(၂)
ကျွန်တော် သိလိုက်ပါပြီ။
အေအေတပ်ဖွဲ့ပဲ ဆိုတာ။
တစ်ချိန်တည်းမှာပဲ မောင်စိုးလင်းကို စက်ရှိန်လျှော့ဖို့ပြောလိုက်သလို ဘေးနားက အိန္ဒိယသားကိုလည်း…
“အာရကန် အာမီ…” လို့ လှမ်းပြောလိုက်ပါတယ်။
သူကလည်း ချက်ချင်းပင် ကျွန်တော့်မှာ ပတ်စပိုစ်ရှိတယ်ဆိုပြီး ပတ်စပိုစ်ကို လက်နဲ့မြှောက်ပြောပြောပါတယ်။
သူတို့ ဟွန်ဒါစက်လှေတွေ ကျွန်တော်တို့ စပိဘုတ်နားကပ်လာပြီး ဆိပ်ကမ်းဘက်ကို ဖြည်းဖြည်းမောင်းဖို့ ပြောပါ တယ်။ စပိဘုတ်ရပ်တာနဲ့ ချက်ချင်းပဲ…
“ဖုန်းတွေမဆက်ပါနဲ့…၊.. ဖုန်းတွေမဆက်ပါနဲ့…”
ပြောပြီး ကျွန်တော်တို့လက်ထဲက ဖုန်းတွေသိမ်းလိုက်ပါတယ်။
နောက် နှစ်မိနစ်လောက်အကြာမှာ နောက်ကလိုက်လာတဲ့စပိဘုတ်ကလည်း သေနက်သံ တဒိုင်းဒိုင်းကြားမှာပဲ ဆိပ်ကမ်းဘက် ကပ်လာပါတယ်။ သူတို့ရဲ့ဖုန်းတွေကိုလည်း သိမ်းလိုက်ပါပြီ။
အဖြစ်အပျက်က မြန်ဆန်လွန်းလှပါတယ်။ ဖြစ်စဉ်အားလုံးရဲ့ကြာချိန်က လေးမိနစ် မဟုတ်ရင် ငါးမိနစ်ပဲ ကြာလိမ့် မယ် ထင်ပါတယ်။
ဘာကြောင့်မှန်းမသိ၊ ကျွန်တော် စိုးရိပ်ထိတ်လန့်ခြင်းမရှိပါ။ စိတ်လှုပ်ရှားမှုလည်း မဖြစ်ခဲ့ပါ။
နိုင်ငံခြားသားတွေကို အဓိကစစ်ဆေးချင်လို့ ခဏတစ်ဖြုတ် ခေါ်တာပဲဖြစ်မယ်ဆိုပြီး စိတ်အေးလက်အေး ဖြစ်နေ သေးတာပါ။
ကျွန်တော်တို့ ကမ်းပေါ်ရောက်တယ်ဆိုရင်ပဲ နိုင်လွန်ကြိုးတွေနဲ့ လက်ပြန်ကြိုးချည်ဖို့ လုပ်ပါတော့တယ်။ ကျွန်တော်က အဲဒီလိုလက်ပြန်ကြိုးချည်တာတွေမလုပ်ဖို့ ရခိုင်လိုပြောပါတယ်။
“ကျွန်တော်ထွက်မပြေးပါဘူး… လူကြီးလူကောင်း တစ်ဦးအနေနဲ့ ညင်ညင်သာသာ လိုက်ခဲ့ပါမယ်…”
တစ်စပ်တည်းပဲ…
“ကျွန်တော် ချင်းပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ၊ ကျောက်တော်မြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်နဲ့ အင်မတန်ရင်းနှီးပါတယ်၊ မယုံရင် ဖုန်းဆက်မေးကြည့်ပါ…”
အဖွဲ့ခေါင်းဆောင်လို့ ထင်ရတဲ့သူကို ပြောလိုက်ပါတယ်။
တကယ်လည်း ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်(သာလီစွ)နဲ့ ကျွန်တော် အင်မတန် ခင်မင်ရင်းနှီးပါတယ်။
သူနဲ့က အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနဲ့ ယဉ်ကျေးမှုဆိုင်ရာကော်မတီမှာ လွှတ်တော်လုပ်ငန်းတွေ အတူတကွလုပ်ကိုင်ခဲ့ကြတာပါ။ သူက ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ကြယ်ပွင့်ပြမေးခွန်း အများဆုံးမေးမြန်းသူအဖြစ်လည်း လူသိများပါတယ်။
