၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်။
သူပုန်အကျဉ်းသား ၂၇ ရက်မြောက်နေ့၊ ဒီနေ့မနက်ကတော့ မနက်အစောကြီးပဲ ကုလားတန်မြစ်အောက်ဘက်က အမြောက်ပစ်သံတွေနဲ့ နိုးလာပါတယ်။ ဘယ်နေရာမှာတိုက်ပွဲဖြစ်နေတယ်ဆိုတာကိုတော့ အတိအကျမသိရ။ အမြောက်သံက မြေကြီးတောင်တုန်ခါသွားပါတယ်။
တီးမိခေါက်မိဗဟုသုတအရ ပြောရမယ်ဆိုရင် အစိုးရတပ်တွေမှာ လက်နက်ကြီးတွေ ပစ်ခတ်ဖို့အမိန့်ပေးပိုင်ခွင့်က သူ့အဆင့်နဲ့သူ ရှိပါသတဲ့။ ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းက တစ်ခါတစ်ခါပစ်တတ်တဲ့ လက်နက်ကြီးသံတွေ ဆို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်က အမိန့်ပေးရပါသတဲ့။ ပစ်တဲ့အသံရော ကျရောက်ပေါက်ကွဲတဲ့ အသံတွေရော မြေကြီးတောင် သိမ့်ကနဲသိမ့်ကနဲ ဖြစ်သွားတတ်ပါတယ်။
အခုဒီမနက်ကြားရတဲ့ အသံလည်း ဒီအတိုင်းပါပဲ။ တိုက်ပွဲပြင်းထန်နေပြီဆိုတာ သူတို့မပြောလည်း အတွေ့အကြုံအရ အလိုလိုသိနေပါတယ်။
နေ့လည် ၂ နာရီလောက်မှာတော့ ကျောက်တော်ဘက်ကနေ ပလက်ဝဘက် ကုလားတန်မြစ်ကြောင်းတစ်ကြော တိုက်လေယာဉ်တစ်စင်း ပျံဝဲနေတာမြင်ရပါတယ်။ အသံအကျယ်ကြီးနဲ့ ခဏလေးပဲမြင်ရပြီး ဝေါကနဲပျံထွက် သွားလိုက်တာ အတော်မြန်ပါတယ်။ သေချာပါပြီ။ တိုက်ပွဲအတော်ပြင်းထန်နေပါပြီ။
ဒီလိုပဲ တိုက်ပွဲတွေပြင်းထန်နေပြီဆိုရင် ကျွန်တော်တို့အကျဉ်းသားတွေလည်း အနေအစားပျက်ရပါတယ်။ အခု လည်း ဘယ်လိုတွေလာအုံးမလဲဆိုပြီး ရင်တမမနဲ့ စောင့်နေရပါတယ်။ ည ၈ နာရီလောက်မှာတော့ ပလက်ဝက ဆင်းလာတဲ့ ချပ်ပြားသင်္ဘောကို မီးဝရွာနားမှာ အေအေက စ,ပြီးပစ်တယ်ဆိုတဲ့သတင်း ကြားရပါတယ်။ ကျွန်တော်တို့နဲ့တော့ နည်းနည်းလှမ်းပါတယ်။ သေနတ်သံကိုလည်း ခပ်ဝေးဝေးကပဲကြားရတာပါ။
စိတ်အေးရမလိုပဲရှိသေး။ ည ၁၀ နာရီလောက်မှာ သေနတ်သံဆူဆူညံညံနဲ့ အနီးကပ်ထပ်ကြားရပြန်ပါတယ်။ အေအေရဲဘော်တွေကတော့ တင်းမရွာနားမှာ ချပ်ပြားသင်္ဘော လုံခြုံရေးတာဝန်ယူစောင့်ကြပ်လာတဲ့ စစ်ရေယာဉ် တွေနဲ့ အပြန်အလှန် ပစ်နေကြတာလို့ ပြောပါတယ်။ တိုက်ပွဲက ကျွန်တော်တို့နဲ့ တဖြည်းဖြည်းနီးလာနေပါပြီ။
