ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

ဇန်နဝါရီလ ၈ ရက်၊ ၂၀၂၅။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး စစ်ရှိန်မြှင့်တိုက်ခိုက်နေပြီး ယနေ့ ဇန်နဝါရီ ၈ ရက်နေ့အထိ နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသစစ်ရေးအရင်းအမြစ်အရ သိရသည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှစပြီး မြို့သိမ်းတိုက်ပွဲ များ ဆင်နွှဲနေခြင်းဖြစ်ပြီး ဖလမ်းမြို့ရှိ ခလရ ၂၆၈ တပ်ရင်းကို အလုံးအရင်းဖြင့်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ အသုံးပြု၍ နေ့ရောညပါ ခုခံတိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း တိုက်ပွဲဖြစ်ပွားသည့်အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲတွေ ပြင်းထန်လာလို့ မြို့ပေါ်မှာရော မြို့နားကရွာတွေမှာရော နေလို့မရတော့ဘူး။ အားလုံး ဘေးလွတ် ရာကို ထွက်ပြေးနေကြရတယ်။ လေယာဉ်ကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ၊ သေနတ်နဲ့ အော်တိုပစ်တာတွေ အဆက်မပြတ်ကို ကြားရတယ်…” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၏ ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးသဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်သည် ချင်းတစ်မျိုးသားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ်စေရန် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့သိမ်းတိုက်ပွဲများကို ဆက်လက်ဆင်နွှဲရန်တိုက်တွန်းပြီးနောက်တွင် ဖလမ်းမြို့တိုက်ပွဲ ပိုမိုပြင်းထန်လာသည်ကို တွေ့ရသည်။

ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များသည် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံး၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၄၅ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ လက်နက်ချ အညံ့ခံခဲ့ကြောင်း ထုတ်ပြန်ထားပြီး လက်ရှိတွင် ဖလမ်းမြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *