ဆိုင်ဟားခရိုင် လုံပူးကျေးရွာ စစ်ရှောင်ပြည်သူများကို ဈေးရောင်းချခွင့် ပိတ်ပင်တားမြစ်
မေလ ၆ ရက်၊ ၂၀၂၅။
မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်၊ လုံပူးကျွေးရွာတွင် စစ်ရှောင်များ၏ ရောင်းချနေသည့် ဆိုင်ခန်းများကို ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းတွင် ကျေးရွာအာဏာပိုင် (VCP)နှင့် မရာလူငယ်အသင်းမှ တာဝန်ရှိသူများက ဈေးရောင်းခွင့်မပြုတော့ဘဲ ဆိုင်များကိုအပြီးသတ်ဖျက်ဆီးခိုင်းကြောင်း ယနေ့ မေလ ၆ ရက်နေ့တွင် စစ်ရှောင်များမှ သတင်းပေးပို့ချက်အရ သိရသည်။
စစ်ရှောင်များသည် အာသန်ရိုင်ဖယ် စစ်ဆေးရေးဂိတ်နားတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဈေးဆိုင်များဆောက်လုပ်ကာ ထမင်းဆိုင်၊ လဘက်ရည်ဆိုင်များ ဖွင့်လှစ်ရောင်းချခဲ့ပြီး ရောင်းအားအသင့်အသင့် ရှိလာသည့်အချိန်တွင် ကျေးရွာအာဏာပိုင် (VCP)နှင့် မရာလူငယ်အသင်းမှ တာဝန်ရှိသူများက ဈေးရောင်းချခွင့်မပြုကြောင်းနှင့် ဆိုင်ခန်းများကိုဖျက်ခိုင်းပြီး ယခုလက်ရှိမှာ ထိုနေရာတွင် လုံပူးကျေးရွာ ဒေသခံများက ဝင်ရောက်၍ ဆိုင်ခန်းများဆောက်လုပ် ရောင်းချနေကြကြောင်း လုံပူးကျေးရွာ စစ်ရှောင်များထံမှ သိရသည်။
“ရွာခံတွေက အစပိုင်းမှာတော့ ဈေးရောင်းဖို့ ခွင့်ပြုကြတယ်။ ဒါနဲ့ မရှိရှိတာလေးနဲ့ ဈေးဆိုင်ဆောက်လုပ်ပြီး ဈေးရောင်းကြတာ။ ဆိုင်ဖွင့်တာက အာသံရိုင်ဖယ် စစ်ဆေးရေးဂိတ်နားမှာပါ။ လက်ဖက်ရည်နဲ့ ထမင်းတွေ ရောင်းတဲ့ဆိုင်ပါ။ စစ်ရှောင်တွေရောင်းတဲ့ဆိုင်က ၆ ခုလောက် ရှိတယ်။ ဆိုင်က ရောင်းအားနည်းနည်း ကောင်းလာတဲ့အခါမှပဲ ဖျက်ခိုင်းတာ။ ဆိုင်တွေအားလုံးဖျက်လိုက်ရတယ်။ ဆိုင်ဖွင့်တာတောင် သိပ်မကြာသေးဘူး။ ဆိုင်ခန်းဆောက်လုပ်ခတောင်မကျေလိုက်ဘူး။ ပြီးတော့ စစ်ရှောင်တွေကို ဈေးရောင်းချခွင့်လည်း တားမြစ်လိုက်တယ်။ အခု အဲဒီနေရာမှာ လုံပူးဒေသခံတွေက ဆိုင်ခန်းဆောက်နေပြီး ဈေးရောင်းဖို့လုပ်နေတယ်။ စစ်ရှောင်တွေအနေနဲ့ ဒုက္ခရောက်ရတာပေါ့…” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
ပလက်ဝမြို့နယ်မှ မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် လုံပူးကျေးရွာတွင် ရောက်ရှိခိုလှုံနေထိုင်ကြသည့် စစ်ရှောင်ပြည်သူ အိမ်ထောင်စု ၁၃၂ စု ရှိပြီး အမျိုးသား ၃၀၃ ဦး၊ အမျိုးသမီး ၂၉၄ ဦး စုစုပေါင်းလူဦးရေ ၅၉၄ ဦး ရှိကြောင်း စစ်ရှောင်တာဝန်ခံထံမှ သိရသည်။
သတင်း – James Roe
Photo by Aik SangLa
ပုံစာ – မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင်၊ လုံပူးကျေးရွာရှိ စစ်ရှောင်းများနေအိမ်ကို တွေ့ရစဉ်။