အေးပေါ့။ တော်လှန်ရေးဆိုတာလည်း အဓိကစိုးမိုးနယ်မြေရှိရမယ် မဟုတ်လား။ စိုးမိုးနယ်မြေဖြစ်ကြောင်းပြသဖို့လည်း ဝင်လာသမျှရန်သူတွေကို ဖုန်းဒိုင်းဝင်ကျဲနိုင်ဖို့ လိုတယ်လေ။ မှန်၏မမှန်၏ကိုတော့ ထိခိုက်ဆုံးရှုံးမှုနဲ့ အသာစီးရမှုအပေါ်အခြေခံပြီး နှစ်ဘက်အထက်လူကြီးတွေက ဆုံးဖြတ်မှာဖြစ်သလို ကောင်းမကောင်းကိုတော့ ဒေသခံတွေ ခံစားရတာမျိုးပါပဲ။
ဒီနေ့အဖို့တော့ အများကြီးတွေးမနေတော့ဘဲ အိပ်ပျော်အောင်အိပ်တဲ့နည်းနဲ့ ဒီဆောင်းညကို ဖြတ်သန်းလိုက်ပါ တယ်။
***
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်။
ဒီဆောင်းမနက်ခင်းကိုလည်း သေနတ်သံတွေနဲ့ပဲ ကျွန်တော်နိုးလာခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။
မနက် ၉ နာရီလောက်ကတည်းက ကြားရတဲ့သေနတ်သံဟာ နေ့လည် ၁၂နာရီ ကျော်မှ အသံတွေစဲသွားပါတယ်။ သတင်းအရတော့ တင်းမရွာဘက် တိုက်ပွဲဖြစ်တာပါတဲ့။
ဒီနေ့ဆို ဘာလိုလိုနဲ့ နိုဝင်ဘာလကုန်သွားပါပြီ။ ဘာလိုလိုနဲ့ ကျွန်တော်လည်း အေအေလက်ထဲရောက်နေတာ ရက်ပေါင်း ၂၈ ရက်ရှိသွားပါပြီ။ မနက်ဖြန်ဆို ဒီဇင်ဘာလ။ ဘာလိုလိုနဲ့ ခရစ်စမတ်ရာသီရောက်နေပြီပေါ့။ ဟုတ်ပါရဲ့။ ဒီဇင်ဘာ ၁ ရက်နေ့က ခူမီးနှစ်သစ်ကူးပွဲတော်နေ့ပဲ။
ခါတိုင်းဆိုရင် ဒီအချိန် ကျွန်တော်နေပြည်တော်မှာ ရှိနေမလား။ ဒါမှမဟုတ် ပလက်ဝမှာ ရှိနေမလား။ ကျွန်တော့်မှာ လွှတ်တော်ပြက္ခဒိန်တောင် အမှတ်မရတော့ပြီ။ သူပုန်အကျဉ်းသားပြက္ခဒိန်ကိုပဲ တစ်ရက်ပြီးတစ်ရက် ရေတွက် ရင်း အချိန်ကုန်နေရတာမျိုးဆိုတော့။ ကိုယ့်ကိုယ်ကိုယ်တွေးမိရင်း စိတ်ညစ်သွားပါတယ်။
စိတ်ညစ်စရာက အဲဒါနဲ့မပြီးပါ။ အဲဒီနေ့ည အိပ်ချိန်အရောက်မှာ ဘယ်ဘက်ခြေထောက်တစ်ဖက် ထိပ်တုံးထဲပြန်ထည့်ပါတယ်။ ကျွန်တော်အတော့်ကို စိတ်ညစ်သွားပါတယ်။
“တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေလို့ စိတ်မချရတဲ့အတွက် လုံခြုံရေးအရ…” လို့ ဒုဗိုလ်ဝေလ ကပြောပါတယ်။
ကျွန်တော်ဘာမှ စောဒကမတက်ပါ။ ဝင်လည်းမပြောပါ။ ပြောရအောင်လည်း နားမလည်ပါ။ အေအေနဲ့ အစိုးရတပ် နှစ်ဘက်တိုက်ပွဲပြင်းထန်တဲ့ကိစ္စက အကျဉ်းသားတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ကို ထိပ်တုံးခတ်ခြင်း မခတ်ခြင်းနဲ့ တိုက်ရိုက်အချိုးကျနေတယ်ဆိုမှတော့ ဒီကိစ္စနားမလည်တာပဲကောင်းလိမ့်မယ်။ အဲဒီလို ခပ်မဆိတ်နေမှလည်း ကိုယ့်အတွက် အန္တရာယ်ကင်းလိမ့်မယ်လို့ပဲ ယူဆလိုက်ပါတယ်။
