန်းသွားလာခွင့်ပြုမည်ဟု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ထုတ်ပြန် ပြီးနောက်တွင် နိုင်ငံနှစ်ဘက်ရှိဒေသခံများ အခက်အခဲပေါင်းစုံကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
ရိဒ်ခေါဒါရ် – ဇိုခေါထာရ် ရှိ အမှတ် ၂ ကုန်သွယ်ရေးတံတားသည် စီးပွားကူးသန်းသွားလာရန်အတွက် နှစ်နိုင်ငံ အရေးပါသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မှစ၍ အသွားအလာ တင်းကြပ်ထားပြီး နောက်တွင် ကုန်ဈေးနှုန်းများမြှင့်တက်လာြခင်း၊ ကလေးသူငယ်များ ပညာသင်ကြားရန် အသွားအလာခက်ခဲလာခြင်း၊ လွတ်လပ်စွာ ခရီးသွားလာ၍မရှိတော့ခြင်း စသည့်… အခက်အခဲများ လက်ရှိတွင် ရင်ဆိုင်ကြုံတွေ့နေရသည် ကို ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
“နယ်စပ်မှာ ဒီနှစ် ဇန်နဝါရီ ၁ ရက် ကနေစပြီးတော့ အိန္ဒိအာဏာပိုင်တွေက အသွားအလာလုပ်ခွင့်မပေးတော့ဘူး။ ဖြတ်သန်းခွင့်ကဒ်ဆောင်မယ်တဲ့။ ဒါကလည်း ၇ ရက်တစ်ခါ လုပ်ရမှာ။ ကုန်ပစ္စည်းတွေကတော့ နှစ်ဘက်အဝင် အထွက်တော့ရှိပေမယ့် သယ်ယူပို့ဆောင်ခက တက်သွားတော့ ကုန်ပစ္စည်းဈေးကလည်း တက်သွားတယ်။ ဘယ် အချိန်အထိ ပိတ်ထားအုံးမလဲမသိတော့ဘူး။ ဒီအတိုင်းဆို ပြည်သူတွေအတွက် ကြာရင်မလွယ်ဘူး…” ဟု ရိဒ်ခေါဒါရ်မှ ဇိုခေါထာရ်သို့ အလုပ်လုပ်သွားလုပ်နေရသည့် ဒေသခံတစ်ဦးမှ ပြောသည်။
အိန္ဒိယဘက်ခြမ်းတွင် မီဇိုရမ်ရဲတပ်ဖွဲ့၊ ကျန်မာရေးဝန်ထမ်းနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များက စောင့်ကြည့်နေပြီး သီအိုချောင်းတလျှောက်တွင်လည်း အာသံရိုင်ဖယ်တပ်ဖွဲ့စစ်သားများက နေရာယူစောင့်ကြည့်ထားပြီး နယ်စပ်ခိုး ဝင်မှုလည်း လုပ်ဆောင်၍မရကြောင်းနှင့် မြန်မာနိုင်ငံဘက်အခြမ်း တံတားပေါ်တွင် HPO/ CDF – Hualngoram မှ တာဝန်ရှိသူများက စောင့်ကြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာ – အိန္ဒိယ နယ်စပ်ဖြတ်ကျော်ခွင့်ကို ထင်းကြပ်ထားမှုအပေါ်တွင် ဒေသခံပြည်သူများ ပြန်လည်၍ အသွား အလာပြုလုပ်မှု ရရှိလာနိုင်ရန်အတွက် HOP/ CDF – Hualngoram တာဝန်ရှိသူများက အိန္ဒိယဗဟိုအစိုးရမှ တာ ဝန်ရှိသူတွေနှင့် တရားဝင်တွေ့ဆုံပြီး ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။
သတင်း – James Roe