သက်ငယ်မုဒိန်းနှင့်လူသတ်သမား သံသယတရားခံများကို AA က ဖမ်းဆီးစစ်ဆေးနေ
ဇွန်လ ၈ ရက်၊ ၂၀၂၅။
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အတင်းအဓမ္မ ပြုကျင့်ကာ သစ်ပင်တွင် တွဲလောင်းချသတ်ဖြတ်ခဲ့သည့် လုပ်ရပ်ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့က ကျူးလွန်ခဲ့ပြီး ကျူးလွန်သူ ၈ ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း သိရသည်။
အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရသည့် ဖားပြိုကျေးရွာမှ မအိအိဆန်းအတွက် မိသားစုဝင်များနှင့် ရွာသူ/ရွာသားများ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများက ပြစ်မှုကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူပေးရန် တောင်း ဆိုခဲ့ကြပြီး ပြစ်မှုကျူးလွန်သူ သံသယတရားခံ ၈ ဦးကို ဖမ်းဆီးစစ်ဆေးမှုပြုလုပ်ကာ တရားစွဲဆိုထားကြောင်းနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မိန်းကလေးငယ်မှာ နေအိမ်၌ အိမ်သာမရှိသည့်အတွက် ရွာအပြင် လယ်တောအနီး ခြုံထဲတွင် အိမ်သာတက်ရန် သွားရောက်သည့်အချိန် အဓမ္မပြုကျင့်ခံခဲ့ရပြီး နှိပ်စက်မှုလည်းခံခဲ့ရကာ သစ်ပင်တွင် ဆွဲကြိုးချ၍ အသက်ခံခဲ့ရ ခြင်းဖြစ်ကြောင်း၊ မိန်းကလေးငယ်ရုပ်အလောင်းကို မင်းပြားမြို့ဆေးရုံကြီး၌ ခွဲစိတ်စစ်ဆေးရာ ဆရာဝန်ကြီး၏ ဆေးစစ်မှတ်ချက်တွင် “ကလေး သေတာက နှိပ်စက်ခံရတုန်းက မသေသေးဘူး။ ကြိုးနဲ့သစ်ပင်မှာ ချဆွဲခဲ့ပြီးမှ လည်ပင်းအစ်ပြီး သေသွားရတာလို့ ဆရာဝန်က မှတ်ချပေးပါတယ်။ တရားခံဖြစ်သူတွေကိုတော့ ကြီးလေးတဲ့ အပြစ် ပေးစေချင်တယ်ပါတယ်…” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက Western News သို့ ပြောသည်။
အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့်နေ့တွင်ပင် တစ်ရွာတည်းနေ မောင်မြသန်း(အသက် ၃၀ ကျော်) ကို AA ရဲတပ်ဖွဲ့က ပထမဆုံး ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက်တွင် သံသယတရားခံ ၈ ဦးအထိ ဖမ်းဆီးထားခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန် သူများအား အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးရန် အရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က မေလ ၁၁ ရက်နေ့တွင် တောင်းဆို လိုက်ပြီး ယင်းလုပ်ရပ်အား ထိတ်လန့်တုန့်လှုပ် ဝမ်းနည်းကြေကွဲရကြောင်း၊ ကျူးလွန်သူက မူးယစ်ဆေးဝါး သုံးစွဲထားခြင်း၊ အရက်သေစာ သောက်စားထားခြင်း၊ စိတ်ပုံမှန်မဟုတ်ခြင်း… ဆိုသည့် ပြစ်ဒဏ်လျော့ပေါ့စေရန် အကြောင်းပြချက်မျိုးကို လက်မခံကြောင်း တောင်းဆိုထားသည်။
သတင်း – James Roe
News Source – Western News