ညက ခါတိုင်းထက် ပိုတိတ်ဆိတ်နေသလို ထင်ရပါတယ်။ ပုရစ်အော်သံတွေကလွဲလို့ အားလုံးတိတ်တဆိတ်။ တစ်ခါတစ်ခါ အခြားတောင်ကုန်းတစ်ခုဆီက ချေဟောက်သံကို ခပ်ဝေးဝေးကကြားရပါတယ်။ အပြင်ဘက်မှာ လသာနေရဲ့လား။ ညကောင်းကင်က ကြယ်ကလေးတွေနဲ့ ကြည်ကြည်လင်လင်ရှိရဲ့လား။ သတိမထားမိ။
ထားပါလေ…။ ကျွန်တော်ကသာ ကိုယ့်ဒုက္ခနဲ့ကိုယ် အတွေးတွေများနေမိတာ။ ပြင်ပလောကကတော့ သူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပါပဲ။ ကျွန်တော့်အတွက် ထူးပြီးဝမ်းနည်းနေပေးမှာ မဟုတ်သလို ထူးပြီးဝမ်းသာနေပေးမှာလည်းမဟုတ်။
သံခြေချင်းခတ်ခံရတဲ့ ဘယ်ဘက်ခြေဖဝါးကို ဂျင်းဘောင်ဘီအဟောင်းစွပ်ပြီး အိပ်ဖို့ပြင်ပါတယ်။ ဒီညဟာလည်း အအေးဒဏ်ကို ဖြည်းဖြည်းချင်းမြည်းစမ်းရင်း ဖြတ်သန်းရမယ့်ညတစ်ညပါပဲ။ တော်တော်နဲ့ အိပ်မပျော်ပါ။ မနက် နှစ်နာရီလောက်ထိ မျက်လုံးကြောင်နေခဲ့ပါတယ်။
သူပုန်အကျဉ်းသားရဲ့ နိစ္စဓူဝဖြတ်သန်းမှုက စိတ်မောလူပန်း ဖြစ်ရတာချည်းပါပဲ။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်။
ဒီနေ့က ဆွိဒီဇင်ဘာဖြစ်သလို ခူမီးနှစ်သစ်ကူးပွဲတော်ကျင်းပတဲ့နေ့လည်း ဖြစ်ပါတယ်။
ဒီနေ့တော့ ထူးထူးခြားခြားပါပဲ။ ဆူဆူညံညံအသံတွေ မကြားရတဲ့ တိတ်ဆိတ်ကြည်လင်တဲ့ ပီဘိဆောင်းမနက်ခင်းတစ်ခုကို မထင်မှတ်ပဲ ကောက်တွေ့ရသလိုပါ။
ဆောင်းမနက်ခင်းက ပုန်မှန်လိုပါပဲ။ ဆောင်းလေအေးလည်း တိုက်မြဲ။ မြူတွေလည်း ဆိုင်းမြဲ။ သစ်ပင်ဝါးပင်တွေကလည်း နှင်းမိုးတွေနဲ့စိုရွှဲမြဲ။ ကျွန်တော်တို့သတ်မှတ်ထားတဲ့ နှစ်သစ်တွေ၊ နေ့ရက်အသစ်တွေဆိုတာ တကယ်တမ်းကျရင် အလီလီလည်ပတ်နေတဲ့ စက်ဝန်းကြီးတစ်ခုပါပဲ။
အေအေလက်ထဲရောက်နေတဲ့ ၂၉ ရက်မြောက်နေ့မှာ “တကယ်လို့ ကျွန်တော် ဒီကိုမရောက်ခဲ့ဘူးဆိုရင်..”ဆိုတဲ့ အတွေးစကို တွေးမိနေတယ်။
ဟုတ်ပါတယ်။ တကယ်လို့ ကျွန်တော်ဒီကိုရောက်မလာခဲ့ပဲ ပလက်ဝမှာ ရှိနေခဲ့ရင် ဒီနေ့ညနေပိုင်းမှာ ခူမီးနှစ်သစ်ကူးညစာစားပွဲ ဖိတ်ကြားခံရမယ်။ အသက်နည်းနည်းငယ်နေသေးပေမယ့် လူကြီးတစ်ယောက်ပုံဖမ်း သပ်သပ်ရပ်ရပ်ဝတ်ဆင်ပြီး ညစာစားပွဲတက် ဖြစ်လိမ့်မယ်။
