ပလက်ဝမြို့နယ်အတွင်း CHO နှင့် ပလက်ဝကောင်စီ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေ

ပလက်ဝမြို့နယ်အတွင်း CHO နှင့် ပလက်ဝကောင်စီ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေ

ဇွန်လ ၅ ရက်၊ ၂၀၂၅။

ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ပလက်ဝကောင်စီထိန်းချုပ်နယ်မြေအတွင်း ကလေးသူငယ်များအတွက် ရွာစဉ်အ လိုက် တတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ငှက်ဖျားရောဂါဖြစ်ပွားနေသူများအား သွေးဖောက်စစ်ဆေး ပေးခြင်းနှင့် ဆေးကုသပေးခြင်း…စသည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို Chin Health Organization (CHO)နှင့် ပလက်ဝကောင်စီ ကျန်းမာရေးဌာတို့ပူးပေါင်းကာ မေလကုန်ပိုင်းမှစ၍ ယခုလ ဇွန်လတွင် ပြုလုပ်ပေး နေကြောင်း ဒေသခံများထံမှ ယနေ့ ဇွန်လ ၅ ရက်နေ့တွင် သိရသည်။

ပလက်ဝကောင်စီနယ်မြေအတွင်း ရွာပေါင်း ၆၅ ရွာကို Chin Health Organization (CHO) အဖွဲ့နှင့် ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းပြီး မွေးကင်းစအရွယ်မှစ၍ ၅ နှစ် အထိ ကလေးသူငယ်များကို ပိုလီယိုကာ ကွယ်ဆေး(OPV-Oral Polio Vaccines)၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါကာကွယ်ဆေး (Rotavirus Vaccines)၊ ဝက်သက်ကာကွယ်ဆေး၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး (MMR – Measles, mumps and Rubella vaccines)၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)၊ ဟေမိုဖီးလပ်စ် ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ (Pentavalent Vaccine)… စသည့် ကာကွယ် ဆေးထိုးနှံခြင်းနှင့် တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း TT ကာကွယ်ဆေးထိုးခြင်း (TTဆေးကို မမွေးခင် ၂ ကြိမ်ထိုးရသည်)၊ ကိုယ်ဝန်ဆောင် မိခင်များအတွက် အဟာရနှင့် လက်မောင်းအပတ် တိုင်းတာခြင်း၊ အဟာရပြတ်တောက်သည့်ကလေးများကို အဟာရအစားအစာ တိုက်ကျွေးခြင်းနှင့် သံဓာတ်အား ဆေးပေးဝေခြင်း… စသည်များကို ရွာစဉ်အလိုက် ဆောင်ရွက်ပေနေကြောင်း ပလက်ဝကောင်စီ၊ ကျန်းမာရေး ဌာနမှူးထံမှ သိရသည်။

ထို့အပြင် မိုးဦးကာလရောက်လာသည့်အတွက် ပလက်ဝမြို့နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသည့် ဒေသခံများကို သွေးဖောက်စစ်ဆေးခြင်း၊ ငှက်ဖျားဆေးများ တိုက်ကျွေးခြင်း၊ ဆေးကုသပေးခြင်းနှင့် မိုဘိုင်းဆေးခန်းများကို ဖွင့်လှစ်ကာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ရင်ကြပ်…စသည့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပြီး  ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများလည်း ရွာစဉ်အလိုက် ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ဆရာမတွေက ရွာတိုင်းမှာ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးတွေ ထိုးပေးကြတယ်။ သုံးကြိမ်ရှိသွားပြီ။ ပြီးတော့ ငှက်ဖျားရောဂါတွေလည်း ရွာတွေမှာဖြစ်ကြတော့ ငှက်ဖျားစစ်ဆေးပေးပြီး ဆေးတွေ လည်း ကုသပေးတယ်။ တခြားနေမကောင်းတာတွေလည်း ကုပေးတယ်။ ဟောပြောပွဲတွေလည်း လုပ်တယ်။ ဒီဘက်မှာ ကျန်းမာရေးအထောက်အပံ့ မရတာကြာပြီ။ ဒီနှစ် ၂၀၂၅ ခုနှစ် ထဲမှာပဲ ပြန်ပြီးရတယ်။ အခုလို လာပြီးတော့ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးတဲ့အတွက် အင်မတန် ကျေးဇူးအထူး တင်ရှိပါတယ်။ ရှေ့ဆက်ပြီး ကျန်းမာရေးစောင့်ရှောက်တာတွေ၊ အထောက်အပံတွေ အများကြီးလိုအပ်နေပါ သေးတယ်…” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ခူမီးမီဒီယာကို ပြောသည်။