အေအေအဖွဲ့ခေါင်းဆောင်က ကျွန်တော်ပြောတာတွေကို အလေးထားပုံ မပေါ်ပါဘူး။ လက်ပြန်ကြိုးချည်ဖို့ လုပ်မြဲ လုပ်နေပါတယ်။
“ကဲ…ဒါဖြင့်လည်း လက်ပြန်တော့မချည်ပါနဲ့ဗျာ… ရှေ့ဘက်ကပဲ ချည်ပါ…” လို့ ပြောတော့မှ လက်နှစ်ဘက်ကို ရှေ့ဘက်ကကြိုးချည်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံးကို ရွာထဲခေါ်လာပါတယ်။
ရွာထဲရောက်တော့ ခြံဝင်းတစ်ခုထဲက အသင့်ချထားတဲ့ ပလပ်စတစ်ထိုင်ခုံပေါ်ထိုင်ခိုင်း၊ ဗွီဒီယိုမှတ်တမ်းယူပြီး သူတို့ရဲ့ အထက်အရာရှိတွေနဲ့ တိုက်ရိုက်ဆက်သွယ်သတင်းပို့နေပါတယ်။
အိန္ဒိယနိုင်ငံသား ခေါင်းဆောင်လုပ်သူက သူတို့အနေနဲ့ ရခိုင်တိုင်းရင်းသားတို့ရဲ့ ယုံကြည်ချက်ကြောင့် အခုလို ရခိုင့်တော်လှန်ရေးလုပ်တာကို ထောက်ခံပါကြောင်း၊ သူတို့က စီမံကိန်းဝန်ထမ်းတွေသာဖြစ်ပြီး နိုင်ငံရေးနဲ့ ပက်သက်ဆက်နွယ်နေသူတွေ မဟုတ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုပါကြောင်း စကားပြန်ကနေတစ်ဆင့် ပြောနေပါတယ်။
အေအေအဖွဲ့ခေါင်းဆောင်က အထက်လူကြီးတွေရဲ့ အမိန့်အရ ယခုလိုလုပ်ရတာဖြစ်လို့ စခန်းရောက်မှ လူကြီးတွေနဲ့ စကားပြောပါလို့ပဲ ပြန်ပြောပါတယ်။ ကျွန်တော်ကတော့ စကားတစ်ခွန်းမှ မပြောဖြစ်ပါ။
ရွာထဲမှာ အေအေတပ်ဖွဲ့အင်အား လေးငါးဆယ်လောက်က အနီးဝန်းကျင်တစ်ဝိုက် သေနတ်ကိုယ်စီနဲ့ လုံခြုံရေး ချထားတာကိုလည်း တွေ့ရပါတယ်။
ကျွန်တော်တို့ကို ရွာသားတွေက ဝိုင်းကြည့်နေကြရင်းနဲ့ ရေဆာမှန်းသိတော့ ရွာသားတွေက ရေတိုက်ပါတယ်။ ရေသောက်လိုက်မှပဲ မနက်ကတည်းက မနက်စာမစားလာသေးတာကို သတိရလာပြီး ဗိုက်ဆာလာပါတယ်။
နောက်တစ်ချက်ချင်းပြောရရင် ကျွန်တော့ဖုန်းကို ပါဝါပိတ်ခိုင်းပါတယ်။
စပိဘုတ်စက်တွေဖြုတ်၊ ဓါတ်ဆီပုံးတွေနဲ့အတူ ရွာထဲပြောင်းလိုက်ပါတယ်။
ရွာထဲမှာ တစ်နာရီခွဲလောက်နေပြီး ကျွန်တော်တို့အားလုံးကို ရွာရဲ့အနောက်ခြမ်း ပလက်ဝ-ကျောက်တော် ကားလမ်းဘက် တောလမ်းအတိုင်း ခေါ်သွားပါတယ်။
ကားလမ်းမကူးခင် ကွန်ကရစ်တံတားတစ်စင်းထိပ်မှာ “ကျောက်တန်းတံတား” လို့ ကမ္ဗည်းထိုးထားတာတွေ့တော့မှ ကျွန်တော်အဖမ်းခံရတဲ့နေရာက ကျောက်တန်းရွာမှန်း သိရပါတယ်။