အရင်က လူငယ်တစ်ဦးအနေနဲ့ နှစ်သစ်ကူးပွဲကို အတူတူအင်တိုက်အားတိုက် လုပ်အားပေးကြတဲ့ သူငယ်ချင်း အချို့ကတော့ ကျွန်တော့်ထက်လွတ်လပ်ပေါ့ပါးစွာပဲ ခေါင်ရည်မူးကောင်း မူးနေကြပါလိမ့်မယ်။ ပြီးတော့ လင်းကွင်းသံ မောင်းသံ တခြိမ့်ခြိမ့်ကြား ကျွန်တော်ကတော့ အိန္ဒြေကြီးတစ်ခွဲသားနဲ့ အိမ်ပြန်လာပါလိမ့်မယ်။
မပြန်လို့လည်းမဖြစ်။ အမျိုးသမီးနဲ့ သမီးလေးနှစ်ဦးပါလာတာရယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဆိုတာရယ်က ကျွန်တော့်လူငယ်ဘဝကို အပြီးတိုင်ရုပ်သိမ်းခဲ့ပြီးပြီ မဟုတ်လား။ ဒါကို နောက်နေ့မနက်မှာ သူငယ်ချင်းတွေက ကျွန်တော့်အပေါ် ဆူလိုက်ငေါက်လိုက်နဲ့ စိတ်ဆိုးပြတော့ ကျွန်တော်က သူတို့ကို အရက်တိုက်ပေါ့။ ပြီးတော့ ရှေးဟောင်းနှောင်းဖြစ် အမှတ်တရတွေပြောရင်း ဆိုပါတော့။
ကျွန်တော်တို့ရဲ့ အမှတ်တရတွေဆိုတာလည်း သူငယ်ချင်းတွေကြား တလွဲတချော်ဖြစ်ပျက်ခဲ့တာတွေ၊ တစ်ယာက်နဲ့တစ်ယောက် နားလည်မှုလွဲပြီး စိတ်ဆိုးခဲ့ရတာတွေပါပဲ။
တကယ်လို့ လွှတ်တော်ကာလ နေပြည်တော်မှာဆိုရင်တော့ ရန်ကုန်ခူမီးလူငယ်အသင်းက သူတို့လုပ်မယ့် နှစ်သစ်ကူးပွဲတော်ကို တက်ရောက်ချီးမြှင့်ပေးဖို့ ဖိတ်ကြားလွှာ(ဖိတ်စာ)ကို ဖတ်ကောင်းဖတ်နေလိမ့်မယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃ ဦး ရှိတဲ့အထဲ ဘယ်သူဖြင့် သွားပေးပါဆိုပြီး အစည်းအဝေးလိုလို အလွတ်သဘော ဆွေးနွေးဆုံးဖြတ်ဖို့ အခုလိုညခင်းဘက်တစ်ခုမှာ ကျွန်တော်တို့တွေ ဆွေးနွေးကောင်းဆွေးနွေးနေလိမ့်မယ်။
ရန်ကုန်မှာတော့ ခူမီးနှစ်သစ်ကူးပွဲကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပတာမျိုးမဟုတ်။ ဒီဇင်ဘာလရဲ့ ပထမဆုံး စနေနေ့မှာ ကျင်းပတာဖြစ်လို့ပါ။ ပွဲတော်ဆိုတော့လည်း အများပြည်သူအားလပ်ရက်မှာလုပ်မှ လူစုံ တက်စုံ ပါဝင်နိုင်မှာမဟုတ်လား။
အတွေးကအတွေး၊ လက်တွေ့ကလက်တွေ့ပါပဲ။ လူသားတစ်ယောက်အနေနဲ့ အရေးပါအရာရောက်မှုကို လိုချင်တပ်မက်ရိုး အမှန်ပါ။ ရိုးသားစွာဝန်ခံပါတယ်။ ဒါပေမယ့် အဲဒီအရေးပါအရာရောက်မှုအပေါ် တလွဲမာနထားပြီး ကိုယ်ကျိုးအဖြစ် အသုံးချဖို့ ကျွန်တော် စိုးစဉ်းမျှမတွေးမိ။ ကိုယ့်လူမျိုးကိုယ့်ဒေသအတွက် တတ်နိုင်သလောက် ခေတ်ဝန်ကိုထမ်းမယ်ဆိုတဲ့စိတ်ပဲ ရှိခဲ့တာပါ။
