အိန္ဒိယ – မြန်မာ နှစ်နိုင်ငံရှိ နယ်စပ်မှ ကျောင်းသား/သူများကိုသာ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ပြု
ဇန်နဝါရီလ ၇ ရက်၊ ၂၀၂၅။
အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်းရှိရာ ဇိုခေါထာရ် – ရိဒ်ခေါဒါရ် နယ်စပ်တံတားဂိတ် ဖြတ်ကျော်သွားလာခွင့်ကို ကျောင်းတက်နေသည့် ကျောင်းသူ/သားများကိုသာ အိန္ဒိယနိုင်ငံဘက်ခြမ်းရှိ တာဝန်ရှိ သူများမှ လွတ်လပ်စွာသွားလာခွင့်ပြုထားကြောင်း ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ထားသည့် CDF – Hualngoram တပ်ဖွဲ့မှ AGS – 1 က ပြောကြောင်း ဒေသတွင်းသတင်းရင်းမြစ်အရ သိရသည်။
အိန္ဒိယ – မြန်မာ နယ်စပ်ဂိတ်တံတားကို လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (FMR) ကို အိန္ဒိယဗဟိုအစိုးရက ပြီးခဲ့ သည့် ၂၀၂၅ ခုနှစ်ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဖျက်သိမ်းလိုက်ပြီးနောက် အသွားအလာကန့်သတ် ပိတ်ပင်ခဲ့ပြီး ၁၈ နှစ် မပြည့်သေးသည့်သူများကိုလည်း ဖြတ်သန်းသွားလာခွင့် မပေးခဲ့ရာမှ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် CDF – Hualngoram အကြား နယ်စပ်ဖြတ်ကျော်ခွင့်နှင့်ပက်သက်၍ တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးနောက် အာသံရိုင်ဖယ်ဘက်မှ ယခုကဲ့သို့ ဖြတ်သန်းသွားလာခွင့် ပြုလာခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်ဂိတ်တံတား ဖြတ်သန်းသွားလာခွင့်အား ကန့်သတ်မှုများရှိသည့်အတွက် နယ်စပ်တွင်နေထိုင်နေသည့် ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ၏ ဘာသာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် နေ့စဉ်လူနေမှုဘဝမှာ များစွာအခက်ခဲဖြစ်ရကြောင်း အိန္ဒိယ – မြန်မာနယ်စပ်တွင် နေထိုင်သူများထံမှ သိရသည်။
နိုင်ငံနှစ်ဘက်ရှိ ဒေသခံများကို နေ့စဉ်နှစ်နိုင်ငံဝင်ထွက်သွားလာခွင့်ကဒ်ပြားကို တစ်ရက်လျှင် လူဦးရေ ၅၀ မှ ၁၀၀ ကြား ထုတ်ပေးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်း ၁၀ ကီလိုမီတာအတွင်းတွင်ရှိသည့် ဒေသခံများကိုသာ ဝင်ထွက်သွားလာခွင့်ပေးကာ ဒေသခံဖြစ်ကြောင်း CDF – Hualngoram မှ ထောက်ခံစာရှိမှာသာလျှင် အာသံရိုင်ဖယ်ရုံး၏ ခွင့်ပြုချက်ကဒ်ဖြင့် သွားလာခွင့်ပြုထားခြင်း ဖြစ်သည်။
သတင်း – James Roe