“အခုလို ခက်ခဲတဲ့အခြေအနေမှာ ကလေးသူငယ်တွေရဲ့ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမားရေးနဲ့ ဒေသခံ ပြည်သူတွေအားလုံးရဲ့ ကျန်းမာရေးအတွက် Chin Health Organization (CHO)နဲ့ ပလက်ဝကောင်စီ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးတာ တတိယအကြိမ်အထိ ရှိသွားပါပြီ…”

“ပထမအကြိမ်ကို မတ်လ၊ ဒုတိယအကြိမ်ကို ဧပြီလနဲ့ တတိယအကြိမ်ကို မေလနောက်ဆုံးအပတ်ကစလို့ အခုလ ဇွန်လအထိ ပြုလုပ်ပေးနေပါတယ်။ ငှက်ဖျားဖြစ်ပွားနှုန်းက ဆတိုးပိုများလာတယ်။ ရွာတိုင်းရွာတိုင်း ဖြစ်နေ တယ်။ ၇၀၊ ၇၅ ရာခိုင်နှုန်းက ငှက်ဖျားရောဂါဖြစ်ကြတယ်။ လူဦးရေအားဖြင့် အတိအကျတော့ ပြောရခက်တယ်။ ပလက်ဝမြို့နယ်ဆိုတာ ဟိုအရင်ကတည်းက ငှက်ဖျားရောဂါဖြစ်တဲ့ နယ်မြေဆိုတော့လေ…”

“အသေအပျောက်ကတော့ ဒီဘက်မှာတော့ လောလောဆယ်မရှိသေးဘူး။ ငှက်ဖျားဖြစ်ပွားမှုနှုန်းများတဲ့အတွက် CHO က ငှက်ဖျားရောဂါစစ်တဲ့ကိရိယာနဲ့ ဆေးဝါးတွေကို ပုံမှန်ထောက်ပံ့ပေးနေပါတယ်။ ခုက မိုးဦး၊ မိုးတွင်း ကာလ ရောက်လာပြီဆိုတော့ ဝမ်းရောဂါအတွက်လည်း စိုးရိမ်ရတယ်။ ဒီအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပေးဖို့ ပြင်ဆင်ထားပြီးပြီဖြစ်တဲ့အတွက် ဒီလ(ဇွန်လ)ထဲမှာ လုပ်မယ်။ ဒါကြောင့် ပြည်သူ တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုမှာ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါ တယ်…” ဟု ကျန်းမာရေးဌာနမှူးမှ ခူမီးမီဒီယာသို့ ပြောသည်။

Chin Health Organization (CHO) နှင့် ပလက်ဝကောင်စီ၊ ကျန်းမာရေးဌာနမှ ကျေးရွာ ၆၅ ရွာရှိ ကလေးသူငယ် ၁၁၁၉ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်များကို တတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် ပြည့်မီစွာ ထိုးနှံနိုင်ခဲ့ကြောင်းနှင့် ငှက်ဖျားရောဂါအပါအဝင် တခြားကျန်းမာရေး စောင့်ရှောက်မှု များ အကောင်အထည်ဖေါ်ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်သည် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အထောက်အပံ့များ အာဏာမသိမ်းမီ ကာလ ကတည်းက လိုအပ်မှုများ၊ အားနည်းမှုများနှင့် လက်လှမ်းမမီနိုင်မှုများစွာရှိသည့် ဒေသဖြစ်ပြီး ဒေသတွင်း တိုက်ပွဲ ပြင်းထန်လာသည့်နောက်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများပြတ်တောက်သွားရကာ ဒေသခံပြည် သူများအတွက် အခက်အခဲများစွာကြုံတွေ့ရကြောင်း သိရသည်။

သတင်း – James Roe

Photo by Raiki Kaseaung

Leave a Reply

Your email address will not be published. Required fields are marked *