CDF – Mindat မှ တပ်စုမှူးတစ်ဦး ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံး
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၅။
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် CDF – Mindat တပ်ရင်း (၆) မှ တပ်စုမှူး ဒိုင်ရ်(ချင်း) လူမျိုးတစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ ၂၆၈ တပ်ရင်းကို ချင်းပြည်ကာကွယ်ရေးတပ်မှ ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်စဥ် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက် မနက် ၈ နာရီအချိန်ဝန်းကျင်တွင် CDF – Mindat တပ်ရင်း (၆) မှ တပ်စုမှူး ဒိုင်ရ်(ချင်း) လူမျိုးတစ်ဦး စနိုက်ဘာထိ၍ ကျဆုံးခဲ့ပြီး ဒိုင်လူမျိုး တပ်ဖွဲ့ဝင်တစ်ဦးလည်း ဒဏ်ရာရှိကြောင်း သိရသည်။
ကျဆုံးသွားသည့် တပ်စုမှူးသည် အသက် ၂၀ နှစ်အရွယ် ဆလိုင်းလိန်ထန်းကီးဖြစ်ပြီး သူ၏ ရုပ်ကလပ်အား မင်းတပ်မြို့နယ်သို့ ပြန်လည်သယ်ယူရန် အခက်အခဲရှိသောကြောင့် ဖလမ်းမြို့နယ် တစ်နေရာတွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲဲဲဲကို ချင်းညီနောင်စစ်ဆင်ရေးဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ယနေ့အထိ ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေကာ ဒေသခံပြည်သူများသည်လည်း ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း – James Roe