ပလက်ဝမြို့နယ်တွင် အေအေ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် Global Khumi Organization (GKO) က သဘောထားထုတ်ပြန်
မေလ ၅ ရက်၊ ၂၀၂၅။
ချင်းပြည်၊ ပလက်ဝမြို့နယ်အတွင်း အေအေတပ်ဖွဲ့ဝင်များ၏ကျူးလွန်သည့် စိမ့်စင်းကျေးရွာမုဒိမ်းမှုအပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း(War Crime)၊ လူသားမျိုးနွယ်စုတွေပေါ်ပြစ်မှုကျူးလွန်ခြင်း(Crime Against Humanity)နှင့် အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်သည့်အတွက်ကြောင့် Global Khumi Organization (GKO) က မေလ၃ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်ကို သိရသည်။

ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌ ၂၀၂၅ ခုနှစ်၊ဧပြီလ ၅ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်တွင် အသက် ၂၃ နှစ်အရွယ် ကလေးမိခင်တစ်ဦးကို အေအေတပ်ဖွဲ့ဝင် ၂ ဦးက မုဒိမ်းမှုကျူးလွန်ကာ ချောင်းထဲတွင် ရေနစ်သတ်ရန်ကြိုးစားခဲ့ခြင်းသည် အလွန်ရွံရှာဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း၊ ထိုနည်းတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် အသက် ၃၅ နှစ်အရွယ် ကလေးမိခင်တစ်ဦးကိုလည်း ရခိုင်စကားပြောတဲ့ လူတစ်စုက မုဒိမ်းမှုကျူးလွန်ပြီး ချောင်းကမ်းစပ်နားတွင် သတိလစ်မျော့သည့်အထိ ရိုက်နှက်ကာ ချောင်းကမ်းနံဘေးတွင် စွန့်ပစ်ခဲ့သည်ကို တွေ့ရှိရကြောင်း GKO က ထုတ်ပြန်ထားသည်။
ပလက်ဝမြို့နယ်၊ မောင်နှမကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကုန်သည် မိသားစုဝင် သုံးဦးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း ပလက်ဝမြို့ နယ်၊ မွန်ထောင့်ကျေးရွာအနီးတွင် လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ကာ စွန့်ပစ်ထားသည့် အလောင်းများကို တွေ့ရှိရကြောင်း GKO ကထုတ်ပြန်သည်။
ပလက်ဝမြို့နယ်တွင် ၂၀၂၄ ခုနှစ်အစောပိုင်းကာလမှစတင်၍ ဒေသတွင်းတိုက်ပွဲကြောင့် ခူမီးချင်းလူမျိုးအများအပြားသည် မိမိနေအိမ်မှ ခေတ္တစွန့်ခွါသွားကြပြီးနောက် ရခိုင်ပြည်ဘက်မှ ပြောင်းလာသည့် ရခိုင်လူမျိုးများအား အေအေတပ်ဖွဲ့က အိမ်ရှင်များထံမှ ခွင့်ပြုချက်မယူဘဲ နေစေခိုင်းခြင်းနှင့် မီးဇာနှင့် ဉဿလင်းဝကြားတွင်ရှိသည့် တောအုပ်ကြီးနေရာကို ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်လူမျိုးများ အိမ်ခြေ ၅၀၀ ခန့်ကို ဒေသခံများ၏နေရာကို လုယူ၍ အေအေက အခြေချစေခြင်းအပေါ် လွန်စွာစိုးရိမ်မိကြောင်း GKOက ထုတ်ပြန်သည်။
ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ကျီးဝကျေးရွာမှ အသက် (၃၂)နှစ်အရွယ် ဦးငြိမ်းပြေ (မသန်စွမ်းသူ)ကို နေအိမ်မှ အေအေက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မည်သည့်အဆက်အသွယ်မှ မရရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ အေအေက ဖမ်းဆီးထိန်းသိမ်းထားသူ ၆၀ ကျော်ရှိပြီး ၃၀ ကျော်သာ ပြန်လွှတ်ပေးခဲ့ကြောင်း GKO ထုတ်ပြန်ချက်တွင် ပါရှိသည်။
အေအေတပ်ဖွဲ့သည် ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဆရာ/မများကို ဆေးဝါးကုသခွင့်ပိတ်ပင်ထားသည့်အပြင် ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့ပေါ်မှ ပြည်သူ့ဆေးရုံရှိဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများကို ရခိုင်ပြည်ဘက်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ထို့အပြင် အေအေတပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ်လမှစတင်၍ လူစုလူဝေးပြုလုပ်ခြင်းကို ပိတ်ပင်တားဆီးထား သည့်အပြင် ဒေသခံချင်းခရစ်ယာန်များ၏ တနင်္ဂနွေနေ့ ဘုရားဝတ်ပြုခွင့်ဆုံးရှုံးလျက်ရှိကြောင်း GKO ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ကြောင့် GKOအနေဖြင့် သဘောထားထုတ်ပြန်ထားသည်မှာ အေအေတပ်ဖွဲ့ဝင်နှစ်ဦးက ခူမီးချင်းအမျိုးသမီးတစ်ဦးကို ရည်ရွယ်ချက်ရှိရှိ အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ရန်ကြံစည်မှုအပေါ် ပြင်းထန်စွာရှုပ်ချတဲ့ကြောင်း၊ တရားခံမပေါ်သည့် လူသတ်မှုများ နောက်နောင်လုံးဝ မဖြစ်ပွားအောင် ဆောင်ရွက်ရန် အလေးနက်တိုက်တွန်းကြောင်း၊ ရခိုင်ပြည်နယ်မှဖြစ်စေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဖြစ်စေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အေအက ရခိုင်လူမျိူးများကို နေရာချထားပေးခြင်းသည် ဌာနေခူမီးချင်းလူမျိုးများအား စနစ်တကျ မောင်းထုတ်ရန် ကြံစည်ခြင်းဖြစ်၍ ယင်းလုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း၊ ၂၀၁၉ ခုနှစ်မှ ယနေ့အထိ ဆက်လက်ထိန်းသိမ်းခံနေရသည့် ဒေသခံ (၂၀)ကျော်ကို အမြန်ဆုံး လွှတ်ပေးရန်၊ အေအေအနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် ကျန်းမာရေး ဆရာ/ ဆရာမများကို ကျန်းမာရေး စောင့်ရှောက်ကုသခွင့်ပေးရန် တိုက်တွန်းကြောင်းနှင့် ဗုဒ္ဓဘာသာဝင်များကို ဘာသာရေးလွတ်လပ်ခွင့် ပေးသည်နည်းတူ ခရစ်ယာန်ဘာသာဝင်များကိုလည်း ဘာသာရေးလွတ်လပ်ခွင့်ပေးရန် တိုက်တွန်းကြောင်း GKO က သဘောထား ထုတ်ပြန်ထားသည်ကို သိရသည်။
သတင်း – James Roe
