ရန်ကုန်ရောက် ပလက်ဝစစ်ဘေးရှောင် လူငယ်နှစ်ဦး စစ်မှုထမ်းရန်အတွက် ဖမ်းဆီးပို့ဆောင်ခံရ
ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ မှော်ဘီမြို့နယ်တွင် စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် အသက် ၂၇ နှစ် နှင့် ၂၅ နှစ်အရွယ် လူငယ်အမျိုးသားနှစ်ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကာ စစ်မှုထမ်းရန် ပို့ဆောင်ခံရကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ်လူငယ်သည် ရွှေဘိုမြို့သို့ အမျိုးတစ်ယောက်၏ နာရေးသွားရင်း စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကာ တောင်ကြီးမြို့ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခံရပြီး အသက် ၂၅ နှစ်အရွယ်လူငယ်မှာ ပန်းရံအလုပ်လုပ်ပြီး၍ ပြန်လာသည့်လမ်းတွင်ရှိသော မှော်ဘီမြို့အဝင်/ အထွက် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကာ မှော်ဘီ ဗကသ ကျောင်းတွင် ထိန်းသိမ်းခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။
ယခုလက်ရှိတွင် ထိုလူငယ်နှစ်ဦးနှင့် မိသားစုဝင်များသည် အဆက်အသွယ်ဖြတ်တောက်ခံနေရပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်မှုထမ်းရန် ဖမ်းဆီးခြင်းများပြုလုပ်နေသည့်အတွက် မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီး၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံနှင့် ထောက်ကြန့် စသည့်မြို့နယ်အသီးသီးတွင် ရောက်ရှိနေသည့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများသည် များစွာစိုးရိမ်ကြောင်းကြလျက်ရှိသည်ကို သိရသည်။
သတင်း – James Roe