အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ မရာပြည်သူတိုင်း စစ်မှုထမ်းရန်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးပြုလုပ်ကျင်းပ
ဇွန်လ ၆ ရက်၊ ၂၀၂၅။
ချင်းပြည်၊ မရာနယ်မြေဒေသတွင် မရာပြည်သူတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းရန် ညွှန်ကြားချက် သက်ရောက်မှုသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ကတည်းကစတင်၍ အသက်ဝင်နေပြီဖြစ်ကြောင်းနှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးပြုလုပ်ကျင်းပခဲ့ကြောင်း Maraland Territorial Council – MTC က ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၏ မေလ ၃၀ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် တတိယအကြိမ် မရာပြည်သူ့ ညီလာခံ သက်တမ်း၊ ပထမအကြိမ် ပုံမှန်ဗဟို ကောင်စီအစည်းအဝေးမှ ဆုံးဖြတ်အတည်ပြုခဲ့ရာတွင် ချွင်းချက်အနေဖြင့် ကျန်းမာရေးမကောင်းသူ၊ ဘာသာရေးအရ စစ်မှုထမ်းရန် မသင့်တော်သူများမှလွဲ၍ မရာပြည်သူ အမျိုးသား၊ အမျိုးသမီး အသက် ၄၅ နှစ်အောက် အားလုံး စစ်မှုထမ်းရမည်ဖြစ်ပြီး မိမိကျေးရွာ၊ တိုက်နယ်၊ နယ်မြေလုံခြုံးရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေး အပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့်သက်ဆိုင်သည့် အဆိုပေါင်း ၂၀ ကိုလည်း ဆွေးနွေဆုံးဖြတ်နိုင်ခဲ့ပြီး ဗဟိုကောင်စီဝင်များ ကျမ်းသစ္စာ ကျိန်ဆိုခြင်းနှင့် စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ တွဲဖက်တရားသူကြီး ခန့်အပ်ခြင်း၊ ဘဏ္ဍာရေးအက်ဥပဒေနှင့် အခွန်အက်ဥပဒေများကို ဆွေးနွေးအတည်ပြု နိုင်ခဲ့ပြီး လိုင်လင်းပီမြို့ အုပ်ချုပ်ရေး အက်ဥပဒေကို ဆက်လက်ဆောင်ရွက်နိုင်ရန် အလုပ်အမှုဆောင် စီမံအုပ်ချုပ်ကော်မတီထံ အာဏာလွှဲအပ်ခြင်း၊ အထွေထွေအတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာန အမှုဆောင် အတွင်းရေးမှူးများမှ အစီရင်ခံစာများ တင်သွင်းခဲ့ပြီး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်တွင်း/ပြည်ပမှ ဗဟိုကောင်စီဝင်များ၊ CDM အစုအဖွဲ့များ၊ အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များ၊ ဗဟိုတရားသူကြီး အဖွဲ့ဝင်များ၊ ကာကွယ်ရေးတပ်ဖွဲ့မှ ကိုယ်စားလှယ် ဗဟိုကောင်စီဝင်များ၊ လူမှုအသင်းအဖွဲ့နှင့် လေ့လာစောင့်ကြည့်သူများအပါအဝင် စုစုပေါင်း ၆၅ ဦး တက်ရောက်ဆွေးနွေး အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း – James Roe
