ကလေးမြို့ ၉ မိုင် စစ်ဆေးရေးဂိတ်တွင် ခရီးသည်များ တင်းကြပ်စွာစစ်ဆေးခံရ
ဇန်နဝါရီလ ၆ ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ၉ မိုင်ရှိ တက္ကသိုလ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့ တွင် ကလေး – ရိဒ်ခေါဒါရ် ခရီးသည်ကားများကို စစ်ကောင်စီတပ်က အတင်းအကြပ် စစ်ဆေးခံနေရကြောင်း ရိဒ်ခေါဒါရ်မြို့မှ ခရီးသွားဒေသခံချင်းလူမျိုးတစ်ဦးထံမှ သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြို့ အဝင်/အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ခရီးသည်များကို ကားပေါ်မှဆင်းခိုင်းပြီး ပါလာသည့်ဖုန်းများကို စစ်ဆေးခံရန်အပ်နှံရပြီး မှတ်ပုံတင်ကိုပြကာ ခရီးသွားလာရသည့် အကြောင်းအရာကို မေးသည့်အတိုင်းဖြေဆိုရပြီး ခရီးသည်များ၏ ခရီးဆောင်အိတ်များကိုလည်း ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြကြောင်း ခရီးသည်တစ်ဦးထံမှ သိရသည်။
“ရိဒ်ခေါဒါရ်ကနေ ကလေးကိုသွားတဲ့လမ်းတလျှောက် ဘာမှအစစ်အဆေးမရှိခဲ့ဘူး။ ကလေးမြို့ဝင်ခါနီးမှပဲ ၉ မိုင် ဂိတ်ကျမှပဲ စစ်ကောင်စီတပ်က မှတ်ပုံတင်၊ ဖုန်းနဲ့ အိတ်တွေကိုစစ်ဆေးတာ အကြာကြီးပဲ။ ခရီးသည်တွေကို မေးတာတွေလည်း စုံလို့ပဲ။ ဖုန်းထဲကပုံတွေ၊ ဖေ့စ်ဘုတ်ပရိုဖိုင်၊ ရှဲထားတာတွေ၊ မက်ဆင်ဂျာနဲ့ တခြားဖုန်းထဲမှာ အသုံးပြုထားတာတွေအားလုံးကို တစ်ခုချင်းစီ စစ်တယ်၊ ဟိုးအရင်ကဖျက်ထားတဲ့ ဖိုင်တွေအကုန်လုံးကိုလည်း ပြန်ပြီးဖော်ကြတာ။ ဘယ်လိုလုပ်လဲတော့ မသိဘူး။ ဖုန်းထဲမှာရှိတာတွေအကုန် ပေါ်တာပဲ။ သူတို့ မသင်္ကာတာရှိရင် အကြာကြီးပဲမေးတယ်။ ခရီးသွားရတာမလွယ်ဘူး။ အသွား/အပြန် ဒီအတိုင်းပဲ…” ဟု ကလေးမြို့သို့ ကုန်ပစ္စည်းများဝယ်ယူရန်သွားသည့် ရိဒ်ခေါဒါရ်မှ ဒေသခံတစ်ဦးက ပြောသည်။
ကလေး – ရိဒ်ခေါဒါရ် ကြား ကားလိုင်းပြေးဆွဲနေသည့် ကားဆရာတစ်ဦးက “ကားမထွက်ခင်ကတည်းက ခရီး သည်တွေကို ဖုန်းထဲမှာရှိတဲ့ စစ်ကောင်စီက မသင်္ကာမယ့်အရာတွေအကုန်လုံးကို ဖြတ်ခိုင်းဖို့ပြောရတယ်။ ကလေးက ၉ မိုင်ဂိတ်ဆိုရင် တအားစစ်တယ်၊ ရစ်တယ်။ ဖုန်း၊ မှတ်ပုံတင်နဲ့ ခရီးဆောင်အိတ်တွေ အကုန်စစ်တယ်။ သူတို့မသင်္ကာတော့ဘူးဆိုရင် ခရီးတွေကို ဖမ်းခေါ်ထားတာတွေရှိတယ်။ အစစ်အဆေးကြမ်းတာ တစ်လလောက် ရှိပြီ။ အရင်ကဆိုရင် သူတို့ကိုလိုင်းကြေးပေးလိုက်ရင် ရှောရှောရှူရှူပဲ သွားခွင့်ပေးတယ်။ ဒီရက်ပိုင်းတွေတော့ ပိုက်ဆံလည်းပေးရသလို ခရီးသည်တွေကိုလည်း အကြာကြီးစစ်ဆေးကြတော့ ခရီးသွားလာရတာ နှောင့်နှေးကြန့်ကြာတာတွေဖြစ်ကုန်တာပေါ့။ နောက်ဆိုရင် ကားတွေကိုတောင် အသွားအလာမပေးဖြစ်တော့မှာလား မသိဘူး…” ဟု ပြောသည်။
ကလေးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏ ထိတွေ့ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များက ကလေးနှင့် ကလေးဝမြို့နယ်တို့ရှိ ကျေးရွာများတွင် စစ်မှု ထမ်းရန်စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်း၊ ဒေသခံပြည်သူများကို အကြောင်းမဲ့ စစ်ဆေးခြင်းနှင့် ဖမ်းဆီး ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်း သိရသည်။
သတင်း – James Roe