အရင်းအမြစ်
မိုးဦးရာသီ၏ ပူအိုက်မှုက ကုလားတန်မြစ်ကြောတစ်လျှောက် ထိတ်လန့်စွာ တိုက်ခတ်လာသော လေ တချို့ကိုပင် ဝါးမြိုလိုက်၏။ ဘေးအိတ်တွင် ထိုးထည့်ထားသောဖုန်းကို တစ်ချက်တို့ကြည့်လိုက်သည်။ ညနေ ၃ နာရီထိုးလုပြီ။
ကုလားတန်မြစ်ကြောတလျှောက် စုန်လှေနှင့်ဆန်လှေများသည် နေရာတွင် စုပြီးတစ်နေကြသည်မှာ တချို့က မနက်ကတည်းကဟု ဆိုကြသည်။ တချို့က လွန်ခဲ့သော ၄ နာရီကဟု ဆိုသည်။ တချို့က လွန်ခဲ့ သော ၂ နာရီက၊ ၁ နာရီက… စသည်ဖြင့် အစုအစုသောသူများသည် တစ်နေရာတွင် စုပြီးတစ်နေကြ သည်မှာ ပွဲရုံသမျှ ပြည့်သိပ်နေကြ၏။
သို့သော် ထိုထိုလူများ၏မျက်နှာသည် အသုဘတက်လာသည့်နှယ် မရွှင်ပျ။ အပူရှိန်လျက်ရှိသော နေရောင်အောက်တွင် တချို့က ကမ်းနားပေါက်ပင်အောက် အရိပ်ခိုလျက်။ တချို့က ကလေးသူငယ်များ။ တချို့က သက်ကြီးရွယ်အိုများ။ တချို့က နာမကျန်းသူများ။ တချို့က တစ်ကိုယ်တည်း တီးတိုးညည်းသံ။ တချို့က တစ်စုံတစ်ယောက်ကို မကျေနပ်သည့် မျက်နှာ။ စသည်စသည်ဖြင့် ဆိတ်ငြိမ်မှုကိုသာ ရွေးချယ် ကြရုံမှအပ အခြားလုပ်နိုင်စရာ မရှိသည့်ဟန်။
“ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ…”
“ဘယ်က ခုတ်တာလဲ…”
“ဘာလုပ်ဖို့လဲ…”
“ဘယ်ကို သယ်သွားကြမှာလဲ…”
“ထောက်ခံချက် စာရွက်စာတမ်းပါလား…”
ဂိတ်ထိုင်တစ်ယောက်၏ မေးမြန်းပုံမှာ ကြိုတင်ဇာတ်တိုက်ထားသည့်အလား အထစ်အငေါ့မရှိ။ ပြီး မြင်မြင်သမျှလူကို တရားခံကဲ့သို့ ပြုမူဆက်ဆံတတ်ရန် ကြိုတင်လေ့ကျင့်ထားသည့် သင်တန်း ကျောင်းဆင်းတစ်ယောက်ဟုပင် ထင်ရသည်။
“မပါဘူး ဆရာ၊ ကျွန်တော်တို့က ပလက်၀ကနေ တက်လာတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနားရွာက ဒေသခံတွေပါ ဆရာ။ အိမ်ဆောက်ဖို့ လိုလို့ပါ ဆရာ”
“ဘယ်လောက်တင်တာလဲ”
“အိမ်တိုင်အတွက် သုံးဖို လေးချောင်းတည်းပါ ဆရာ။ အထက်ပိုင်းရွာကို သယ်ကြဖို့ပါ ဆရာ”
“မရဘူး။ မင်းတို့ သစ်တွေကို ထားခဲ့ရမယ်။ ဒါမှမဟုတ်ရင် ပလက်၀ပြန်ဆင်းပြီး သက်ဆိုင်ရာက ထောက်ခံစာသွားယူပြီး ပြမှရမယ်”
မျက်နှာကြောတင်းတင်းနှင့် ဂိတ်ထိုင်တစ်ယောက်၏ ပြတ်သားလှသောအသံသည် လူတစ်စုကို ပို၍ ဆိတ်ငြိမ်စေသည့်အလား ကုလားတန်မြစ်ကမ်းနံဘေး ကျောက်တုံးများပင် ပို၍ငြိမ်နေသည်ဟု ထင်ရ သည်။
