ဒေသန္တရ အစိုးရများ အားကောင်းရေးမှသည် ချင်းပြည် (Chinland) အစိုးရ အားကောင်းရေး၊ ချင်းပြည် (Chinland) အစိုးရအားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေး
ဖေဖော်ဝါရီလ ၂ ရက်၊ ၂၀၂၅။
ချင်းပြည် (Chinland) ကောင်စီ ပထမသက်တမ်း၊ စတုတ္ထအကြိမ် ကောင်စီအစည်းအဝေးတွင် ဒေသန္တရ အစိုးရများ အားကောင်းရေးမှသည် ချင်းပြည်(Chinland)အစိုးရအားကောင်းရေး၊ ချင်းပြည် (Chinland) အစိုးရအားကောင်းရေးမှသည် ပြည်ထောင်စုအစိုးရ အားကောင်းရေး မူနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်သွားမည်ဟု ထုတ်ပြန်ကြေညာချက် (၀၄/၂၀၂၅) ဖြင့် ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
အစည်းအဝေးတွင် ချင်းပြည် (Chinland) ၏ မဏ္ဍိုင် ၃ ရပ် လုပ်ငန်းအစီရင်ခံစာအပေါ် ဆွေးနွေကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ ကို ပြင်ဆင်၊ ဖြည့်စွတ်၊ အတည်ပြုခြင်းနှင့် လက်ရှိ နိုင်ငံရေး၊ စစ်ရေး သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ပြီး စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အဆုံးသတ်ရေးနှင့် စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အတွက် ချင်းပြည်အတွင်းရှိ နယ်ပယ်အသီးမှာရှိသည့် ချင်းလူမျိုးများစုစည်း၍ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြောင်း သိရသည်။
ချင်းပြည် (Chinland) ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်ကွပ်ကဲမှုနှင့် ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်အတွင်းရှိ မြို့ ၇ မြို့နှင့် တခြားစခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းပြည် (Chinland)အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ စခန်းများကို အပြီးတိုင်သိမ်းပိုက်ကာ ပြည်ထောင်စုတစ်ဝှမ်းလုံး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။
ချင်းပြည် (Chinland) တည်ဆောက်ရေး၊ ချင်းအမျိုးသားစုစည်းညီညွှတ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ကျင့်သုံးနိုင်ရေးနှင့် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မဏ္ဍိုင် ၃ ရပ် အားကောင်းစွာ လည်ပက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးကြသည့် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူ အရပ်ဖက်အဖွဲ့အစည်းများနှင့် မဟာမိတ်အဖွဲ့အစည်းများ နိုင်ငံတကာ အစိုးရများအား အထူးကျေးဇူးတင်ကြောင်း၊ ပြည်သူ့တော်လှန်ရေးတွင် အသက်ပေးလှူခဲ့ကြသည့် သူရဲကောင်းများကို ဦးညွတ်ဂါရဝပြုပြီး ကိုယ်လက်အင်္ဂါ စွန့်လွတ်ပေးဆပ်သူများကို အထူး လေးစားဂုဏ်ပြုကြောင်း အလေးအနက်ဖော်ပြတားသည်ကို သိရသည်။
ချင်းပြည် (Chinland) ကောင်စီအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ဒေသကိုယ်စားလှယ် ၁၀၃ ဦးနှင့် လေ့လာသူ ၁၅ ဦး တို့ တက်ရောက်ခဲ့ပြီး ဆွေးနွေးချက်များကို ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်း – James Roe