ဒါပေမယ့် အခုတော့ ကျွန်တော်ရဲ့ အကောင်းဆုံးအချိန်တွေကို အလဟဿ လွှင့်ပစ်သလို ဖြစ်ခဲ့ရပြီ။ တစ်ပါးအမျိုးရဲ့ အချုပ်အနှောင်ထဲမှာ၊ ဘဝရဲ့ ခါးသီးမှုအစိတ်အပိုင်းထဲမှာ။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။
ဒီနေ့က တစ်နေ့လုံး ရာသီဥတုသာသာယာယာရှိပေမဲ့ ညဆယ်နာရီလောက်မှာ ထူးထူးဆန်းဆန်း မိုးသက်လေပြင်းကျပါတယ်။ အချိန်အခါမဟုတ် မိုးရွာတယ်ဆိုတာ ရာသီသဘာဝအရ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမဲ့ ကျွန်တော့်ရင်ထဲ တစ်မျိုးတစ်မည် ခံစားရပါတယ်။ ဒါကလည်း လူကြီးသူမတွေပြောဖူးတဲ့ စကားတွေကို အမှတ်ရနေခဲ့တာပါ။
“မြေကြီးက လူသားတွေရဲ့ “သွေး”ကိုလက်မခံဘူး၊ ဒီတော့ မြေကြီးပေါ် သွေးစွန်းရင် မိုးရွာတတ်တယ်၊ သွေးဆေး မိုးပေါ့…” ဆိုတဲ့ စကားပါ။
ပင်လယ်က အပုပ်ကောင်တွေကို လက်မခံဘူး။ ကမ်းခြေဆီပြန်ပြန်ပို့တတ်တယ်။ ဒီလိုပဲ၊ မြေကမ္ဘာလည်း လူသားတွေရဲ့သွေးကို လက်မခံဘူး။ မိုးရေနဲ့ဆေးကြောပစ်တတ်တယ်။ ဟုတ်မှာပါ။ ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတာဆိုတော့ အသေအပျောက်များမှာ အသေအချာပါပဲ။ ကိုယ်နဲ့နီးကပ်နေတဲ့ နေရာမှာတောင် ဒီလောက်တဂျိမ်းဂျိန်းချနေတာ။
ကြာကြာမနေပါဘူး၊ သွေးဆေးမိုးက ကျွန်တော်နေနေတဲ့နေရာဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။ မိုးသက်လေပြင်းအဖြစ် ရောက်လာတဲ့ သွေးဆေးမိုးကို တဲခေါင်မိုး တာပေါ်လင်စက ကြာကြာတောင့်မခံနိုင်တော့ ကျွန်တော်တို့ အကုန်လုံးရွှဲရွှဲစိုနေကြရပါတယ်။ ဘယ်သူ့မှ မအိပ်ကြရ။ မိုးခိုစရာ အခြားတစ်နေရာလည်း ရှိသည်မဟုတ်။
သန်းခေါင်လောက်ရောက်မှ မိုးတိတ်တယ်။ အိပ်ယာခင်းက စိုစိနေပေမယ့် အိပ်ချင်စိတ်က တားမရတော့။ ခဏလေးမှာပဲ အိပ်ပျော်သွားပါတယ်။
စိတ်ထဲက သတိရနေတာမျိုးလား၊ ဆောင်းအိပ်မက်လေလား၊ မဝေခွဲတတ်။ အိပ်မက်ထဲ ဇနီးသည်နဲ့ဆုံတယ်။ ဒါပေမယ့် သူနဲ့ကျွန်တော့်ကြား ခပ်တန်းတန်းဖြစ်နေတယ်။ နှစ်ယောက်သား စကားလည်းမပြောဖြစ်။ နောက်ထူးဆန်းတာက သားလေးတစ်ယောက်ရှိနေတာ(အပြင်မှာ တကယ်မရှိ)။ အဲဒါကို ကျွန်တော်ကလည်း ရေးကြီးခွင့်ကျယ်မလုပ်။
