၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့မှ ကြေညာချက်ထုတ်ပြန်

၇၈ နှစ်မြောက် ပြည်ထောင်စုနေ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့မှ ကြေညာချက်ထုတ်ပြန်

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၅။

ဖက်ဒရယ် အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း CNF အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ၉ ဖွဲ့က ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကျရောက်သည့် ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖယ်ဒရယ်ကောင်စီများ၏ သဘောထားကို ထုတ်ပြန်ကြေညာထားသည်ကို သိရသည်။

ယခုရေးဆွဲသည့် အခြေခံဥပဒေကို အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်း(Government Document) အဖြစ် ကျင့်သုံးသွားရန် ဖယ်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ Articles of Federal Transitional Arrangement (AFTA) အားစတင်ရေးဆွဲပြင်ဆင်နေပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ရေးအရ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး နိုင်ငံရေးအရ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက် တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်နယ်အားကောင်းမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism Approach) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ ကြားကာလမှ စတင်ကာ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို လိုလားသော အဖွဲ့အစည်းများအားလုံးနှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားကာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ(အာဏာရှင့်ဆန့်ကျင်ရေး) NMSP-AD၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ KSCC၊ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ PNFC၊ မွန်ပြည်နယ်ဖယ်ဒရယ်ကောင်စီ MSFC၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ TPCC၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB စသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်ကို သိရသည်။

သတင်း – James Roe

Leave a Reply

Your email address will not be published. Required fields are marked *