လင်းယုန်ငှက်များ
*****************
စာပေဟောပြောပွဲတစ်ခုတွင် “စာရေးဆရာမဂျူး”ပြောခဲ့သော ပုံဥပမာလေးတစ်ခုမှာ
“စာကလေးငှက်တစ်ကောင်သည် အခြားငှက်များ ပျံသန်းနိုင်စွမ်းမရှိသော တိမ်များအထက် အမြင့်ဆုံးနေရာထိ ရောက်ရှိရန် အလွန်စိတ်အားထက်သန်လျက်ရှိ၏။ သူ့တွင် အခြားငှက်များကဲ့သို့ အမြင့်ဆုံးထိ ပျံနိုင်စွမ်းသော အတောင်ပံမရှိသည်ကိုလည်း သူသိသည်။ ထိုအရာသည် သူ့အတွက် အလွန်အလှမ်းဝေးလွန်းသည့် ခရီးဖြစ်၏။
တစ်နေ့တွင် ငှက်တကာထက် လင်းယုန်ငှက်သည် အမြင့်ဆုံးအရပ်ဆီသို့ ပျံသန်းနိုင်သော ငှက်ဖြစ်ကြောင်းကို သိသည်နှင့် လင်းယုန်ငှက်နောက်လိုက်ရန် ဆုံးဖြတ်ချက်ချခဲ့သည် ဆို၏။ ထို့ကြောင့် ထိုစာကလေးငှက်သည် သန်မာသော လင်းယုန်ငှက်၏ အတောင်အောက်တွင် ခိုလျက် အလိုက်သင့် လိုက်လာခဲ့သည်။
ကောင်းကင်ယံ တိမ်များအထက် အမြင့်ဆုံးနေရာသို့ ရောက်ရှိသည့်အခါ ထိုစာကလေးငှက်သည် လင်းယုန်အတောင်ပံအောက်မှ ဖျက်ခနဲ့ ထွက်လာကာ လင်းယုန်ငှက်၏ အပေါ်ထိပင် တက်ရောက် ရောက်ရှိနိုင်ခဲ့လေသည်”ဟု ဆို၏။
လူတိုင်း၌ အတောင်အောက်တွင် ခိုလျက် လိုက်လာခွင့်ရှိသော လင်းယုန်ငှက်ရှိရန် အလွန်ပင် အရေးကြီးသည်ကို သင်ခန်းစာကောင်းအဖြစ် ယူနိုင်ပါသည်။
ကျွန်ုပ်တို့တွင် အတောင်လေငြိမ်အရပ်မှ အလိုက်သင့်လိုက်လာခွင့်ပြုသော လင်းယုန်ငှက်များစွာ ရှိပါသည်။ ထိုသူများသည် မိဘများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေးမျိုးအသိုင်းအ၀န်းကောင်းများ၊ ဆရာသမားကောင်းများ၊ သူငယ်ချင်းမိတ်ဆွေကောင်းများ၊ ပတ်၀န်းကျင်ကောင်းများ ဖြစ်ကြ၏။ ချစ်သူကောင်းတစ်ယောက်၊ ဘ၀လက်တွဲဖော် ကောင်းတစ်ယောက်သည်လည်း ကျွန်တော်တို့၏ လင်းယုန်ငှက်ဖြစ်နိုင်၏။ တရားသော တိုက်ပွဲတွင် အသက်၊ သွေး၊ ချွေး၊ ဘ၀ စတေးခဲ့သော သူရဲကောင်းများသည်လည်း ကျွန်တော်တို့ မျိုးဆက်သစ်များ၏ လင်းယုန်ငှက်များပင် ဖြစ်၏။ တနည်းအားဖြင့် သူတို့၏ ကိုယ်တတ်နိုင်သည့် စွမ်းအားဖြင့် အခြားသူများကို အမြင့်သို့ တွန်းပို့ပေးတတ်သောသူများကို မွန်မြတ်သော လင်းယုန်ငှက်များဟု ဆိုချင်ပါသည်။
ထိုလင်းယုန်ငှက်များကို ကျွန်တော်တို့ မမေ့အပ်ပေ။
တိုင်းပြည်၊ လူမျိုးများကို မြင့်မားစေတတ်သော စနစ်တစ်ခုသည်လည်း မွန်မြတ်သော လင်းယုန်ငှက်အသွင် ဖြစ်၏။ တနည်းအားဖြင့် လူသားအရင်းအမြစ်ကို နည်းမှန်လမ်းမှန်အသုံးချတတ်သော လူမှု၀န်းကျင်တစ်ခုအား တည်ဆောက်ခြင်းသည်လည်း ထိုလင်းယုန်ငှက်အသွင် ဖြစ်၏။
အနာဂတ်မျိုးဆက်သစ်များသည် အနာဂတ်လူသားမျိုးနွယ်၏ အရင်းအမြစ်ဖြစ်သည်နှင့်အညီ ထိုအရင်းအမြစ်အား နည်းမှန်လမ်းမှန် ပြုစုပျိုးထောင်ရန် အဓိကလိုအပ်သည့်အရာမှာ မှန်ကန်ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် မှန်ကန်ကောင်းမွန်သော ပညာရေးပင် ဖြစ်ကြောင်း ရှေးပညာရှိများ မိန့်ဆိုလေ့ရှိ၏။
ထိုသို့ “မှန်ကန်ကောင်းမွန်သော လူမှုကိုယ်ကျင့်တရားနှင့် ပညာ”ကို အနာဂတ် လူသားအရင်းအမြစ်ဆီသို့ မျိုးစေ့ချနိုင်ဖို့အလို့ငှာ မှန်ကန်ကောင်းမွန်သော လင်းယုန်ငှက်များလိုပေသည်။
ကျွန်တော်တို့၏ မှန်ကန်ကောင်းမွန်သော လင်းယုန်ငှက်များဖြစ်သည့် ဘိုးဘေး၊ ညီနောင်များနည်းတူ ကျွန်တော်တို့သည်လည်း စာကလေးငှက်များ၏ လင်းယုန်ငှက်များ အဆင့်ဆင့်ဖြစ်ရမည် ဖြစ်ကြောင်း…။
စိုးသစ်
(၁ ဖေဖေါ်ဝါရီ ၂၀၂၅)