မနက်နိုးမှ အိပ်မက်မက်နေတာပါလားလို့ ကိုယ့်ကိုကိုယ်ပြန်သတိရပါတယ်။ ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းလို့ သွေးလေခြောက်ခြားလို့ မက်တာနေမှာပဲလို့ ဥပေက္ခာပြုလိုက်ပါတယ်။
ဒါက အေအေလက်ထဲ ရက်ပေါင်း ၃၀ အတွေ့အကြုံပေါ့။
***
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်။
ဒီနေ့က တစ်နေ့လုံးလိုလို မနေ့က အိပ်မက်အကြောင်းတွေပဲ ပြန်တွေးမိပါတယ်။ ကျွန်တော် ဒီရောက်နေတာ ၃၁ ရက်ရှိနေပြီ ဆိုတာတောင် မေ့တေ့တေ့ရယ်။ တကယ်တော့ ကိုယ်တိုင်ကလည်း သားယောင်္ကျားလေး လိုချင်နေတာကိုး။
ချင်းလူမျိုးဆိုတာလည်း ခတ်သားကလား။ ဓလေ့အတိုင်းဆိုရင် သမီးမိန်းကလေးတွေ ဘယ်လောက်ရှိရှိ သားယောင်္ကျားနဲ့ ယှဉ်လို့မရ။ ဆိုလိုတာက သမီးကိုဆိုရင် ပစ္စည်းဥစ္စာအမွေတွေပေးလို့ရပါရဲ့၊ ဒါပေမယ့် အဲဒီပေးလို့ ရတဲ့အထဲ မရွှေ့မပြောင်းနိုင်တဲ့ ဥစ္စာမပါဘူး။ ရွှေငွေ၊ လက်ဝတ်ရတနာ အကုန်ရတယ်။ အိမ်၊ မြေ၊ ယာ မရဘူးပေါ့။ အဲဒီလိုပဲ မိဘရဲ့ကြွေးမြီတွေကိုလည်း အိမ်ထောင်ပြုသွားတဲ့ သမီးတွေကို ဆပ်ခိုင်းလို့မရဘူးပေါ့။
အဲဒီထဲ အဆိုးဆုံးက မျိုးရိုးနာမည်ဆက်ခံခွင့် ပေးလို့မရတာပါ။ ဥပမာ- ကျွန်တော်က “ပါခိုင်”မျိုးရိုး။ ကျွန်တော့် သမီး တွေက “ပါခိုင်”မျိုးရိုးတော့ ဟုတ်ပါရဲ့။ ဒါပေမယ့် “ပါခိုင်”မျိုးဆက်ကို မွေးပေးလို့မရဘူး။ မရဘူးဆို သူတို့က တစ်ပါးမျိုးရိုးနဲ့ အိမ်ထောင်ပြုရတာဆိုတော့ တစ်ပါးမျိုးရိုးရဲ့ မျိုးဆက်တွေကိုပဲ မွေးပေးနိုင်တာမို့လို့ပါ။ သားယောင်္ကျားကမှ မွေးပေးလို့ရတယ်။ ဒီတော့ ကျွန်တော်တို့မှာ သမီးမိန်းကလေးဘယ်လောက် မွေးထားမွေးထား သားယောင်္ကျားတစ်ယောက်မှ မရှိရင် မျိုးရိုးအနွယ်ပြတ်တယ်ပေါ့။ ဒီလိုတွေပါ။
ရခိုင်တွေက ရခိုင်မျိုးနွယ်စုဆိုပြီး “မြို”၊ “ခမီး”…တွေကိုလျှောက်ထည့်တယ်။ တကယ်တမ်း ဓလေ့ထုံးတမ်းက တူသလား မေးချင်ရဲ့။ “ခူမီး”က “ခမီး”နဲ့ လူမျိုးတူတယ်၊ ဓလေ့ထုံးတမ်းလည်း အကုန်တူတယ်၊ ဘာသာစကား ကိုးဆယ်ရာခိုင်နှုန်းလောက်တူတယ်။ ဆိုတော့ ခူမီးတွေကိုလည်း ရခိုင်မျိုးနွယ်စုလိုလို လုပ်ချင်တယ်။ ပြောလိုက်ရင် “ညီအစ်ကိုတွေ…”၊ “ညီအစ်ကိုတွေ…” နဲ့ ပါးစပ်က မချဘူး။
ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကသာ ပြောင်းချင်ပြောင်းလို့ရမယ် လူမျိုး၊ မျိုးနွယ်ဆိုတာက ပြောင်းချင်သလိုပြောင်း လုပ်ချင်သလိုလုပ်လို့မှ မရတာပဲ။ ကျွန်တော်က ချင်းလူမျိုးထဲက ခူမီးလူမျိုးစုဖြစ်တယ်။ အဲဒီ ခူမီးလူမျိုးစုထဲမှာမှ “ပါခိုင်”မျိုးရိုးဖြစ်တယ်ဆိုတာ ဘယ်လိုမှပြောင်းလဲလို့မရ။
ထားပါ။ ဒီနေ့တော့ မီးဝဗျူဟာကုန်းတိုက်ပွဲနယ်မြေက အေအေတပ်ဖွဲ့ဝင်တွေ အပြောင်းအလဲလုပ်နေတာ တွေ့ရတယ်။ ကျွန်တော့်ရှေ့မှာတင် တရုန်းရုန်းနဲ့ မြင်နေရတယ်။ ပြန်လာတဲ့သူတွေက အချို့အရက်နည်းနည်းမူးနေကြတာလည်း တွေ့ရတယ်။
ကျွန်တော်နဲ့အတူ အချုပ်ခံရတဲ့ အေအေတပ်သားတွေကို လာနှုတ်ဆက်သူတွေ၊ ဆေးလိပ်လာပေးသူတွေ အများကြီးပါပဲ။ တစ်ချို့ကတော့ ကျွတ်ကျွတ်အိတ်နဲ့ထည့်လာတဲ့ထမင်းကို အခုမှဖြည်စားနေတာတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် သူတို့မျက်နှာတွေက တက်ကြွလန်းဆန်းတယ်။ ပင်ပန်းနွယ်နယ်မှုတွေ တစ်စက်ကလေးမှ မတွေ့ ရ။
ဒီလိုမြင်ကွင်းမျိုး တစ်သက်လုံးမြင်ရလိမ့်မယ်လို့ မျှော်လင့်မထားတဲ့ ကျွန်တော့်အတွက်တော့ အံ့ဩစရာဖြစ်ခဲ့တာ အမှန်ပါပဲ။ သူတို့ကိုကြည့်ပြီး အတွေးနယ်ချဲ့ရင်း နိုင်ငံတည်ထောင်ခြင်း၊ နိုင်ငံတည်ဆောက်ခြင်းဆိုတာတွေ အထိ ကြီးကြီးကျယ်ကျယ်တွေ တွေးမိနေပါသေးတယ်။
ဒီလို စွန့်လွှတ်စွန့်စားတဲ့သူတွေမရှိဘဲ နိုင်ငံသစ်တည်ထောင်ဖို့ ထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ သူတို့အားလုံးက ခက်ခဲပင်ပန်းမှုတွေ တစ်သွေးတစ်သံတစ်မိန့်အောက် ထိန်းချုပ်ခံရမှုတွေကို သတိမရပဲ လွတ်လပ်ပျော်ရွှင်နေပါတယ်။
ကျွန်တော့်မှာသာ အချုပ်အနှောင်ဆိုတဲ့ ကျဉ်းကြပ်မှုထဲ ရောက်နေတာပါ။
ကျွန်တော့်စိတ်တွေကလည်း တစ်ဖြည်းဖြည်းလွတ်လပ်လာပါပြီ။ ဒါမှမဟုတ် အတတ်နိုင်ဆုံး လွတ်လပ်စွာနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ သူပုန်အကျဉ်းသား ၃၁ ရက်ပြည့်တဲ့နေ့ပေါ့။
***
အပိုင်း (၁၂) ဆက်လက်ဖတ်ရှုပါရန်။
