ရွှေလိုင်ပွီကျေးရွာမှ သေဆုံးသူဒေါ်တောင်ရီမှာ လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်ခံရပြီး အသက်ခံရခြင်းဖြစ်
ဇွန် ၉ ရက်၊ ၂၀၂၅။
ပလက်ဝမြို့နယ်၊ ရွှေလိုင်ပွီကျေးရွာမှ ဒေါ်တောင်ရီမှာ သာမန်ရေနစ်သေဆုံးခြင်းမဟုတ်ဘဲ လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ခံရပြီး အသက်ခံရခြင်းဖြစ်ကြောင်း ယနေ့ဇွန်လ ၉ ရက်နေ့ နောက်ဆက်တွဲသတင်းအရ သိရသည်။
မေလ ၂၆ ရက်နေ့က တောင်ယာသွားရင်း ပျောက်ဆုံးသွားသည့် ဒေါ်တောင်ရီ၊ အသက် ၆၈ နှစ်၏ ရုပ်အလောင်းကို မေလ ၃၀ ရက်နေ့ ညနေပိုင်းက တာကိုအကလိန်ရွာအောက်ဖက် ယင်မဒေါက်မိုက်ဖူအနီး ကုလက်ချောင်းထဲက ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အေအေအုပ်ချုပ်ရေးတာဝန်ရှိသူများက ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်တောင်ရီ၏ မွေးချင်းဖြစ်သူတစ်ဦးက “အလောင်းကို ကုလက်ချောင်းထဲက ပြန်ဆယ်တဲ့ရွာသားတွေပြောပြချက်အရတော့ ညှဉ်းပမ်းနှိပ်စက်ခံရတဲ့လက္ခဏာတွေအများကြီး တွေ့ရတယ်တဲ့၊ ဦးခေါင်းမှာ ဒဏ်ရာတွေရှိတယ်၊ ဆံပင်တွေကိုလည်း ရိတ်ထားတယ်၊ ချက်အပေါ်နားမှာ ဓားထိုးသွင်းတဲ့ဒဏ်ရာရှိတယ်၊ မိန်းမကိုယ်ကိုလည်း လှီးဖြတ်ထားတယ်၊ သားအိမ်လည်းအပြင်ထုတ်ပလိုက်တယ်၊ ပြီးတော့လက်ချောင်းကြား၊ ခြေချောင်းကြားတွေကိုလည်း ဓားနဲ့လှီးထားတယ်တဲ့၊ အလောင်းဆယ်တဲ့သူတွေ မြင်ခဲ့ရတာကို ပြောပြတာ…” ဟု ခူမီးမီဒီယာသို့ ပြောသည်။
“သူ တောင်ယာသွားတဲ့မနက်က အေအေရဲဘော် သုံးလေးယောက်လောက်ကလည်း ဟင်းစားရှာမယ်ဆိုပြီး တောထဲဝင်သွားတာ၊ သူ့နောက်ကလိုက်သွားတာ ရွာသားတွေမြင်လိုက်တာတွေရှိတယ်၊ ဆွေမျိုးတွေရောက်လာပြီး အလောင်းကိုဓာတ်ပုံရိုက်မယ်ဆိုတာ အေအေတာဝန်ရှိသူတွေက ခွင့်မပြုဘူး၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ စိတ်မကောင်းဖြစ်မှာစိုးလို့ ရိုက်ခွင့်မပေးတာလို့ ပြောတယ်တဲ့…” ဟု သူကဆက်ပြောသည်။
ဒေါ်တောင်ရီသေဆုံးမှုနောက်ပိုင်းတွင် ရွားသားများအနေဖြင့် များစွာထိတ်လန့်ကြောက်ရွံ့နေကြကြောင်းသိရပြီး တရားမျှတမှုကို လိုချင်သော်လည်း တောင်းဆိုရန်ခက်ခဲနေကြောင်း၊ လက်ရှိနယ်မြေထိန်းချုပ်ထားသည့် အေအေအုပ်ချုပ်ရေးအဖွဲ့က မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်မည်ဆိုသည်မှာ သူတို့၏သဘောထားအတိုင်းသာဖြစ်ကြောင်း ဒေါ်တောင်ရီ၏ မွေးချင်းဖြစ်သူက ပြောသည်။
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ အေအေထိန်းချုပ်နယ်မြေအတွင်း မုဒိန်းမှု၊ မုဒိန်းကျင့်လူသတ်မှု၊ သုံးလောင်းပြိုင်လူသတ်မှုနှင့် လူမဆန်စွာညဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး အေအေတပ်ဖွဲ့တာဝန်ရှိသူများ၏ ပွင့်လင်းမြင်သာမှုရှိသည့် အရေးယူမှုများကို မတွေ့မြင်ရသေးကြောင်း၊ ထို့အပြင် ယခုကဲ့သို့ အများပြည်သူမသိရှိရသေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိနိုင်ကြောင်း ခူမီးမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ တာဝန်ရှိသူတစ်ဦးက ခူမီးမီဒီယာသို့ ပြောသည်။
သတင်း- ဆလိုင်းခူသေ့