ကားလမ်းကိုကျော်တော့ ရေစီးနှေးကွေးတဲ့ စမ်းချောင်းလေး တစ်ခုတွေ့ပါတယ်။ ချောင်းကလေးကိုဖြတ်ပြီး စား ကျက်မြေအလွန်မှာ ခဏရပ်ခိုင်းတော့ အဲဒီအချိန် ကျွန်တော့်လက်သူကြွယ်က ရွှေလက်စွပ်ကွင်းကလေးကိုဖြုတ်၊ ဇာမဏီရွက်(ဒေသအခေါ် ဝေလာရွက်)နဲ့ လုံးချေပြီး မြက်နည်းနည်းထူတဲ့ စားကျက်မြေပေါ်ပစ်ချလိုက်ပါတယ်။
ချွင်ကနဲ အသံမြည်ပါသေးတယ်။ ဘယ်သူမှတော့ သတိမထားမိကြ။
လက်ထဲမှာရှိနေတော့ အခန့်မသင့်လို့ သိမ်းသွားရင်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ပါ။ နောက် တစ်ရက်နှစ်ရက်အကြာ ပြန်လွတ်လာတော့မှ ပြန်ရှာမယ်ဆိုပြီး အနီးနားမှာရှိတဲ့ သစ်ပင်တစ်ပင်ကို စိတ်ထဲမှတ်သားလိုက်ပါသေးတယ်။ ဘာအပင်မှန်းတော့ မသိခဲ့ပါ။
ငါးမိနစ်လောက်ကြာတော့ အေအေတပ်ဖွဲ့ဝင်တစ်ဦးရောက်လာပြီး ရွာဆိပ်ကမ်းဘက် ပြန်သွားရမယ်ပြောလို့ အားလုံးလာလမ်းအတိုင်း ပြန်လှည့်လာကြ၊ ရွာထဲပြန်ရောက်တော့မှ ရွာလည်ဇရပ်မှာ ခဏနားကြပါတယ်။
အေအေအဖွဲ့ ခေါင်းဆောင်ကတော့ စကားပြောစက်နဲ့ အထက်လူကြီးဆီသတင်းပို့၊ ဟိုကညွှန်ကြားချက်လက်ခံ၊ လုပ်နေပုံပါပဲ။
အချိန်အတိအကျမသိရပေမယ့် ကျွန်တော့်စိတ်အထင် ဆယ့်နှစ်နာရီလောက်ရှိမယ် ထင်ပါတယ်။ မနက်စာစားချိန် က အချိန်တော်တော်လင့်လာပြီဆိုတာ ဗိုက်ထဲကတဂွီဂွီမြည်သံက သက်သေပြနေပါပြီ။
ခဏအကြာမှာ တစ်ယောက်မုန့်ထုပ်နှစ်ထုပ် ဝေပေးပါတယ်။ မုန့်စားပြီးတာနဲ့ ကျွန်တော်တို့အဖမ်းခံရတဲ့ ဆိပ်ကမ်းဆီ ပြန်ဆင်းလာကြရပါတယ်။ အဲဒီမှာ လာခေါ်မယ့်လှေမရောက်သေးတဲ့အတွက် နာရီဝက်လောက် စောင့်ရပါသေးတယ်။
ကျွန်တော်တို့စီးလာတဲ့ စပိဘုတ်တွေကိုတော့ အနောက်ဘက်ကမ်းမှာ ကပ်ထားတာတွေ့ရ တယ်။
စက်တွေကတော့ မရှိတော့ပါဘူး။
လာခေါ်မယ့် စက်လှေရောက်တော့ အိန္ဒိယသားတစ်ဦးက အသက်ကလည်းကြီး၊ ခန္ဓာကိုယ်ဝဝဖိုင့်ဖိုင့်ကြီး ဖြစ်နေတဲ့အပြင် ကျန်းမာရေးလည်းမကောင်းတော့ အမောဖောက်နေလို့ အေအေရဲဘော်တွေက စက်လှေပေါ် ဝိုင်းပြီး မ,တင်ပေးကြတယ်။
ပြီးတော့ ဖမ်းဆီးခံရတဲ့ ကျွန်တော်တို့နဲ့ အေအေရဲဘော် ငါးဦးက စက်လှေတစ်စီး၊ အေအေရဲဘော်တွေချည်း လိုက် လာတဲ့ စက်လှေတစ်စီး၊ ကုလားတန်မြစ်အစုန်အတိုင်း ကျောက်တော်ဘက် မြန်နှုန်းမြှင့်မောင်းနှင်လာပါတော့တယ်။
ခန့်မှန်း မောင်းနှင်ချိန် သုံးဆယ့်ငါးမိနစ်လောက်မှာ ကုလားတန်မြစ်အနောက်ဘက်ကမ်းက ရွာဆိပ်ကမ်းတစ်ခုဆီ ရောက်ပါတယ်။ အဲဒီအချိန် ပလက်ဝဘက်ကနေ စက်လှေအကြီးတစ်စီး ဆင်းလာတာတွေ့တော့ ကျွန်တော်တို့ကို လှေပေါ်ကနေ တက်သုတ်ရိုက်ဆင်းခိုင်းပါတယ်။
အဲဒီဆိပ်ကမ်းမှာ အေအေတပ်ကြပ်ကြီးဟင်္သာ(လျို့ဝှက်အမည်)က ရဲဘော်နှစ်ဆယ်လောက်နဲ့ အသင့်စောင့်ကြိုနေပါတယ်။ ကမ်းပေါ်ရောက်ရောက်ချင်း ကျွန်တော်တို့ ကိုးယောက်စလုံးကို လက်ထိပ်ခတ်ပါတယ်။
ရွာထဲဝင်တာနဲ့ လုံးဝဓါတ်ပုံမရိုက်ကြဖို့ သူ့ရဲဘော်တွေကို အဖွဲ့ခေါင်းဆောင်ဟင်္သာက တတွတ်တွတ်မှာကြားနေ ပါတယ်။ ရွာဦးဘုန်းကြီးကျောင်းနားရောက်တော့ ခဏနားပြီး ရွာသားတွေတိုက်တဲ့ရေကို အာသာငမ်းငမ်း သောက်ကြရပါတယ်။
ဆောင်းရာသီပေမယ့် နေ့လည်နေ့ခင်းဘက်ဆို ပူတာရယ်၊ တစ်နေကုန် ဟိုသွားလိုက် ဒီသွားလိုက်နဲ့ ပင်ပန်းနေတာရယ်၊ ပြီးတော့ ဗိုက်ဟောင်းလောင်းဖြစ်နေတာကြောင့် ရေကိုပဲ အငမ်းမရသောက်နေကြတာပါ။ ရွာသားတွေလည်း ကျွန်တော်တို့ကို လက်ထိပ်တန်းလန်းနဲ့ပေမယ့် ဘာကြောင့်မှန်းမသိ ကြည်ကြည်ဖြူဖြူနဲ့ ရေတိုက်နေတာကို သတိထားမိပါတယ်။
ဘာရယ်မဟုတ်ပေမယ့် အားနည်းတဲ့သူ၊ ဒုက္ခရောက်နေတဲ့သူအပေါ်ဆို ဂရုဏာသက်တဲ့စိတ်ထားက အလို အလျောက် ဖြစ်ပေါ်လာတတ်တဲ့သဘောလို့ ထင်ပါရဲ့။
ရေသောက်ပြီး စခန်းရှိရာဆက်သွားတော့ ကျွန်တော်နဲ့ယဉ်မောင်းနှစ်ယောက်က အစောင့်ရဲဘော်နှစ်ယောက်နဲ့ အတူ ရှေ့ကသွားနှင့်ပါတယ်။ အိန္ဒိယသားအဖွဲ့က နောက်မှာကျန်ရစ်ခဲ့တယ်။
ရွာထိပ်အကျော် လယ်ကွင်းတွေမဖြတ်ခင် ခဏနားတော့ မိနစ်အနည်းငယ်အကြာမှာ အိန္ဒိယသားလေးဦးနဲ့ စကားပြန်နှစ်ဦး ရောက်လာပါတယ်။ အိန္ဒိယသားနောက်တစ်ဦးက လမ်းမလျှောက်နိုင်လို့ နောက်မှာကျန်ရစ်ခဲ့တာဖြစ်ပြီး သူ့အိတ်ကို ဖွင့်ကြည့်တော့ အမျိုးအမည်မသိတဲ့ ကရိယာတစ်ခုတွေ့ရပါတယ်။
“ဒါဘာလဲ…” လို့ ကျွန်တော့်ကိုမေးတော့…
“သွေးချိုတိုင်းတဲ့ ကရိယာဖြစ်မှာ…” လို့ ဖြေလိုက်ပါတယ်။
အမျိုးသမီးက သူနာပြုဆိုတော့ ကျွန်တော်နည်းနည်းပါးပါးသိပါတယ်။ ဒါကို အချို့အေအေရဲဘော်တွေက GPS ဖြစ်နိုင်ကြောင်း ပြောသူကပြောကြပါတယ်။
ကျွန်တော် ထပ်မပြောတော့ပါ။ မောလည်းအတော်မောနေပါပြီ။
အပိုင်း(၃) ဆက်လက်ဖတ်ရှုပါရန်။