“ဆရာ… ကျွန်တော်တို့မှာ ကလေးတွေနဲ့ မိုးချုပ်ပါတော့မယ်။ ခုချိန်မှာ ပလက်၀ကို ဘယ်လိုမှ ပြန် မဆင်းနိုင်တော့ဘူး။ စက်ဆီကလည်း မလောက်တော့ဘူး။ ၀ယ်ဖို့ ပိုက်ဆံကလည်း မရှိဘူး ဆရာရေ။ လမ်းမှာတည်းဖို့ စားကုန်တချို့လည်း မပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို သနားပါအုံး ဆရာရေ…”
အသက် ငါးဆယ်၀န်းကျင်ခန့်ရှိ လူတစ်ယောက်သည် ကျိုးနွံသောအမူအရာဖြင့် တောင်းပန်ရှာသည်။ အကြင်နာတရားဟူသည် မြူမှုန်တစ်ခြမ်းမျှပင် ရှိဟန်မထင်ရသော ထိုဂိတ်မှူးတစ်ယောက်၏ အသံသည်
“မရဘူး…”
ဆိုသည်မှ လွဲ၍ အခြားထွက်မလာတော့ပေ။
**************
“ည ၈:၀၀ နာရီထိုးတော့မယ်။ ငါ့ကောင်တို့ရယ်၊ ပြန်ကြစို့”
စားပွဲပေါ်ကဖုန်းကို မကြာခဏ တို့ကြည့်လေ့ရှိသော သူငယ်ချင်းတစ်ယောက်က သတိပေးလိုက်ခြင်း ဖြစ်သည်။ ကျွန်တော်တို့ မြေနီကုန်း(နတလ)ဆိပ်တွင် ညနေစောင်းလျှင် “ရေလေးချိုး၊ ဗူးလေးဖောက်” ဆိုသော ကျွန်တော်တို့ တစ်စု၏ “မူ”အရ ထိုင်ကြခြင်း ဖြစ်သည်။
ထိုအချိန် ညအမှောင်ရိပ်မှ တိတ်ဆိတ်သော ကုလားတန်မြစ်ရေပြင်တွင် မည်းမည်းမည်းမည်း လှုပ်လှုပ် လှုပ်လှုပ်နှင့် ဆိပ်ကမ်းဘက်သို့ တရွေ့ရွေ့ချည်းကပ်နေသည်။ ဆယ်မိနစ်ခန့်အကြာတွင် ထိုအရာသည် အမှောင်ရိပ်မှ ကမ်းစပ်မီးရောင်အောက် ထင်းထင်းကြီးပင်ရောက်လာသည်။
သစ်သယ်သော စက်လှေကြီး နှစ်စီးပင်တည်း။
တခဏကြာလျှင် ကုန်းပေါ်ကကားကြီးနှင့်အတူ အလုပ်သမားများ ဓာတ်မီးကိုယ်စီနှင့် ပေါက်ချလာကြ သည်။ စက်လှေပေါ်ပါလာသည့် ကောင်းလှပါပေ့ဆိုသည့် ကုလားတန်ဒေသထွက် အဖိုးတန်သစ်မာများ ကို အလုအယက်သယ်ထုတ်နေကြသည်။
ထိုအလုပ်သမားကို ကျွန်တော်တို့ မသိ။ စက်လှေပေါ်မှ သစ်သယ်သမားများကိုလည်း ကျွန်တော်တို့ မသိ။ သို့သော် ကျွန်တော်တို့ ကောင်းကောင်းသိနေသည်မှာ တစ်ခုမကရှိသည်။
ထိုသူများသည် ပလက်၀ဒေသခံများ မဟုတ်ကြသည်ကို သိသည်။
ထိုသစ်များသည်လည်း ကျွန်တော်တို့ဒေသအတွက် သုံးစွဲရန် မဟုတ်သည်ကို သိသည်။
ပလက်၀ဒေသတွင် လက်နက်ကိုင်စိုးမိုးနေကြသူများသည် မည်သူမည်ဝါဖြစ်ကြောင်းကို သိသည်။
ထိုထိုသော ဖြစ်အင်ပေါင်းများစွာနှင့် ကုလားတန်မြစ်။
မြစ်၏နှလုံးသည်းပွက်မှ အသက်သွေးကြောများသည် ဖြည်းဖြည်းချင်း စုပ်ယူလှိုက်စားခံနေရပြီ။
သို့ရာတွင် မြစ်၏ ရှိုက်သံများကို ဆောင်းဦးလေက ဘင်္ဂလားပင်လယ်အော်မုန်တိုင်းထဲ ရောနှောလျက် ယနေ့တိုင် အစဖျောက်ခံနေရဆဲပင်။
စိုးသစ် (၁၉/၁/၂၀၂၅)