ကျွန်းပင်သာနှင့် မင်းသာကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ထပ်မံ၍ မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီလ ၁၁ရက်၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ တမူးအထက်ပိုင်း ကျွန်းပင်သာကျေးရွာနှင့် မင်းသာကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ဒေသခံများ၏နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများမှ သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံပူးပေါင်းတပ်များသည် ကျွန်းပင်သာကျေးရွာနှင့် မင်းသာကျေးရွာ နှစ်ရွာစလုံးကို နေ့လယ် ၁၁ နာရီဝန်းကျင်တွင် စတင်မီးရှို့ကြကာ ညနေ ၄ နာရီခွဲ အချိန်အထိ မီးတောက်လောင်လျက်ရှိကြောင်းနှင့် ကျွန်းပင်သာရွာတွင် အိမ်ခြေ ၅၀ နီးပါးရှိကာ မင်းသာကျေးရွာတွင် အိမ်ခြေ ၁၅ လုံးနီးပါး မီးရှို့ ခံရကြောင်း ဒေသခံများထံမှ သိရသည်။
တမူးမြို့နယ်၊ ကျွန်းပင်သာနှင့် မင်းသာကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ပျူစောထီး၊ SNA၊တပ်ဖွဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-IM) တပ်ဖွဲ့၊ ကသည်းတပ်ဖွဲ့ (PLA) ပူးပေါင်းတပ်များ အခြေချတပ်စွဲထားပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့နှင့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင်လည်း ကျွန်းပင်သာနှင့် မင်းသာကျေးရွာရှိ ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ထပ်မံ၍ ယခုတစ်ကြိမ်မီးရှို့ဖျက်ဆီးမှုများကြောင့် ကျွန်းပင်သာကျေးရွာတွင် အိမ်ခြေ ၅၀ကျော်နှင့် မင်းသာကျေးရွာတွင် အိမ်ခြေ ၂၀ခန့် မီးရှို့ဖျက်ဆီးခံရမှု ရှိနေပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။
ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် အပေါင်းအပါပူးပေါင်းတပ်များသည် တမူးအထက်ပိုင်း မင်းသာကျေးရွာနှင့် ကျွန်းပင်သာကျေးရွာတို့တွင် ဇန်နဝါရီလ ၂၇ရက်နေ့မှ စတင်၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး တမူးအောက်ပိုင်းတွင်လည်း ယနေ့အထိ နှစ်ဖက်ကြားတိုက်ပွဲများ ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။
သတင်း – James Roe