ငဖဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အရှိုချင်းလူမျိုး ၁၆ ဦးခန့်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီး
ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ဘုရားတောင် စခန်းကုန်းအနီး ဂုတ်ဝနှင့် ရေနွယ်ကျေးရွာမှ ဒေသခံ အရှိုချင်းလူမျိုး ၁၆ ဦးခန့်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် CDF – Asho တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်ကို သိရသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီစခန်းကုန်းကို CDF – Asho တပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေ့လည်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သည် ပဒါန်းမြို့အနီး စစ်စခန်းဘက်သို့ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သည့် အဆောင်များကို CDF – Asho တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားပြီးနောက် တစ်ရက်ခန့်အကြာတွင် ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝနှင့် ရေနွယ်ကျေးရွာတို့တွင် နေထိုင်သည့် ဒေသခံ အရှိုချင်းလူမျိုး ၁၆ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
သတင်း – James Roe