ပလက်ဝနှင့် ဆမီးဒေသတို့တွင် CHO မှ ကျန်းမာရေးဝန်ဆောင်မှုတချို့ရရှိ

ပလက်ဝနှင့် ဆမီးဒေသတို့တွင် CHO မှ ကျန်းမာရေးဝန်ဆောင်မှုတချို့ရရှိ

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၅။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပလက်ဝနှင့် ဆမီးဒေသတို့တွင် Chin Health Organization (CHO) မှ ကျန်းမာရေးဝန်ဆောင်မှုတချိုု့ရရှိကြောင်း ဆမီးမြို့ ဒေသခံ အမျိုးတစ်မီးတစ်ဦးထံမှ ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သိရသည်။

ပလက်ဝမြို့နယ်တွင် Chin Health Organization (CHO) အဖွဲ့နှင့် ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဒေသခံပြည်သူများအတွက် ရွှေ့လျားဆေးခန်းများ ဖွင့်လှစ်ကာ ဆေးကုသပေးခြင်းများ ပြုလုပ်ကြပြီး ငှက်ဖျားရောဂါစစ်ဆေးကရိယာနှင့် ငှက်ဖျားဆေးများ ထောက်ပံ့ပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခြင်း စသည့် ကျန်းမာရေးအထောက်အပံ့တချို့ကို ရရှိပြီး ငါးနှစ်အောက်ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ စာရင်းကိုလည်း CHO မှ ကျန်းမာရေးဝန်ထမ်းများက စာရင်းကောက်ယူထားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်မှ သိရသည်။

“CHO ကနေ အထောက်အပံ့ပေးတာလို့ သိရတယ်။ ဆရာမတွေက ဆေးခန်းဖွင့်ပြီးတော့ ဆေးကုပေးတယ်။ ရိုးရိုးနေမကောင်းဖြစ်တာကအစ တခြားရောဂါပြင်းထန်တာတွေကိုလည်း ကြည့်ရှုကုသပေးတယ်။ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲလည်း လုပ်ပေးတယ်။ ကလေးတွေနဲ့ မိခင်တွေကိုလည်း အဟာရနဲ့ ကာကွယ်ဆေးတွေကိုလည်း တိုက်ကျွေးတာတွေ ထိုးနှံတာတွေကိုလည်း ရှိလာမယ်လို့လည်း သိရတယ်။ ဒီဘက်ကို ကျန်းမာရေးအထောက်အပံ့ မရတာကြာပြီ။ ရှေ့ဆက်ပြီး ကျန်းမာရေးစောင့်ရှောက်တာတွေ၊ အထောက်အပံတွေ အများကြီးလိုအပ်နေသေးတယ်…” ဟု အသက် ၃၉ နှစ်အရွယ် ဆမီးဒေသခံ အမျိုးသမီးတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အထောက်အပံ့များ အာဏာမသိမ်းမီ ကာလကတည်းက လိုအပ်မှုများ၊ အားနည်းမှုများနှင့် လက်လှမ်းမမီနိုင်မှုများစွာရှိသည့် ဒေသဖြစ်ပြီး ဒေသတွင်း တိုက်ပွဲပြင်းထန်လာသည့်နောက်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများပြတ်တောက်သွားရကာ ဒေသခံပြည်သူများအတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ရသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *