မင်းတုန်းဒေသအရှိုချင်းအဖွဲ့အစည်း MACO ကို ဖွဲ့စည်း
ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အခြေစိုက် မင်းတုန်းဒေသအရှိုချင်းအဖွဲ့အစည်း MACO ကိုဖွဲ့စည့်းပြီးနောက် NUG အစိုးရနှင့် အခြားမြေပြင်တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ အရှိုချင်းတိုင်းရင်းသားများ နေထိုင်သည့် ဒေသများတွင် အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MACO က ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မင်းတုန်းဒေသအရှိုချင်းအဖွဲ့အစည်း MACO ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ အရှိုချင်းဒေသများမှ လူထုရွေးချယ်တင်မြောက်ထားသော ကျေးရွာ/ဒေသ ခေါင်းဆောင်များဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အရှိုချင်းတိုင်းရင်းသားဒေသအတွင်း လုပ်ဆောင်စရာလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
မင်းတုန်းဒေသအရှိုချင်းအဖွဲ့အစည်း MACO မှ ဆန္ဒသဘောထား ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ အနီးကပ် အနိုင်ကျင့် ဗိုလ်ကျဒုက္ခပေးမှုများမှ တောလှန်ရေးအဖွဲ့အစည်းများက လူထုအတွက် လုံခြုံရေးတာဝန်များထမ်းဆောင်ပေးကြရန်၊ အရှိုချင်းအမျိုးသားရေးနှင့်ပတ်သတ်၍ အရှိုချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒေသခံအရှိုချင်းလူထု၏ဆန္ဒကို ဗဟိုပြုပြီး စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန်၊ မင်းတုန်းမြို့နယ်ရှိ အရှိုချင်းကျေးရွာများတွင်ရှိသည့် တော်လှန်ရေးအဖွဲ့အစည်းများကို အစွမ်းကုန် ဆက်လက်ကူညီဝန်းရံသွားရန်၊ မင်းတုန်းမြို့နယ်လုံးဆိုင်ရာ အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း လူမျိုး၊ ဘာသာ၊ နေရာဒေသ မခွဲခြားပဲ တန်းတူရည်တူ အတူတကွ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သွားမည်ဖြစ်ကြောင်း အချက်ငါးချက်ဖြင့် MACOက ထုတ်ပြန်ထားသည် သိရသည်။
အရှိုချင်းတိုင်းရင်းသားများသည် မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရခိုင်ရိုးမတကြောတွင် အခြားတိုင်းရင်းသားများနှင့် ချစ်ခင်ရင်းနှီးစွာ နေထိုင်လျက် တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူတကွ စစ်အာဏာရှင်တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း – James Roe