အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ပလက်ဝမြို့နယ်မှ ဒေသခံများ ထပ်မံပြောင်းရွှေ့ရောက်ရှိလာ
ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံပြည်သူများ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် တွီဒန်းနှင့် ကာကီကျေးရွာတို့တွင် ထပ်မံ၍ နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာကြောင်း ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပလက်ဝကောင်စီ၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံဆလိုင်းစိုးသန်းမှ ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် စားဝတ်နေရေး အခက်အခဲများနှင့် မြို့နယ်ဒေသအတွင်း နေထိုင်မှုအခက်အခဲများကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ တွီဒန်းကျေးရွာတွင် အိမ်ခြေ ၂၉ ဆောင်နှင့် ကာကီကျေးရွာတွင် အိမ်ခြေ ငါးဆောင် ထပ်မံနေရပ်စွန့်ခွာ ပြောင်းရွှေ့လာကြပြီး ယခင်နေရာချထားသည့် သတ်မှတ်နေရာများတွင် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်ရှောင်စခန်းတာဝန်ခံများက နေရာချထားပေးကြောင်း သိရသည်။
“ပလက်ဝမှာနေရတာ အဆင်မပြေတော့ဘူး။ စားဝတ်နေရေးနဲ့ သွားလာရအခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်။ အဓိကတော့ အေအေတွေက ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားတော့ သူတို့တွေရဲ့အကြိုက် အလိုက် ဆောင်ပြီး နေနေရတယ်။ ဒါကမဖြစ်သင့်ဘူးလေ။ သူတို့ အုပ်ချုပ်တာမကြိုက်လို့ ခုလိုမီဇိုရမ်ဘက်ကို ပြောင်းရွှေ့လာတာပဲ…” ဟု ပလက်ဝဒေသခံ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ယနေ့ ခူမီးမီဒီယာသို့ ပြောသည်။
ယခင်က အေးချမ်းစွာနေထိုင်ခဲ့ရသည့် ပလက်ဝဒေသခံများသည် စစ်ဒဏ်ကိုခံခဲ့ရပြီးနောက်ပိုင်းတွင် ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ အသွားအလာတင်းကြပ်ခြင်း၊ စီးပွားကူးသန်းရောင်းဝယ်ရန် အဆင်မပြေခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိတော့ခြင်း၊ ဖုန်းလိုင်း/ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းနှင့် အေအေ၏ တင်းကြပ်သည့် အုပ်ချုပ်ရေးအောက်တွင် အဆင်မပြေမှုပေါင်းများစွာနှင့် ကြုံတွေ့ခံစားနေရခြင်းများကြောင့် နေရပ်စွန့်ခွာလာရခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
“ပလက်ဝမြို့နယ်မှာ စစ်ကောင်စီ ကင်းစင်သွားပြီးတော့ တိုက်ပွဲတွေလည်း မရှိတော့တာ မှန်ပေမယ့် အေအေရဲ့ အုပ်ချုပ်တဲ့ပုံကတော့ ဒေသခံတော်တော်များများက မကြိုက်ဘူး။ သူတို့ကိုပဲ ကြောက်နေရတယ်။ အဲတော့ အိန္ဒိယဘက်၊ မြန်မာပြည်ဘက်၊ မလေးနဲ့ တခြားနိုင်ငံဘက်တွေကို ရွှေ့ပြောင်းကြတာတွေ အများကြီးပဲ။ ဒါကိုပဲ ကြည့်တော့လေ။ တကယ်ဆို သူတို့ကောင်းရင် ဒီလိုဖြစ်စရာအကြောင်း မရှိဘူးလေ။ ဒီပုံအတိုင်းဆို ကိုယ့်အိမ်ယာကိုစွန့်ခွာပြီး ထွက်လာမယ့်သူတွေ ထပ်တိုးလာအုံးမှာပဲ…” ဟု ယနေ့တွင် အိန္ဒိယဘက်ကို နေရပ်စွန့်ခွာ ရောက်ရှိလာသည့် စစ်ဘေးရှောင်တစ်ဦးမှ ပြောသည်။
ပလက်ဝဒေသခံများသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ဘက်သို့ ၂၀၂၁ ခုနှစ်ကတည်းက တစ်စတစ်စနှင့် ပြောင်းရွှေ့ နေထိုင်မှုများ စတင်လာခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် အေအေ၏ အုပ်ချုပ်ရေး ဖော်ဆောင်လာမှု နောက်ပိုင်းတွင် ဒေသခံအများအပြား အလုံးအရင်းနှင့် ပြောင်းရွှေ့မှုများရှိလာပြီး ယခုလက်ရှိ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် နေရပ်စွန့်ခွာပြောင်းရွှေ့လာသည့် အိမ်ထောင်စု ၁၀၀၀ နီးပါးနှင့် လူဦးရေ ၄၅၀၀ ကျော် ရှိလာပြီး နောက်ထပ်လည်း ဆက်လက်၍တိုးလာနိုင်ကြောင်း လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံထံမှ သိရသည်။
သတင်း – James Roe
Photo by Salai Soe Than
ဓါတ်ပုံ – မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာ စစ်ဘေးရှောင် နေအိမ်များပုံကို မြင်တွေ့ရစဉ်