မီဇိုရမ်ပြည်နယ် ခိန်ခုံကျေးရွာတွင် ပလက်ဝဒေသခံ စစ်ရှောင်ပြည်သူများ ဝမ်းလျှောဝမ်းပျက်ရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားနေပြီး အရေးပေါ်အကူအညီများလိုအပ်နေ
မေလ ၅ ရက်၊ ၂၀၂၅
မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟာခရိုင်၊ ခေခုံကျေးရွာတွင် ရောက်ရှိနေသည့် ပလက်ဝမြို့နယ်မှ စစ်ရှောင်ပြည်သူများသည် ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ငှက်ဖျားရောဂါ၊ အဟာရပြတ်လပ်ခြင်းနှင့် သွေးပေါင်ကျခြင်း စသည်တို့ ခံစားနေရကြောင်း ယနေ့ မေလ ၅ ရက်နေ့တွင် စစ်ရှောင်တာဝန်ရှိသူထံမှ သတင်းပေးပို့ချက်အရ သိရသည်။
ခေခုံ စစ်ရှောင်စခန်းတွင် ပြီးခဲ့သည် သုံးပတ်ခန့်ကတည်းကပင် ကလေးသူငယ်များ အပါအဝင် စစ်ရှောင်ပြည်သူ ၃၀ ဦးကျော်သည် ဝမ်းလျှောဝမ်းပျက်ရောဂါနှင့် ငှက်ဖျားရောဂါ ခံစားနေကြရကာ ကလေးသူငယ်များသည် အဟာရပြတ်လပ်နေကြပြီး အသက် ၄၀ နှင့်အထက် လူကြီးများသည်လည်း သွေးပေါင်ကျနေကြောင်း စစ်ရှောင်တာဝန်ရှိသူထံမှ သိရသည်။
“ကလေးတွေအပြင် လူကြီးတွေရော ဝမ်းပျက်ဝမ်းလျှောရောဂါ ပြင်းပြင်းထန်ထန် ဖြစ်နေကြတယ်။ ကလေးတွေက အဟာရပြတ်လပ်နေကြတယ်။ လူကြီးတွေကလည်း အဟာရပြတ်လပ်တဲ့အပြင် သွေးပေါင်တွေကျနေကြတယ်။ အိမ်ထဲကနေအိမ်ပြင်တောင် မထွက်နိုင်ကြဘူး။ သက်သာသွားတဲ့သူတွေတောင် နေရောင်ထဲထွက်ပြီး အလုပ်တွေလည်း ထွက်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ဒီမနက် စာရင်းကောက်ကြည့်တော့ ၃၀ ကျော်တောင်ရှိတယ်…” ဟု ခေခုံစစ်ရှောင်တာဝန်ခံက ခူမီးမီဒီယာကို ပြောသည်။
“ဆေးကုသဖို့လည်း ဆေးကလည်းမရှိဘူး။ အားဆေးတွေလည်း တအားဈေးကြီးတယ်။ အားဆေး တစ်ခါ ထိုးမယ်ဆိုရင် ရူပီး တစ်သောင်းရှစ်ထောင်လောက်တောင် ပေးရတယ်။ အာ့လောက်တောင်ဆိုတော့ ပိုက်ဆံမရှိကြဘူး။ ဒါတောင် ရတဲ့အခါမှပဲရတာ။ အကူအညီ တအားလိုအပ်နေပါတယ်။ ကူညီပေးမယ့် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ရှိရင် ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ ရောဂါဖြစ်တဲ့သူ သုံးလေးယောက်ဆို လောင်တလိုင်ဆေးရုံကိုတောင် ပို့နေရပြီ။ သူတို့လည်း ပိုက်ဆံရှိလို့ လောင်တလိုင်အထိသွားပြီး ဆေးကုသမှုခံယူနေတာ မဟုတ်ဘူး။ ရောဂါအခြေအနေက တအားကို ဆိုးရွားလာတဲ့အတွက် မရှိ ရှိတာလေးနဲ့ သွားကြတာ။ နှစ်ယောက်၊ သုံးယောက် လောက်တော့ အိမ်တိုင်းလိုလို ဖြစ်နေကြတာပဲ။ အသက် ၇၀ ကျော်တဲ့ အဖိုးအဖွားတွေအပြင် အသက်လေးငါးဆယ်ကျော်တွေလည်း ဖြစ်ကြတယ်။ အသက်သေဆုံးတာတော့မရှိပေမယ့် မသေရုံတမယ် ရောဂါဝေဒနာ ခံရတယ်..” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
စစ်ရှောင်ပြည်သူများသည် ဝမ်းပျက်ဝမ်းလျောရောဂါ ကုသမည့် ဆေးဝါးများမရှိခြင်း၊ ငှက်ဖျားသွေးဖောက်မည့် ကိရိယာများနှင့် ဆေးဝါးများမရှိခြင်းကြောင့် စစ်ရှောင်ပြည်သူများ ဒုက္ခအခက်အခဲများ ကြုံတွေ့နေကြရပြီး လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် ဆေးဝါးကုသပေးခြင်းနှင့် ဆေးဝါးများထောက်ပံ့ခြင်း စသည် အကူအညီအထောက်အပံ့များ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
ခေခုံကျေးရွာတွင် ချင်းပြည် ပလက်ဝမြို့နယ်ဒေသခံ စစ်ရှောင်များသည် အိမ်ထောင်စု ၁၃၉ စု ရှိပြီး အမျိုးသား ၂၅၀ ဦး၊ အမျိုးသမီး ၂၇၅ ဦး စုစုပေါင်းလူဦးရေ ၅၂၅ ဦး ရောက်ရှိနေထိုင်နေကြကြောင်း စစ်ရှောင်တာဝန်ခံထံမှ သိရသည်။
သတင်း – James Roe
Photo by Aik SangLa
ပုံစာ – ခိန်ခုံကျေးရွာ စစ်ရှောင်ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူနေပုံ။

