နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) (၁) နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ကျင်းပမည်
စက်တင်ဘာလ ၉ ရက်၊ ၂၀၂၅။
နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) တည်ထောင်သည့် (၁) နှစ်ပြည့် အထိမ်းအမှတ်ကို Zoom Application မှ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) က ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ဖိတ်ခေါ်ထားသည်။
နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) သည် အခြေအနေ အမျိုးမျိုးကြောင့် နေရာဒေသ အသီးသီး၌ ပျံနှံ့ရောက်ရှိနေကြသော ခူမီးလူငယ်မောင်မယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဖက်ဖက်တွင် အတူတကွ စုပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် (၁) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို လာမည့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။
နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) (၁) နှစ်ပြည့် အထိမ်းအမှတ်တွင် personal အားဖြင့်၊ အဖွဲ့အစည်းအားဖြင့် နေရာဒေသအသီးသီးမှ ဖိတ်ကြားထားသည့် လူကြီးမင်းများအနေဖြင့် တက်ရောက်ပေးရန် ဖိတ်ကြားထားသည်။
နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA) သည် အမျိုးသားရေးဆိုင်ရာကိစ္စရပ်များကို လူငယ်အခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အရည်အချင်းပြည့်ဝသည့် အနာဂါတ်လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် မျှော်မှန်းသည်။
GKYA ၏ ရည်ရွယ်ချက်များမှာ ပြည်တွင်း၊ ပြည်ပရှိ ခူမီး(ချင်း) လူငယ်များ အချင်းချင်း အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူပေါင်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ ပလက်ဝခရိုင်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမူရေးဆိုင်ရာ အခြေခံ လိုအပ်ချက်များကို တစ်တက်တအား ကူညီဆောင်ရွက်နိုင်ရန် ဖြစ်သည်။
ပလက်ဝမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာများကို တစ်စိုက်မတ်မတ်စောင့်ကြည့်ကာကွယ်သွားရန်၊ အမျိုးသားရေး သမိုင်းပေးတာဝန်များကို ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်သည့် အနာဂတ် ခူမီး(ချင်း)လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာစေရန် ဖြစ်သည်။
နိုင်ငံတကာရောက် ခူမီး(ချင်း) လူငယ်မောင်မယ်များ ပိုမိုစည်းလုံးစေရန်၊ နှစ်စဥ်နှစ်တိုင်း တွေ့ဆုံပွဲများ၊ အားကစားပွဲများ၊ စာပေဟောပြောပွဲများ နှင့် နေ့ထူးနေ့မြတ်ရက်များတွင် ခူမီးရိုးရာယဥ်ကျေးမှုအကများ (ရံပုံငွေရှာဖွေမူ) ဖြင့် အမြဲကြိုးစားပါဝင်ရန် ဖြစ်သည်။
နိုင်ငံတကာရောက် ခူမီးလူမျိုး IDPs များအတွက် GKYA (Global Khumi Youth Association) အနေဖြင့် လိုအပ်သော လူမူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် (အခွင့်အလမ်းများ)ကို အဖြေရှာ ဖြေရှင်းနိုင်အောင် ကြိုးစားသွားရန်နှင့် နိုင်ငံတကာရှိ ခူမီး (ချင်း) လူမျိုးများ မိမိတို့၏ စာပေနှင့် ရိုးရာယဥ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန် တို့ဖြစ်သည်။
သတင်း – James Roe
